ဝက်လက် – ၂၀၂၁ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်လို့ ဆိတ်ကျောင်းနေတဲ့လူငယ်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက အရာတော်မြို့နယ် သလဲဘာရွာနဲ့ ငွေတွင်းရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာအင်အား ၁၀၀ ခန့်နဲ့ နယ်ချင်းဆက်နေတဲ့ ဝက်လက်နယ် လှတွေရွာကို ဝင်ရောက်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ ကျေးရွာထဲကို ပစ်ခတ်စီးနင်းဝင်ရောက်လာတာဖြစ်ပြီး ဆိတ်ကျောင်းနေတဲ့ လူငယ်တစ်ယောက်ကို ဖမ်းဆီးကာ သေနတ်ဒင်တွေနဲ့ ထုရိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိတ်ကျောင်းလူငယ်ဟာ ခေါင်းနဲ့မျက်နှာမှာ ဒဏ်ရာအများအပြားရရှိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တွေ့တဲ့အချိန်မှာ နှာခေါင်းနဲ့ပါးတစ်ခြမ်းမရှိတော့ဘူးလို့ပြောတယ်”လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် ပစ်ခတ်မှုကြောင့် နောက်ထပ်ပြည်သူနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေဟာ လှတွေရွာက ဆိုင်တစ်ဆိုင်ကိုလည်း ဖျက်ဆီးခဲ့ပြီးပစ္စည်းကောင်းတွေကိုတော့ ခိုးယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်နယ်နဲ့ဝက်လက်နယ်အနောက်ခြမ်းဟာ တစ်ဆက်တည်းဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။
#Dailynews

