ကျောက်ကြီးမှာ ရေဘေးသင့်လူဦးရေနှစ်ထောင်ခန့် အရေးပေါ်အကူညီတွေလိုအပ်နေ

ကျောက်ကြီးမှာ ရေဘေးသင့်လူဦးရေနှစ်ထောင်ခန့် အရေးပေါ်အကူညီတွေလိုအပ်နေ

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၆ (မော်ကွန်း)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာရေကြီးရေလျှံနေလို့ လူဦးရေနှစ်ထောင်နီးပါး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ပါတယ်။

စိုးရိမ်ရေအမှတ်ကျော်လွန်နေတဲ့ စစ်တောင်းမြစ်အနီးမှာရှိတဲ့ ကျောက်ကြီးမြို့နယ်က ရွာရှစ်ရွာ၊ နဲ့ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေနှစ်ထောင်နီးပါး ဟာ အရေးပေါ်ကျန်းမာရေးနဲ့စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်။

ဒါ့အပြင်ကျောင်းသား ၃၀၀ ကျော်ရှိတဲ့ စာသင်ကျောင်းသုံးကျောင်းဟာလည်း ရေကြီးမှုကြောင့် ကျောင်းပိတ်ထားရတယ်လို့ဖော်ပြပါတယ်။

တစ်ဖက်မှာလည်း ကျောက်ကြီးမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဇူလိုင် ၂၅ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။

စစ်ကောင်စီဟာ မေလကဩဂုတ်လအထိ လေးလအတွင်း လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာလေးလအတွင်းလေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်၊ လက်နက်ကြီး ၃၇ လုံးပစ်ခတ်မှုကြောင့် နေအိမ် အလုံး ၂၀ ပျက်စီးကာ အရပ်သား ၁၃ ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင်ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့သတ်ဖြတ်ခံရသူသုံးဦး၊ ဖမ်းဆီးသတ်ဖြတ်ခဲ့ရသူနှစ်ဦးနဲ့ ကျေးရွာ ၁၀ ရွာကဒေသခံ ၈,၀၀၀ ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

လက်ရှိကျောက်ကြီးမြို့နယ်ကဒေသခံတွေဟာစားဝတ်နေရေးအတွက် ကူးလူးဆက်ဆံသွားလာရာမှာ စစ်ကောင်စီကအကြောင်းမဲ့ဖမ်းဆီးတာ၊ စားသောက်ကုန်တွေမတရားသိမ်းယူတာ၊ ဒေသခံတွေဟာလူသားဒိုင်းအဖြစ်အသုံးပြုခံနေရတယ်လို့ဖော်ပြပါတယ်။

စစ်ကောင်စီကစစ်ရာဇဝတ်မှုနဲ့လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ ကျောက်ကြီးမြို့နယ်ကို ပြည်တွင်းပြည်ပလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အကူအညီတွေပေးကြဖို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကတောင်းဆိုထားပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."