ညနေ ခြောက်နာရီဝန်းကျင်တွင် ကိုဝင်းနိုင် သည် အလုပ်သိမ်းကာ အိမ်သို့ စက်လှေ မောင်းပြီး ပြန်လာခဲ့သည်။ လှေကို မြစ်ကမ်း နားရှိ ဝါးတိုင်တွင် ကြိုးချည်လိုက်၏။ လှေ ပေါ်မှ စက်ကိုလည်း ဖြုတ်ကာ အိမ်ပေါ်တွင် သိမ်းထားလိုက်သည်။ ပြီးနောက်ရေချိုးရန် ဇနီးနှင့်အတူ မြစ်ကမ်းနားသို့ ထွက်ခဲ့သည်။
ရေမချိုးသေးခင် ဇနီးနှင့် မြစ်ကမ်းနား ရှိ ဝါးတံတားလေးတွင် ထိုင်နေရင်း ”မိခိုင် ရေ၊ ငါ မနက်ဖြန်ဆိုရင်တောင် အလောင်း တစ်လောင်း ဆယ်ပေးရဦးမယ်”ဟု ကိုဝင်းနိုင်က ဆိုသည်။
ဇနီးဖြစ်သူက ”ဘယ်အလောင်းလဲ”ဟု ပြန်မေးသည်။
”ဈေးကူးတို့ဆိပ်မှာ။ ရေဆင်းချိုး ရင်းနဲ့ ကျသွားတာ”
ပြီးခဲ့သည့်ရက်က ရန်ကုန်မြို့ရှိ မင်္ဂလာဆောင်သို့ သွားပြီး ပြန်လာသည့် အမျိုးသားတစ်ဦးသည် ဈေးကူးတို့ဆိပ်တွင် ရေ ချိုးနေစဉ် ပုသိမ်ငဝန်မြစ်ထဲ ကျသွားခဲ့သည်။ နောက်တစ်ရက် ဆိုလျှင် သုံးရက်ပြည့်ပြီဖြစ်ရာအလောင်းပေါ်မည်ဖြစ်၏။
ထို့ကြောင့် ယင်းအလောင်းအား ဆယ်ယူပေးရန် ကိုဝင်း နိုင်ကို အလောင်းရှင်မိသားစုက အကူအညီ လာတောင်းထားသည်။
”အေး၊ ဆယ်ပြီးလို့ရှိရင် ခေါင်းတွေ ဘာတွေ လျှော်၊ ရေမိုး ချိုးပြီးမှ အိမ်ပြန်တက်လာ” ဟု ဇနီးဖြစ်သူက ကိုဝင်းနိုင်ကို သတိ ပေးသည်။
ကိုဝင်းနိုင်သည် ဇနီးနှင့် ယင်းသို့ ထိုင်စကားပြောနေစဉ် ပုသိမ်မြို့ဘက်ခြမ်း၊ ဥမ္မာဒ္တီဆိပ်ကမ်းမှ စက်လှေတစ်စီး ထွက် လာတာကို လှမ်းမြင်လိုက်သည်။ ယင်းစက်လှေနှင့် မျက်နှာချင်း ဆိုင်တွင် ကျောက်တွဲသင်္ဘောတစ်စီးကလည်း ဆိပ်ကမ်းသို့ ကပ် လာနေသည်။
”မိန်းမရေ၊ သင်္ဘောတော့ တိုးတော့မယ်။ တိုးပြီ တိုးပြီ”ဟု ရေရွတ်နေဆဲမှာပင် စက်လှေတစ်စီးနှင့် ကျောက်တွဲသင်္ဘော တို့ ဝင်တိုက်မိပြီး ‘ဝုန်း’ ဆိုသည့် အသံပင်ထွက်သွားသည်ဟု ကိုဝင်းနိုင်က ဆိုသည်။
အချိန်က ညနေ ၆နာရီ ၄၅ မိနစ်ဝန်းကျင်ခန့် ဖြစ်သည်။ ကိုဝင်းနိုင်သည် အဖြစ်အပျက်အားလုံးကို အစ၊ အဆုံး မြင်လိုက်ရ သည်ဟု ဆိုသည်။ ငွေကြယ်ပွင့်စက်လှေသည် ဥမ္မာဒန္တီဆိပ်ကမ်း က ထွက်ခွာလာသည့် တစ်ချိန်တည်းတွင် ပုသိမ်မြို့၊ ငဝန်မြစ်ဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်းသို့ အသွားအပြန် ပြေးဆွဲပေးနေသည့် စည်ပင်ကူးတို့စက်လှေကလည်း ကမ်းမှ ထွက်ခွာလာသည်ဟု ကိုဝင်းနိုင်က ရှင်းပြသည်။
