ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း)
ကရင်ပြည်နယ်၊ ဆောထိမြို့နယ်အတွင်း သံဆိပ်စခန်းမှာနေတဲ့ စစ်ကောင်စီတပ် ခမရ-၃၅၀ က တပ်သားနှစ်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ဆီ အခုလ ၁၁ ရက် မနက်ပိုင်းက လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ KNU က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ အသက် ၂၅ နှစ်အရွယ် တပ်သား မောင်ဒဿနဲ့ ၂၁ နှစ်အရွယ် တပ်သားမောင်ဖြိုးကိုကိုတို့ဖြစ်ပြီး သူတို့နဲ့အတူ MA 1 တစ်လက်၊ MA 2 တစ်လက်နဲ့ ကျည် ၂၃၇ တောင့်တို့ကိုပါ ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်သားနှစ်ဦးကို ခလယ်လွီထူခရိုင် တာဝန်ရှိသူတွေက တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ပေးအပ်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားတွေ အလင်းဝင်တာနဲ့ပက်သက်ပြီး အသေးစိတ်သိရဖို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက တာဝန်ရှိသူကို မော်ကွန်းသတင်းဌာနအနေနဲ့ ဖုန်းနဲ့ဆက်သွယ်ထားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အခုလ ၄ ရက်ကလည်း ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းက တပ်သား စိုင်းဖြိုးအောင်ဆိုသူတစ်ဦးလည်း KNLA တပ်ရင်း ၁၇၊ တပ်ခွဲ ၂ ကို လက်နက်နဲ့အတူ လာရောက်ပူးပေါင်းခဲ့တာကြောင့် ကျပ်သိန်း ၅၀ ထောက်ပံ့ငွေပေးအပ်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်တွေက ဘယ်စစ်သားမဆို တပ်ကိုစွန့်ခွာပြီး KNU နဲ့ ပြည်သူလူထုဆီ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းတဲ့ စစ်သားတွေကို နွေးထွေးစွာ ကြိုဆိုနေပြီး ရှေ့ဆက်ဘဝရပ်တည်ရေးအတွက်လည်း ကူညီထောက်ပံ့ပေးသွားမယ်လို့ KNUက ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အလင်းဝင်သွားတာတွေနဲ့ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
ပုံစာ-အာဏာသိမ်းစစ်ကောင်စီတပ်ဆီကနေ KNUထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး
ဓာတ်ပုံ-KNU
#Dailynews

