ရန်ကုန် – ၂၀၂၂ ဇွန် ၂၂ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် သမကုန်းမှာ ဒီနေ့လည်ပိုင်းက ဒလန်ရှင်းလင်းပြီး ဆုတ်ခွါတဲ့ PDF ရဲဘော်နှစ်ဦးကို ခါးပိုက်နှိုက်အထင်နဲ့ ဖမ်းမိသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ဒလန်ရှင်းလင်းဖို့ လာတဲ့ PDF နှစ်ဦးမှာ တစ်ယောက်တစ်နေရာစီ ထွက်ပြေးကြတာဖြစ်ပြီး ပထမတစ်ဦးကို သမကုန်းမီးပွိုင့်အနီးရှိ မွှေးနဲ့အားမာန် ကားမှတ်တိုင်ကြားမှာ ဆိုင်ကယ်နဲ့လိုက်ပြီး ဖမ်းမိသွားတာ ဖြစ်တယ်လို့ အဆိုပါသူက ပြောပါတယ်။
“ (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကကောင်တွေ ဆိုင်ကယ်နဲ့ လိုက်တာ။ ပြီးတော့ ပါးစပ်ကအော်တယ်။ ခါးပိုက်နှိုက် လွတ်သွားလို့ ဖမ်းကြ ဖမ်းကြဆိုပြီးအော်တာ။ အဲ့မှာလူတွေကလည်းမသိတာနဲ့ ဝိုင်းလည်းဖမ်းလိုက်ရော ပြီးမှ PDF ရဲဘော်လေးဖြစ်နေတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောတာပါ။
(၉) ရပ်ကွက် ကုလားကြီးစုရွာထဲရှိ စစ်ကောင်စီ သတင်းပေးတစ်ဦးကို လာရောက် ရှင်းလင်းတာဖြစ်ပြီး အဲ့ဒီသတင်းပေးမှာ အနည်းငယ်သာ ထိခိုက်သွားတယ်လို့ ဆိုပါတယ်။
“ဒုတိယ ရဲဘော်ကြတော့၊ ၁၀ ရပ်ကွက် ဓမ္မာရုံနားမှာမိတာ၊ သူတို့က ရိုက်နှက်တာ၊ အဲ့တာ လဲမကျလို့ဆိုပြီး ခြေထောက်ကိုလေးခွတွေနဲ့ ပစ်ကြတယ်” လို့ အဲ့ဒီလူက ဆက်ပြောပါတယ်။
အဲ့ဒီဖြစ်ပွါးမှုနဲ့ပတ်သတ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိမှာတော့ လှိုင်သာယာမြို့နယ် (၉) ရပ်ကွက်နဲ့ (၁၀) ရပ်ကွက်မှာ စစ်ကောင်စီမှ ကင်းလှည့်တာတွေ ရှိနေပြီး ဧည့်စာရင်း ဝင်စစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။
ပုံစာ- လှိုင်သာယာ သမကုန်းမီးပွိုင့်အနီး မွှေးနဲ့ အားမာန် ကားမှတ်တိုင်ကြား၊ အနော်ရထာလမ်းမ
#Dailynews

