ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၄ (မော်ကွန်း)
ဧပြီ ၁ရက်က ဆားလင်းကြီးမြို့နယ်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးရင်း ကံကုန်းကျေးရွာက ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးသွားကာ ယာခင်းထဲမှာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့က ဖမ်းသွားပြီး မုံရွာ န.မ.ခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကို ခေါ်သွားတယ်ပဲ မှတ်တာ၊ ဒီမနက်အလောင်းတွေ့မှ အတော်စိတ်မကောင်းဖြစ်ရတယ်”လို့ ဒေသခံက ပြောပါတယ်။
အသတ်ခံရသူဟာ ဆားလင်းကြီး၊ ကံကုန်းရွာက အသက် ၅၀ အရွယ် ကိုနိုင်ဆိုသူဖြစ်ကာ လက်ပံတောင်းတောင်၊ စီနိုဟိုက်ဒရိုကုမ္ပဏီ Workshop ဌာနက ဝန်ထမ်းဖြစ်ပါတယ်။
သူ့ကိုဖမ်းသွားတဲ့နေ့က အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီး၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ရိက္ခာသယ်ယူဖို့နဲ့ စီမံကိန်းက တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးအကြောင်းပြကာ ပုသိမ်-မုံရွာလမ်းမ ဘေးဝဲယာတလျှောက် စစ်ကြောင်းထိုးနေခဲ့တာပါ။
ဒီလို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက တရုတ်လူမျိုးတွေရဲ့ သွားလာမှု၊ ကြေးနီကားတွေရဲ့ လုံခြုံရေးကိုအကြောင်းပြ၊ စစ်ကြောင်းထိုးတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမြဲတမ်းလုပ်နေကျဖြစ်ပြီး ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အသတ်ခံရသူ ကိုနိုင်ကို ကံကုန်းရွာအထွက်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဧပြီ ၃ ရက်မှာတော့ သူ့ရဲ့အလောင်းကို ယာကွင်းထဲက ကိုင်းပင်တွေနားမှာ ရွာသားတွေကတွေ့ရှိခဲ့တာပါ။
ဖမ်းဆီးသွားချိန်မှာ ရွာထဲက လက်ဖက်ရည်ဆိုင်မှာ ကိုနိုင်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေက
နှိပ်စက်ခဲ့ပြီး ဆိုင်ထဲမှာ သွေးစ၊ သွေးကွက်တွေလည်းတွေ့ရတယ်လို့ ဒေသခံကပြောပါတယ်။
အသတ်ခံရတဲ့ ကိုနိုင်မှာ ဇနီးဖြစ်သူနဲ့ သားနှစ်ဦး၊ သမီးနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။
ကံကုန်းရွာမှာ ကိုနိုင်လိုပဲ ဧပြီ ၁ ရက်က ဖမ်းဆီးသတ်ဖြတ်ခံရသူတစ်ဦးလည်းရှိကာ သူ့ကိုအာဏာသိမ်းစစ်တပ်က တွေ့တွေ့ချင်းမှာပဲ ပစ်သတ်ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ သေဆုံးရတဲ့ပြည်သူဟာ အနည်းဆုံး ၃,၂၀၀ ကျော်ရှိလာပါပြီ။
ပုံစာ – သတ်ဖြတ်ခံရသူ ကိုနိုင်
ဓါတ်ပုံ – Mawkun Magazine
#Dailynews

