စစ်မီးလျှံကြားက ညီလာခံ ဆုံးဖြတ်ချက်များ

စစ်မီးလျှံကြားက ညီလာခံ ဆုံးဖြတ်ချက်များ

Illustration-MAUNG NOE

ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းက ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေရဲ့ တတိယ အကြိမ် ထိပ်သီးအစည်းအဝေးမှာ UWSP ဥက္ကဋ္ဌ ဦးပေါက်ယို ချန်းက ငြိမ်းချမ်းရေးဆွေး နွေးပွဲအဆင့်ဆင့်မှာ ဘာပြဿ      နာကိုမှ ဖြေရှင်း နိုင်ခြင်းမရှိခဲ့ဘဲ မျက်စိလည်ရှုပ်ထွေးမှုတွေနဲ့ပဲ ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းစစ် ရပ်စဲနိုင်အောင် လည်း လုပ်နိုင်စွမ်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ အထူးသဖြင့် မြောက်ပိုင်းဒေသတွေမှာ လက်နက် ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး NCA စာချုပ်နဲ့ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးညှိနှိုင်းမှုဟာလည်း ယနေ့တိုင် အဖြေမပေါ်နိုင်သေး ကြောင်းနဲ့ ဒုတိယ ၂၁ ရာစု ပင်လုံညီလာခံကျင်းပတော့မယ့် အချိန်မှာ ထိပ်သီးခေါင်းဆောင်များ ညီလာခံကနေ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်သစ်တစ်ရပ် ရေးဆွဲချမှတ်ဖို့လိုနေပြီလို့ ပြောကြားသွားခဲ့ပါ တယ်။ ထိပ်သီးအစည်းအဝေးကို UWSP အဖွဲ့  ဦးစီးပြီး မိုင်းလား အဖွဲ့ (NDAA) က ကူညီပံ့ပိုးခဲ့ပြီး  NCA လက်မှတ်ထိုးထား ခြင်းမရှိတဲ့ အဖွဲ့တွေ အပါအဝင် ကိုယ်စားလှယ် ၃၇ ဦး တက် ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ လက်နက်ကိုင် တိုင်းရင်းသား ထိပ်သီးများ ညီလာခံကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက် ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့်-

(၁) ‘ဝ’အဖွဲ့ရဲ့ ‘အထွေထွေ မူဝါဒနှင့် အသေးစိတ်တောင်းဆိုချက် များ’စာတန်းပါ အဓိပ္ပာယ်ဖွင့်ဆိုခြင်းများကို အစည်းအဝေးတက် ရောက်သည့် အဖွဲ့များ၏ ဘုံသဘောထားအဖြစ် မှတ်ယူကြောင်း။

(၂) ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို ဖော်ဆောင်ပြီး တန်းတူညီမျှသည့် ပုံစံဖြင့် ဆွေးနွေးရန် တိုက်တွန်းကြောင်း။

(၃) ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးပြဿ      နာကို ဖြေရှင်း ရာတွင် စစ်ရေးနည်းအားဖြင့် ခြိမ်းခြောက်တိုက်ခိုက်ခြင်းကို ကန့် ကွက်ကြောင်း။

(၄) NCA ကို လက်မှတ်မရေးထိုးဘဲ ‘ဝ’အဖွဲ့က ကမကထပြု၍ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရန် သဘောတူကြောင်း၊ သမိုင်းဝင် ပင်လုံစာချုပ်ကို NCA စာချုပ်ဖြင့် အစားထိုးခြင်းကို လက်မခံနိုင်ကြောင်း၊ NCA စာချုပ်ကို တရားမျှတမှုရှိသော၊ အပစ်အခတ်ရပ်စဲရေးစာချုပ်အသစ်တစ်ရပ်ဖြင့် အစားထိုးရန် တိုက်တွန်းကြောင်း။

