ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၈ (မော်ကွန်း)
မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းနဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်တို့ကို ဒီရက်ပိုင်းအတွင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
သံဖြူဇရပ်မြို့အဝင် ဖောင်စိန်ကျေးရွာမှာရှိတဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒီလ ၂၃ ရက်မှာ NMSP-AD တပ်ဖွဲ့ က ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မုဒုံမြို့နယ် အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့အမြှောက်တပ်ရင်း အမတ (၃၁၈) ကို ဒီလ ၂၆ ရက်မှာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရသွားတယ်လို့ NMSP-AD က ထုတ်ပြန်ထားတာပါ။
မုဒုံ-သံဖြူဇရပ်-ရေး လမ်းပိုင်းတစ်လျှောက်ဟာ စစ်ကောင်စီတပ်စခန်းတွေ အများအပြားအခြေစိုက်ထားတဲ့ နယ်မြေဖြစ်ပြီး လုံခြုံရေးထူထပ်တဲ့ နယ်မြေဖြစ်ပေမယ့် ဒီလမ်းပိုင်းတစ်လျှောက်မှာ ဒေသအခြေပြု တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေလည်း မကြာခဏရှိလာတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
သံဖြူဇရပ်မြို့နယ်မှာဆိုရင် အခုလို မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“သံဖြူဇရပ်မှာတော့ တိုက်ပွဲမရှိဘူး။ စစ်တပ်ပဲစိုးမိုးထားတာပေါ့။ သံဖြူဇရပ်အောက်ဘက်ပေါ့ ရေး ဘက်ဆင်းသွားရင်တော့ တော်လှန်ရေးတပ်တွေရှိတယ်။ ဒီလမ်းပိုင်းမှာတော့ မကြာမကြာတိုက်ပွဲတွေ စနေပြီ” ဟု ၎င်းဒေသခံက ပြောပါတယ်။
အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဝင်တချို့ဟာ ဒီနှစ်ဆန်းပိုင်းမှာ NMSP ကနေ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကိုတည်ထောင်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေတာပါ။
လက်ရှိမှာ NMSP-AD ဟာ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ တပ်ဖွဲ့တွေ၊ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့အတူ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနယ်မြေတွေမှာ စစ်ရေးလှုပ်ရှားနေတာပါ။
ပုံစာ – မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – NMSP-AD

