မိုးကုတ် – ၂၀၂၅ မေ ၃ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက်၊ ကသဲအနောက်ဘုန်းကြီးကျောင်းအနီးကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့မနက် ၉း၀၀ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာကြောင့် လမ်းခင်းနေတဲ့ ပန်းရံဆရာတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပ.က.ဖဆီက သိရပါတယ်။
” အခင်းနေရာမှာရှိတဲ့ ကိုနောင်နောင်ကတော့ ထိခိုက်ဒဏ်ရာပြင်းထန်တယ်၊ ကသဲ ဆုတောင်းပြည့်ဘုရားနားမှာ လမ်းခင်းနေတဲ့ ပန်းရံဆရာ ကတော့ခေါင်းပြတ်သွားတယ် “လို့ မိုးကုတ်မြို့ နယ် ပကဖကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဗုံးစထိမှန်သေဆုံးသူက မိုးကုတ်အနောက်ပိုင်း ကသဲတောင်ပေါ်ကုန်းရပ်ကွက်ကဖြစ်ပြီး ဗုံးကြဲခံရတဲ့နေရာအနီးမှာ မင်္ဂလာဆောင်တစ်ခုရှိပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့မြို့ခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကမနေ့ည ၁၁နာရီ ဝန်းကျင်မှာ မိုးကုတ်မြို့အရှေ့ပိုင်း ဗမွန်ရွာနဲ့ အနောက်ပိုင်း အုတ်အင်းရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့်လူထိခိုက်မှုမရှိခဲ့ဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့ သစ်စိမ့်ကုန်းရွာနဲ့ ကျောက်ပုတ်ရွာတို့ကိုလည်း ဧပြီ ၃၀ ရက်မှာ စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံးကြဲချခဲ့ပေမယ့်လူထိခိုက်မှုမရှိခဲ့ဘူးလို့ မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ် (TNLA) ကထုတ်ပြန်ပါတယ်။
ပုံစာ – လေကြောင်းဗုံးကြဲချရမှုကြောင့်သေဆုံးသွားရသည့်ပန်းရံဆရာ
ဓါတ်ပုံ – ပေးပို့