(၅) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။

(၆) အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အသစ်တစ်ရပ် ချုပ်ဆိုရန် တွန်းအားပေး၍ အဆင့်ဆင့် ချုပ်ဆိုထားခဲ့သော စာ ချုပ်များကို အခြေခံကာ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး ဖော် ဆောင်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင် ရေး တွန်းအားပေးရန်။

(၇) ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ‘ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ကြောင်း’ (One Belt One Road:OBOR) သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေး၊ တိုင်းရင်း သားများ၏ အကျိုးအမြတ်ဆိုင်ရာ ရည်မှန်းချက်များနှင့် ကိုက်ညီ မည်ဟု ယူဆသည်။

ငြိမ်းချမ်းရေးဆူနာမီ

ပန်ဆန်းလက်နက်ကိုင် တိုင်းရင်းသားထိပ်သီးခေါင်း ဆောင်များရဲ့ ညီလာခံ ထုတ်ပြန်ကြေညာချက်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် NRPC နှင့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကျင်းပရေး အတွက် ပြင်ဆင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းအားလုံးကြားမှာ ဆူ နာမီငလျင် လှုပ်ခတ်လိုက်သလို လှုပ်ရှားယမ်းခါသွားပါတယ်။ တစ်ချိန်တည်းမှာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပါဝင်လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အကြားမှာလည်း ဂယက်ရိုက်ခတ်သွားပါတယ်။ တစ်ချိန်တည်း မှာ ‘ဝ’အဖွဲ့ ဦးဆောင်တဲ့ ထိပ်သီးညီလာခံက NCA စာချုပ်ကို အသိအမှတ်မပြုတော့ဘဲ ကျောခိုင်းစွန့်ခွာသွားပြီလား၊ NCA နဲ့ မတူတဲ့ အပစ်ရပ်စာချုပ်အသစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် လမ်းကြောင်းသစ်တစ်ရပ်ကို ရှာဖွေတော့မှာလား။ ဒီလိုဆိုရင် ဃြဗ စာချုပ်အပေါ် အခြေပြု လျှောက်လှမ်းခဲ့တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ မပါဝင်တော့ဘူးဆိုတဲ့ သဘောလား စသဖြင့် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကကြီး ဦးခွန်ဥက္ကာကတော့ မြောက်ပိုင်းအဖွဲ့ကြီးနှစ်ဖွဲ့ရဲ့ အင်အား၊ အဆင့်နေရာ၊ အုပ်ချုပ်ရေးနယ်မြေ၊ သြဇာအာဏာသက်ရောက်မှု အနေအထားအရ NCA စာချုပ်ပါ အခွင့်အရေးတွေဟာ ကျဉ်း မြောင်းအားနည်းတယ်လို့ ယူဆနိုင်စရာ အကြောင်းရှိပါတယ်။ ဒါကြောင့်လည်း NCA မဟုတ်တဲ့ လမ်းကြောင်းသစ် ရှာဖွေနိုင် ဖို့ ကြိုးပမ်းအားထုတ်လာကြဟန် ရှိပါတယ်။ ဒါပေမဲ့ လမ်းကြောင်း ဟောင်းက သုံးမရလို့ စွန့်ပစ်မယ်ဆိုရင် လမ်းကြောင်းဟောင်း မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ အင်အားစုတွေကို ဝေဖန်တိုက်ခိုက် သလို ဖြစ်သွားရင်လည်း မကောင်းပါဘူး။ ပြည်ထောင်စုအကျိုး၊ ငြိမ်းချမ်းရေးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် ဘုံ သဘောတူညီချက်တစ်ရပ် ပူးပေါင်းရှာဖွေဖို့ လိုပါတယ်။ လမ်း ကြောင်းဟောင်းရဲ့ ကောင်းမွေတွေ ယူ၊ ဆိုးမွေတွေကို ပစ်ပယ်ပြု ပြင်ပြီး လမ်းသစ်ရှာ ဖောက်ကြရမယ်လို့ ယုံကြည်တယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကိုယ်တိုင် တွေ ဝေမနေဘဲ ပြတ်သားတဲ့ လမ်းကြောင်းသစ်တစ်ရပ်ကို ရှာဖွေညှိ နှိုင်းပြီး လျင်မြန်စွာ ဆုံးဖြတ်ကြဖို့ လိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကတော့ NCA လမ်းကြောင်းက ခွဲထွက်ခြင်းကို အစိုးရအနေဖြင့် ကြိုက်မှာမဟုတ်ကြောင်း၊ ဒါ ပေမဲ့ NCA ကို ပုံဖော်ရာမှာ အစိုးရရဲ့ လုပ်ဆောင်မှုများမှာ သဘာဝမကျမှုများ၊ လမ်းညွှန်အတိုင်း မဆောင်ရွက်ခဲ့မှုများ လည်း အမှန်တကယ် ရှိနေကြောင်း၊ ဒါတွေက NCA လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့ ဝေဖန်ထောက်ပြစရာ အကြောင်း အချက်တွေ ဖြစ်နေကြောင်း၊ ဒါပေမဲ့ ပြုပြင်သင့်တဲ့ ကိစ္စဆိုတာ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ ရှိနေနိုင်ကြောင်း၊ ငြိမ်းချမ်း ရေး တကယ်ရချင်တယ်ဆိုရင်တော့ ကိုယ့်ဘက်က ပြင်ဖို့ လိုသလို သူ့ကိုလည်း ပြုပြင်အောင် တိုက်တွန်းကြရမှာပဲလို့ ပြောကြား သွားခဲ့ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီ ဝင် ဒေါ်စောမြရာဇာလင်းကတော့ ရှေ့မှာ လက်မှတ်ထိုးတဲ့ အဖွဲ့က ထိုး၊ နောက်မှာ စောင့်ကြည့်နေတဲ့ အဖွဲ့က စောင့်ကြည့်၊ ကိုယ့်အမြင်နဲ့ ကိုယ် ရပ်တည်နေကြတာပါပဲ။ ဒါပေမဲ့ မိမိတို့တစ် လျှောက်လုံး ရပ်တည်ထားတဲ့ တူညီတဲ့ အခြေခံကတော့ အားလုံး ပါဝင်ရေးပဲ။ အခု ပန်ဆန်းညီလာခံမှာ လက်မှတ်မထိုးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြီး ချလိုက်တော့ ငြိမ်းချမ်းရေးခရီးက ရှေ့ဆက်ဖို့ ခက်သွားပြီပေါ့။ ဘာပဲဖြစ်ဖြစ် လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေအကြား တွေ့ဆုံညှိနှိုင်းပြီး အားလုံး လက်ခံနိုင်တဲ့ ဘုံသဘောထားတစ်ရပ် ဆုံးဖြတ်ချမှတ်စေချင် တယ်လို့ အဆိုပြုသွားခဲ့ပါတယ်။

ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်း ကလည်း KIO အဖွဲ့အစည်းဟာ ၁၉၉၄ ကတည်းက အပစ်အခတ် ရပ်စဲစာချုပ် ချုပ်ဆိုထားပြီးဖြစ်လို့ ဒီစာချုပ်အပေါ် အခြေခံပြီး အပစ်ရပ်ရေး ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် ဖြစ်နိုင်မယ်ထင်ကြောင်း အပစ်ရပ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်ကြဖို့ KIO က ကမ်းလှမ်းထားပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ NCA မပေါ်ခင် ဦးသိန်းစိန်လက်ထက်က စပြီး စစ်ဖြစ်နေတာ အခု ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပင်လုံညီလာခံ ကာလမှာလည်း ဆက်ဖြစ်နေတာ ပါပဲ။ ဒီနောက်ပိုင်း ပန်ဆန်းထိပ်သီးဆုံးဖြတ်ချက်ဆိုတာ အခုမှ ပေါ်လာတာပါ။ ပြောချင်တာ NCA စာချုပ် မပါလည်း အပစ်ရပ် ရေးအတွက် နိုင်ငံရေးဆွေးနွေးကြမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ သဘောထားရှိဖို့ပဲ အရေးကြီးပါတယ်လို့ ရှင်းပြသွားပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လည်း ပန်ဆန်းညီလာခံက ထွက်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှု ပုံစံသစ်ဆိုသည်မှာ မည်သည့်ပုံစံမှန်း မသိရသေးကြောင်း၊ အစိုးရ ၏ မူဝါဒသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်း ကြောင်းဖြစ်ပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားကြောင်း၊ အမျိုး သားပြန်လည်သင့်မြတ်ရေး အခြေခံပေါ်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်သွားရန် ဖြစ်ကြောင်း၊ NCA တွင် နိုင်ငံရေးဆွေး နွေးပွဲများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအထိ နိုင်ငံ ရေးလမ်းပြမြေပုံ ပါဝင်ပြီး ဖြစ်ကြောင်း ညီလာခံခေါင်းဆောင်များ အနေဖြင့် လက်တွေ့ကျသော လမ်းကြောင်းကို သုံးသပ်စဉ်းစား ရန် အရေးကြီးကြောင်း၊ လမ်းကြောင်းမတူသည့်တိုင် ဖက်ဒရယ် ပြည်ထောင်စုဟု ထူထောင်ရေးပန်းတိုင် တူရန်သာ လိုအပ် ကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။

