ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၁ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်)မှာ အခုလ ၆ ရက်ကနေ ၉ ရက် အထိ လေးရက်အတွင်း စစ်ကောင်စီတပ်တွေဟာ အရပ်သား ၁၇ ဦးကိုဖမ်းဆီးပြီး တစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ခလယ်လွီထူခရိုင် သတင်းနဲ့ပြန်ကြားရေးက မနေ့ကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ၆ ရက်ကလယ်ဒိုမြို့နယ် ကျော်မော်ဘုရားကြီးရွာက အရပ်သား နှစ်ဦး၊ ၇ ရက်က ဗမာဝက်လာတောရွာကတစ်ဦးနဲ့ ဒါးကုလားရွာကနှစ်ဦး၊ ၉ ရက်က ကျောက်မော်ဘုရားကြီးက အရပ်သား ၁၀ ဦးနဲ့ ပဒဲကောရွာက အရပ်သားနှစ်ဦး စုစုပေါင်း ၁၇ ဦးကို ကျောက်တံခါးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးသွားတဲ့အရပ်သားတွေကို လက်ရှိအချိန်အထိ ကျောက်တံခါးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နတ်သံကွင်း ၃ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးရဲကြီးဆိုသူကို နတ်သံကွင်းတံတားမှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က အခုလ ၈ ရက် ညပိုင်းမှာ ဓားနဲ့ထိုးသတ်ခဲ့ပြီး အလောင်းကို တံတားအောက်မှာတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ အဲဒီလေးရက်အတွင်းမှာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်တာတွေကြောင့် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေးစတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အရပ်သားတွေဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာမတွေ့ရပါဘူး။
ပုံစာ-စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ
Photo – KNU
#Dailynews

