ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အကျဥ်းသား၊ အကျဥ်းသူ ၅,၈၆၄ ဦးကို လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
ဒီနှစ် လွတ်လပ်ရေးနေ့ လွှတ်ပေးတဲ့အကျဉ်းသား အရေအတွက်ဟာ မနှစ်က လွတ်လပ်ရေးနေ့ကထက် ၃,၇၀၀ ကျော်လျော့ကျသွားတာပါ။
မနှစ်က ၇၆ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာတော့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲက အကျဉ်းသားပေါင်း ၉,၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။
ဒီနှစ်မှာလည်း အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ပြန်လွှတ်ပေးမယ်လို့ သတင်းတချို့ ထွက်ပေါ်နေခဲ့တာကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းက စောင့်ကြည့်မှုတွေလည်း ရှိနေပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အရှေ့မှာ အကျဉ်းသား မိသားစုဝင် အများအပြားက လွတ်မြောက်လာမယ့်သူတွေကို စောင့်ဆိုင်းနေကြပါတယ်။
ဒီနှစ်မှာ အကျဉ်းကျကာလ ၁၀ နှစ်အောက် အကျဉ်းသားတွေကိုပဲ လွှတ်ပေးတာလို့ အင်းစိန်အကျဉ်းထောင်အရှေ့မှာ လွတ်မြောက်လာမယ့် အကျဉ်းသားတွေကို စောင့်ဆိုင်းနေသူတချို့က ပြောပါတယ်။
“၅၀၅ လောက်ပဲ ပါရင်ပါမယ်။ နှစ်ကြီးတွေမပါလောက်ဘူး။ တစ်နိုင်ငံလုံး ခြောက်ထောင်လောက်ပဲဆိုတော့ နှစ်နည်းနည်းပဲ လိုတဲ့လူလောက်ပဲ ပါလာမှာ ” လို့ အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ပြန်လွှတ်ပေးသူအများစုက ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့ အကျဉ်းသားတွေပဲ အများစုဖြစ်နေပြီး နိုင်ငံရေးအကျဉ်းသား ပါဝင်မှုနည်းပါးတာကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
ထောင်ဒဏ်တစ်သက်သမားတွေကို ၁၅ နှစ်၊ နိုင်ငံရေးအမှုနဲ့ အဖမ်းခံရသူတွေ(အကြမ်းဖက်ပုဒ်မအတပ်ခံရသူတွေ) မပါဘဲ အခြားအမှုတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံတစ်ပုံလျှော့ပေးတယ်လို့ဆိုပါတယ်။
နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံဖို့ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ – အင်းစိန်ထောင်ရှေ့ ဒီမနက်မြင်ကွင်း
ဓါတ်ပုံ – မော်ကွန်း