 

မှုန်ဝါးရှုပ်ထွေးလာသော ငြိမ်းချမ်းရေးပန်းချီကား

တကယ်တော့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များရဲ့ ထုတ်ပြန်ချက်ပါ သဘောထားအရ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံညီလာခံကို ပစ်ပယ် တာ မဟုတ်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရေးကို မူအရ ဆုပ်ကိုင်ထားပြီး စစ်ရေးအရ တိုက်ခိုက်ဖိအားပေးခြင်းကို ဆန့်ကျင်ကန့်ကွက်ထားတာသာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့် ဆင့်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင် ခွင့်ရရှိရေးကိုလည်း တောင်းဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွင်း အဖွဲ့အစည်းအားလုံး တန်း တူညီမျှတဲ့ ပုံစံနဲ့ ပါဝင်ဆွေးနွေးခွင့်ပေးဖို့လည်း တိုက်တွန်းလိုက်  ပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောမကျ၊ လက်မခံနိုင်တာ အဓိကအားဖြင့် ငြိမ်းချမ်းရေးဆိုင် ရာ လုပ်ငန်းစဉ်တွေကို စာချုပ်နဲ့ တားဆီးပိတ်ဆို့ထားတာသာ ဖြစ်ပါတယ်။ ဒုတိယအကျော့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးလုပ်ငန်း စဉ် အဆင့်ဆင့်မှာ NCA လက်မှတ် မရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဆွေးနွေးခွင့် မပြုဘူးလို့ အစိုးရ နဲ့ တပ်မတော်က တားဆီးကန့်သတ်ထားပါတယ်။ ဒီသဘောထား အရ NCA လက်မှတ်ထိုးမထားတဲ့ UNFC က ရှစ်ဖွဲ့နဲ့ ဝ၊ မိုင်း လား အုပ်စုဟာ မြန်မာပြည်မှာ အင်အားအကြီးမားဆုံး တိုင်းရင်း သားလက်နက်ကိုင်အင်အားစုဖြစ်ပါတယ်။ ၁၉၉၄ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးချိန်က ယနေ့တိုင် ၂၂ နှစ် ကျော် တပ်မတော်နဲ့ စစ်ရေးထိတွေ့ မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ အစိုးရနဲ့ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်မထိုးရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မပေးနိုင်ဘူးဆိုတဲ့ ကန့်သတ်ချက်ကို လက်မခံနိုင်ကြပါဘူး။ တကယ်တော့ NCA စာချုပ်ဆိုတာ အစိုးရ၊ တပ်မတော်နဲ့ UNFC အဖွဲ့ဝင် ၁၆ ဖွဲ့တို့အကြား ဆွေး နွေးသဘောတူခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲတွေမှာ ဝ၊ မိုင်းလား အဖွဲ့တွေကို ဖိတ်လည်း မဖိတ်၊ ပါစရာလည်း မလို၊ ငြိမ်းချမ်းရေး ရပြီးသား အဖွဲ့တွေလို့ အစိုးရနဲ့ တပ်မတော်က သဘောထားခဲ့ ကြတယ်။ အခုမှ NCA စာချုပ် အတင်းလက်မှတ်ထိုးခိုင်းတော့ သူတို့သဘောထား မပါဝင်ခဲ့တဲ့ စာချုပ်ကို လက်မှတ်ထိုးလိုတဲ့ ဆန္ဒ မရှိတာ သဘာဝကျပါတယ်။

