ရန်ကုန်၊၂၀၂၀၊ မတ် – ၁၁ (မော်ကွန်း)
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် စက်ရုံ ၂၁ ရုံအထိ ပိတ်သွားတာကြောင့် အလုပ်သမား ၈,၉၀၀ ကျော် အလုပ်ပြုတ်ခဲ့ ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) က ပြောပါတယ်။
တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားကာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတစ်ရာကျော်ကို ပျံ့နှံ့နေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြောင့် တရုတ်ကုန်ကြမ်းနဲ့အဓိကလည်ပတ်နေတဲ့ အထည်ချုပ်လုပ်ငန်းအများစုအတွက် ကုန်ကြမ်းရှားပါးမှုတွေ ဖြစ်ပေါ်ကာ စက်ရုံတွေပိတ်ကြရတာပါသလို အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှုတွေကြောင့်လည်း ပိတ်သိမ်းကြတာ ဖြစ်တယ်လို့ CTUM က လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
“ လောလောဆယ်မှာတော့ အလုပ်ရှင်အများစုကနေ ထွက်နေတဲ့အသံအရတော့ ကုန်ကြမ်းပြတ်လပ်တာထက် သူတို့က အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးမကောင်းလို့ပေါ့နော်။ သူတို့ (အလုပ်ရှင်) စိတ်ရှုပ်ပြီးတော့ ပိတ်တယ်ဆိုတဲ့ အသံမျိုး တွေ ကြားနေရတယ်” လို့ သူက ပြောတယ်။
သူတို့အဖွဲ့ချုပ်အနေနဲ့ အဖွဲ့ဝင်အလုပ်သမားတွေကို သပိတ်မှောက်တာ၊ ဆန္ဒပြတာတွေ လက်ရှိကာလမှာ မပြုလုပ်ကြဘဲ အကြပ်အတည်းကို အလုပ်ရှင်နှင့်အတူတကွ ဖြေရှင်းကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူကဆိုပါတယ်။
အလုပ်ရှင်တွေဘက်ကလည်း ကုန်ကြမ်းပြတ်လပ်နေတဲ့ကာလတွေအတွင်း တောင့်ခံပေးဖို့ အလုပ်သမားသမဂ္ဂအဖွဲ့တွေ ကို ညှိနှိုင်းမှုတွေရှိပြီး ယင်းအကြပ်အတည်းအပေါ် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးမှုကို သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းကတော့ တရုတ်နိုင်ငံ၊ ဒေသစုံမှ ကုန်ကြမ်းပစ္စည်းများကို မြန်မာပြည်အတွင်း တင်သွင်းလုပ်ကိုင်ကြတာဖြစ်တာကြောင့် ကုန်ကြမ်းမစုံမလင်ဖြစ်နေတာ ကြောင့် စက်ရုံတွေမှာ အလုပ်မလည်ပတ်နိုင်ဖြစ်နေကြတာလို့ ပြောပါတယ်။ တချို့စက်ရုံတွေဟာ ကုန်အမှာစာ ပယ်ဖျက် ခံရတာ၊ အမှာစာထပ်မရတာတွေဟာ စက်ရုံတွေပိတ်ရတဲ့အကြောင်းအရင်းတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
မနေ့ကအထိ ကမ္ဘာ့ကျန်းမာရေးအစည်းအရုံး(WHO) ရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ပျံ့နှံ့မှု ကြောင့် နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှာ လူပေါင်း ၁၁၃,၀၀၀ ကျော် ရောဂါကူးစက်ခံထားရပြီး လေးထောင်ကျော်သေဆုံးခဲ့ ပြီလို့ ဖော်ပြပါတယ်။
တရုတ်နိုင်ငံအတွင်းမှာ ရှစ်သောင်းကျော်ကူးစက်ခံရပြီး သုံးထောင်ကျော်သေဆုံးနေပြီဖြစ်ကာ တရုတ် ပြင်ပ နိုင်ငံအသီးသီးမှာ သုံးသောင်းကျော်ကူးစက်ခံရကာ ရှစ်ရာကျော်သေဆုံးခဲ့ပြီလို့ ဖော်ပြထားတယ်။ မြန်မာနိုင်ငံ အတွင်းမှာတော့ ဒီကူးစက်ရောဂါနဲ့ပတ်သက်လို့ စောင့်ကြည့်လူနာတွေရှိပေမယ့် ဒီရောဂါနဲ့သေဆုံးမှုတော့ မရှိသေးဘူး လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Dailynews