စစ်တွေ- ၂၀၂၄ အောက်တိုဘာ ၂၅ ( မော်ကွန်း)
စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ စစ်တွေမြို့က မင်းဂံရပ်ကွက်တွေထဲကို ညဘက်စီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီမှာနေထိုင်တဲ့ ဒေသခံတချို့က ပြောပါတယ်။
မနေ့က ည ၈း၀၀ နာရီလောက်မှာ စစ်ကောင်စီရဲ့ စစ်သားနဲ့ရဲအပါအဝင် ALP တပ်ဖွဲ့ဝင်တွေဟာ မင်းဂံအကွက်(၅/၆/၇/၈/၉/၁၀) ရပ်ကွက်ခြောက်ခုကို ကားနှစ်စီးနဲ့ ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်ကာ ဒေသခံတွေကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မင်းဂံဒေသခံတစ်ဦးက ပြောပါတယ်။
” ရပ်ကွက်တွေထဲကို ကားနဲ့ဝင်လာပြီး တစ်အိမ်ပြီးတစ်အိမ် ဧည့်စာရင်းစစ်ပါတယ်။ လိုအပ်တဲ့ အိမ်ထောင်စုစာရင်းတွေနဲ့ မှတ်ပုံတင်တွေကိုလည်း ပြလိုက်တယ်။ ဒါပေမဲ့ အကြောင်းမရှိအကြောင်းရှာပြီး ကားနဲ့ဖမ်းခေါ်သွားပါတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ဘယ်နေရာခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို အခုလိုစီးနင်းဖမ်းဆီးတာတွေ လုပ်နေတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” အခုချိန်ထိတော့ ဘယ်တပ်ရင်းတွေကို ခေါ်သွားတာမှန်း မသိရသေးဘူး။ ဘယ်သူမှလည်း အပြင်ထွက်ပြီး မစုံစမ်းရဲကြဘူး။ သူတို့(စစ်ကောင်စီ)က ဧည့်စာရင်းတွေ မကြာခဏ ဝင်စစ်ပြီးတော့ ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီးတော့ ဖမ်းနေတာပါ။ စစ်တွေမြို့မှာနေရတာ ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ ဘယ်နေ့၊ ဘယ်အချိန်၊ ကိုယ့်အိမ်တံခါးဝကို လာခေါက်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ ဖြတ်သန်းနေရတယ်” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA) ရဲ့ ထိုးစစ်ဆင်လာမှာကို စစ်ကောင်စီဟာ ကြောက်လန့်နေပြီး မြို့ကို အဘက်ဘက်ကနေ ဝန်းရံပိတ်ဆို့ထားသလို မြို့ထဲကနေ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးမှုတွေ၊ သေနတ်နဲ့ လိုက်လံပစ်ခတ် မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း စစ်တွေမြို့ထဲကနေ ထိန်းချုပ်နယ်မြေထဲကို စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာကြတဲ့ အရပ်သား ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့လိုက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
အဲ့ဒီနောက်ပိုင်းကတည်းက စစ်တွေဒေသခံတွေဟာ မြို့ထဲကနေ မထွက်ရဲကြတော့ဘဲ ပိတ်မိနေ ကာ နေ့စဉ်အကြောက်တရားတွေနဲ့ နေထိုင်နေကြရတယ်လို့ စစ်တွေဒေသခံတချို့က ပြောကြပါတယ်။
စစ်တွေမြို့နယ်တွင်းထိ လွှမ်းမိုးထိန်းချုပ်ထားတဲ့ AA ကို ခုခံဖို့ သူတို့နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရခိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ALP ရဲ့ အကူအညီရယူကာ စစ်တွေမြို့မကျရေး စစ်ကောင်စီက ပြင်ဆင်ထားတာပါ။ စစ်ကောင်စီနဲ့ ALP ပေါင်းကာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ အစုအပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ပုံစာ- စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့တွင်းတစ်နေရာ
ဓါတ်ပုံ- ASEAN
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