တကယ်တမ်း သမ္မတဦးသိန်းစိန်လက်ထက် NCA စာချုပ် လက်မှတ်ထိုးပွဲကြီး ကျင်းပကြတဲ့အခါမှာလည်း UNFC အဖွဲ့ဝင်  ၁၆ ဖွဲ့အနက် ရှစ်ဖွဲ့ကသာ လက်မှတ်ထိုးပြီး ကျန်တဲ့ ရှစ်ဖွဲ့က လက်မှတ်မထိုးခဲ့ကြပါဘူး။ လက်မှတ်မထိုးတဲ့ ရှစ်ဖွဲ့ဆိုတာက လည်း UNFC ထဲမှာ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့တွေသာ ဖြစ်ပါတယ်။ NCA စာချုပ် ရေးဆွဲရာမှာ ပါဝင်ခဲ့သူ တွေ၊ စာချုပ်ချုပ်ဆိုရာမှာ မပါဝင်ခဲ့ကြတဲ့ အဓိကအကြောင်းက လည်း တပ်မတော်က အားလုံးပါဝင်ရေးကို မူအရ လက်မခံခဲ့လို့ ပါ။ ကိုးကန့် (MNDAA)၊ ပလောင် (TNLA)၊ ရခိုင် (AA) တပ်ဖွဲ့တွေကို ‘လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပါမယ်’လို့ ဝန်ခံ ကတိပြုဖို့ တောင်းဆိုလို့သာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုမျိုးကို ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမှ တပ်မတော် က မတောင်းဆိုဖူးပါဘူး။ ဒီသုံးဖွဲ့ ပါဝင်ခွင့် မရခဲ့တဲ့အတွက် ကျန် UNFC အဖွဲ့ ငါးဖွဲ့ကလည်း NCA စာချုပ်မှာ ပါဝင်ရေးထိုးခြင်း မပြုခဲ့ကြတာပါ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအားလုံး NCA အလျင်အမြန် လက်မှတ်ထိုးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ညီလာခံပြီးနောက် တစ်ပတ်အကြာက စပြီး NCA လက်မှတ်မထိုးတဲ့ လက်နက်ကိုင်တိုင်းရင်းသားနယ် မြေတွေကို တပ်မတော်က အပြင်းအထန် ထိုးစစ်ကြီးတွေ ဆင်နွှဲခဲ့ ပါတယ်။ အကျိုးဆက်ကတော့ မြောက်ပိုင်းအဖွဲ့တွေရဲ့ မူဆယ်စစ် ဆင်ရေး၊ လောက်ကိုင်ထိုးစစ်စတဲ့ စစ်ပွဲတွေ မီးခိုးမဆုံး မိုးမဆုံး ပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီနောက်ခံကားပေါ်မှာ မြောက်ပိုင်း ထိပ်သီးများရဲ့ ‘ပန်ဆန်းညီလာခံ’ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ တာ ဖြစ်ပါတယ်။

