မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း)
စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားတဲ့ မုံရွာဆည်မြောင်းရုံးကို ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က မုံရွာအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့တယ်လို့ Monywa Nightking အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
“မနက်ကဗုံးပေါက်တယ်။ ပေါက်ပြီးတော့ သေနတ်တွေနဲ့ပစ်တယ်။ ၁၀ နာရီလောက်ကပဲ။ လူအထိအခိုက်တော့မသိသေးဘူး။ လေးငါးချက်လောက်တော့ရှိတယ်”လို့ ဆည်မြောင်းရုံးအနီးမှာနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို PDF-South Monywa,Monywa Heroes Group,Monywa UG Groupနဲ့ Monywa Night King အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့၎င်းပူးပေါင်းအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် ကျည်ဆံ ၁၇တောင့်သာ အသုံးပြုခဲ့ပြီး အဖွဲ့သားတွေ မစိုးရိမ်ရတဲ့ဒဏ်ရာအနည်းငယ်သာရခဲ့တယ်လို့ ဆိုပါတယ်။
#Dailynews

