ရန်ကုန် – ၂၀၂၃ ဇွန် ၂၀ (မော်ကွန်း)
ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်တွေအတွက် လျှောက်ထားတဲ့လုပ်ငန်းပေါင်း ငါးသောင်းကျော်ထိရှိလာပြီလို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မူပိုင်ခွင့်ဦးစီးဌာနဆီက သိရပါတယ်။
စစ်ကောင်စီလက်ထက်မှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို လာမယ့်အောက်တိုဘာလမှာ စတင်အသက်ဝင်လာအောင် လုပ်ဆောင်နေပြီး ကုန်အမှတ်တံဆိပ်တွေကို ပြီးခဲ့တဲ့ဧပြီလကစပြီး မှတ်ပုံတင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
“ကုန်အမှတ်တံဆိပ်မှတ်ပုံတင်တာကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရားဝင်လက်ခံခဲ့တယ်။ ဧပြီ၊ ဇွန် နှစ်လအတွင်းပေါ့။ ရန်ကုန်၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးဆို လျှောက်ထားသူအရေအတွက်ငါးသောင်းကျော်သွားပြီ” လို့ မူပိုင်ခွင့်ဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ဦးရာလူစနစ်နဲ့ မှတ်ပုံတင်ခွင့်ပြုနေတာကြောင့် မှတ်ပုံတင်ပြုလုပ်သူတွေ များပြားနေတာဖြစ်တယ်လို့ ကုန်ပစ္စည်းအမှတ်တံဆိပ် မှတ်ပုံတင်ပြုလုပ်ခဲ့တဲ့ စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုက ဦးရာလူအရင်တင်ခွင့်ပြုတဲ့စနစ်နဲ့ဆိုတော့ ကိုယ်မတင်ရင် ကိုယ့်အမှတ်တံဆိပ်ကို သူများယူတင်သွားမှာဆိုတော့ အပြိုင်အဆိုင်မှတ်ပုံတင်နေကြတာပေါ့၊ အခုက တော်တော်များတယ်ပြောတယ်၊ အရင်ကအစိုးရဆီမှာ မှတ်ပုံတင်ပြီးသားသူတွေလည်း ထပ်တင်ရတယ်၊ အခုက မှတ်ပုံတင်နေတဲ့ Process မှာပဲရှိသေးတာပေါ့၊ ဥပဒေကတော့ ဒီနှစ်ကုန်ပိုင်း အသက်ဝင်တော့မယ်” လို့ အဆိုပါစားသောက်ကုန်လုပ်ငန်းရှင်က ပြောပါတယ်။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်တင်တဲ့အခါမှာ စစ်ကောင်စီရဲ့မှတ်ပုံတင်ဌာနကို အခကြေးငွေအနေနဲ့ အနည်းဆုံးကျပ်သုံးသိန်းကနေ စတင်သွင်းရပြီး အမည်နဲ့ကုန်အမှတ်တံဆိပ်တွေကို ဦးရာလူစနစ်နဲ့ စိစစ်ခွင့်ပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်ထက် အာဏာအသက်ဝင်ဖို့ ကြိုးပမ်းနေတဲ့ မူပိုင်ခွင့်ဥပဒေ လေးခုရှိပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအပြင် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ စာပေနဲ့အနုပညာမူပိုင်ခွင့်နဲ့ တီထွင်ဖန်တီးမှုဆိုင်ရာမူပိုင်ခွင့်တွေကိုလည်း ဥပဒေအဖြစ်အာဏာတည်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ပြောကြားထားပါတယ်။
အဆိုပါ မူပိုင်ခွင့်ဥပဒေတွေဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၉ က ဥပဒေကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ စတင်ရေးဆွဲအတည်ပြုခဲ့တာဖြစ်ပြီး အဲဒီ့ဥပဒေကို ယခုနှစ် ဧပြီလ ၁ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
လက်ရှိပြဋ္ဌာန်းလိုက်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဟာ မှတ်ပုံတင်ထားတဲ့ ကုန်အမှတ်တံဆိပ်တွေကို အကာအကွယ်ပေးထားမှာဖြစ်ပြီး မှတ်ပုံတင်ထားတဲ့တံဆိပ်နဲ့ ဆင်တူးယိုးမှားဖြစ်ခြင်းတွေအတွက် အရေးယူဆောင်ရွက်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။
အဲ့ဒီလို ကုန်ပစ္စည်းအမှတ်တံဆိပ်အတုပြုလုပ်ခြင်းတွေ၊ အမှတ်တံဆိပ်အတုတွေကိုအသုံးပြုတာတွေ၊ အမှတ်တံဆိပ်အတုပြုလုပ်တဲ့ ကိရိယာ (သို့) ပစ္စည်းတွေ လက်ဝယ်ရှိခြင်းတွေအတွက် ထောင်ဒဏ်သုံးနှစ်ဖြစ်စေ ဒဏ်ငွေကျပ်သိန်း ၅၀ ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ပုံစာ- ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ဥပဒေအတွက် ဆွေးနွေးပွဲ ပြုလုပ်နေစဉ်
ဓာတ်ပုံ – UMFCCI
#Dailynews