ဆိုခဲ့သလို ‘ပန်ဆန်းညီလာခံ’ ဆုံးဖြတ်ချက်ဟာ ပင်လုံညီ လာခံကို စွန့်ပယ်ခြင်း မဟုတ်သလို ပြည်တွင်းစစ်ပြဿ      နာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးမူကိုလည်း ပစ်ပယ်တာ မဟုတ်ပါ ဘူး။ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားပြုနေတဲ့ NCA စာချုပ်ကို အစား ထိုးနိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ဝိုင်းဝန်းရှာဖွေ ဖော်ထုတ်ကြဖို့ လှုံ့ဆော်လိုက်တာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် နိုင်ဖို့ စစ်ရေးအရ ဖိအားပေးမှုတွေ အားလုံး ရပ်ဆိုင်းရန် လိုအပ် သလို  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး တန်းတူရည်တူ ပါဝင်ခွင့်ရရေးကိုလည်း အာမခံ ချက်ပေးဖို့ လိုပါလိမ့်မယ်။

တကယ်တော့ ဒီလိုသဘောထားမျိုးကို NCA မှာ ပါဝင် လက်မှတ်ရေးထိုးခြင်း မပြုခဲ့တဲ့ UNFC အဖွဲ့က UPDJC အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့ကြတာ ငါးလနီးပါး ရှိခဲ့ပါ ပြီ။ UNFC အနေနဲ့ NCA စာချုပ်ကို ပြန်လည်သုံးသပ်ဆွေးနွေး ဖို့ အခြေခံသဘောထား ရှစ်ချက်ကို တင်ပြထားကာ ဒီအချက် အလက်တွေကို ညှိနှိုင်းသဘောတူညီပြီးမှ နောက်ဆုံးအနေနဲ့ NCA ကို လက်မှတ်ရေးထိုးကြဖို့ အဆိုပြုတင်ပြထားခဲ့ပါတယ်။ ဒါပေမဲ့ လအချို့ကြာတဲ့တိုင် ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘဲ စစ်ပွဲတွေ သာ အရှိန်အဟုန်ကြီးစွာ တိုးပွားများပြားလာခဲ့ပါတယ်။ ဒီစစ်ပွဲ မီးတောက်မီးလျှံတွေကြားက ထွက်ပေါ်လာတဲ့အလျောက် ပန် ဆန်းညီလာခံဆုံးဖြတ်ချက်တွေရဲ့ လေသံဟာ အတန်အသင့် ပြင်း ထန်မာကျောဟန် ရှိပေမယ့် ပင်လုံငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်မှာပဲ တည်ရှိနေဆဲပါ။

မတ် ၁ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ UNFC အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြရာမှာတော့ အစိုးရကို အဆိုပြုတင်ပြထားတဲ့ အချက်ရှစ်ချက်ကို ဆွေးနွေးညှိနှိုင်း သဘောတူညီပြီးမှသာ NCA စာချုပ် လက်မှတ်ထိုးဖို့ သဘော တူခဲ့ကြပါတယ်။ ပန်ဆန်းညီလာခံ ဆုံးဖြတ်ချက် ထွက်ပေါ်ပြီး တစ်ပတ်ခန့် နောက်ကျပြီးမှ သဘောတူညီခဲ့ကြတာပါ။ မတ် ၆ ရက်မှာတော့ မြောက်ပိုင်းအဖွဲ့ရဲ့ စစ်ဆင်တိုက်ခိုက်မှုကြောင့် ကိုး ကန့်-လောက်ကိုင်ဒေသတစ်ခွင်လုံး ဗုံး၊ အမြောက်သံတွေ ဟိန်း ညံရှုပ်ထွေးနေပါပြီ။ ငြိမ်းချမ်းရေးအလားအလာ မှုန်ဝါးနေဆဲပါ။

 

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင်ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."