တောင်ကုတ် – ၂၀၂၄ အောက်တိုဘာ ၈ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့ကို မနေ့တုန်းက လေကြောင်းကနေစစ်ကောင်စီ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့ကညနေပိုင်း ၄း၀၀ နာရီဝန်းကျင်မှာ မောင်တောမြို့နယ်၊ ခရေမြိုင်ရွာထဲကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီး လာရောက်ဗုံးကြဲခဲ့တာကြောင့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးသေဆုံးခဲ့သလို အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” စာသင်ကျောင်းခြံဝန်းထဲမှာ ဗုံးလာကျတော့ အနီးအနားမှာ ဆိုင်ကယ်နဲ့သွားနေတဲ့ ကောင်လေးနှစ်ယောက်ကို စိုက်ပြီး အဲဒီနေရာမှာပဲ ဆုံးသွားပါတယ်။ ပြီးတော့ စာသင်ကျောင်းဘေးနားအိမ်က အမျိုးသမီးနှစ်ယောက်လည်း ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာတွေက မျက်နှာနဲ့လည်ပင်းတွေမှာထိသွားကြတော့ အရေးပေါ်ကုသနေရပါတယ်” လို့ ခရေမြိုင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
အလားတူ တောင်ကုတ်မြို့နယ်၊ တန်းလွှဲရွာမမြို့ကိုလည်း မနေ့ည ၁၁ နာရီအချိန်မှာ လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၅ ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးလာကြဲသွားတာပါ။ အမှတ် (၄) ရပ်ကွက် ရွာသစ်ဈေးနားမှာ ကျပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ အကုန်လုံးက အမှတ် (၄) ရပ်ကွက်ကပါ။ တချို့ဆို မိသားစုလိုက်သေသွားတာ။ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ လူတွေအိပ်မောကျချိန်ပဲ ရည်ရွယ်ချက်ရှိရှိ လာသတ်နေတာ” လို့ တန်လွှဲရွာမမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဗုံးကြဲခံရမှုကြောင့် လူနေအိမ်အများအပြားလည်း ပျက်စီးသွားပြီး အိမ်အပျက်အစီးတွေအောက်မှာ ပိနေသူတွေရှိနိုင်သေးတဲ့အတွက် ရှာဖွေနေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်ကလည်း အဲဒီတန်းလွှဲရွာမမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒီလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာ အရပ်သား သေဆုံးသူ ၂၃ ဦးနဲ့ ဒဏ်ရာရသူ ၂၇ ဦးထိရှိနေပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့ဖြစ်တဲ့ ဂွမြို့က စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေပြီး မနေ့တုန်းကတော့ ကျိန္တလီမြို့နဲ့ ဂွမြို့ကြားမှာတည်ရှိတဲ့ ကုလားပြင်တံတားကို ချိုးကာ စစ်ကောင်စီတပ်တွေဟာ ဂွမြို့ထဲဘက်ကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြတဲ့ တန်းလွှဲရွာမမြို့ခံတချို့။
ဓါတ်ပုံ- APM
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