ထိုစဉ် မြစ်၏တစ်ဖက်ကမ်းသို့ ဦးတည်ကာ ကန့်လန့်ဖြတ် မောင်းနေသည့် စည်ပင်ကူးတို့စက်လှေ၏ ဦးဘက်မှ ငွေကြယ်ပွင့် စက်လှေက ကျော်တက်ဖို့ ကြိုးစားလေ၏။ ကျော်တက်လို့ မဖြစ် နိုင်တော့သည့် အခြေအနေတွင် စက်လှေကို ခဏမှေးထားလိုက် ပြီး ကူးတို့စက်လှေ၏ အနောက်ဘက်မှ ပြန်ထွက်ဖို့ လုပ်သည်။ ထို အချိန်တွင် ငွေကြယ်ပွင့်စက်လှေသည် ပုသိမ်ကမ်းဘက်သို့ ဦး တည်နေသည့်အနေအထားဖြစ်နေပြီဟု ကိုဝင်းနိုင်က သူမြင်တွေ့ ခဲ့ရသည့် ဖြစ်စဉ်ကို မြေပုံဆွဲကာ ရှင်းပြသည်။
”အဲဒီအချိန်မှာ တွဲသင်္ဘောကလည်း ရေဆန်အတိုင်းကို တက်လာတာ”ဟု သူက နဒီရွှေစင်ကျောက်တွဲသင်္ဘော၏ အရှေ့ တွင် ငွေကြယ်ပွင့်စက်လှေ ကန့်လန့်အနေအထားဖြစ်သွားသည့် ပုံကို သူက ဆက်လက်ရှင်းပြသည်။
ထိုသို့ တိုက်မိတော့မည့်အချိန်တွင် စည်ပင်ကူးတို့စက်လှေ ပေါ်မှ ခရီးသည်များကလည်း ‘ဟေ့ ရှေ့မှာ တွဲတွဲ’ဟု ဝိုင်းအော် သတိပေးကြသည်ဟု ကိုဝင်းနိုင်က ဆိုသည်။
ငွေကြယ်ပွင့် စက်လှေအားဝင်တိုက်ခဲ့သည့် နဒီရွှေစင်သင်္ဘော Photo: Kyaw Zayar Htun/Mawkun Magazine
ငွေကြယ်ပွင့်စက်လှေသည် နဒီရွှေစင်ကျောက်တွဲသင်္ဘော နှင့် တိုက်မိတော့မည့်အချိန်တွင် စက်လှေ၏ ပန်ကာကို ရေပေါ် တွင် ဖော်ထားသည်။
”ဟိုကောင်(တွဲသင်္ဘော)က နောက်ဘက်ကို ပြန်ဆွဲတယ်။ အနားကပ်လာလေ ဘက်(Back)ဆွဲလေ။ ဘက်ဆွဲတဲ့စက်သံက ကျွန်တော်တို့သိတယ်။ (ရေ)ဗွက်လုံးက ဗိုက်အောက်ကပဲ ရှေ့ကို ပြန်ထွက်တာ။ သင်္ဘောက နောက်ပြန်ဆွဲတာတောင်မရလိုက်ဘူး။ အဲဒီမှာကန့်လန့်တိုးတာ”
သူအလုပ်လုပ်သည့် ကမ်းပြိုလှေဆိပ်အနားရှိ ဆီတွဲတွင် ဆိုက်ကပ်ရန် ရောက်လာသည့် နဒီရွှေစင် ကျောက်တွဲသင်္ဘောမှာ ဆီတွဲသို့ မရောက်မီ ပေ ၄ဝ၊ ၅ဝ အကွာတွင် စက်လှေနှင့် တိုက် မိခဲ့ခြင်းဖြစ်သည်။
အတိုက်ခံရသည့်စက်လှေမှာ တိမ်းမှောက်သွားပြီး တွဲ သင်္ဘော၏ ဘယ်ဘက်ဦးပိုင်းမှ ထွက်ကာ မြစ်လယ်ဘက်သို့ မှောက်ခုံအနေအထားဖြင့် ပြန်ပေါ်လာသည်ဟု သူက ဆိုသည်။
ထိုအခါ ကိုဝင်းနိုင်သည် ထိုးဝါးတွင် ချည်ထားသည့် သူ့ လှေကိုဖြုတ်ကာ တိမ်းမှောက်နေသည့် စက်လှေထံသို့ လှေကို အတင်းခတ်ကာ သွားလေသည်။ သူထိုင်နေသည့်ကမ်းမှ အခင်း ဖြစ်သည့်နေရာသို့ နှစ်မိနစ်ခန့်သာ လှေလှော်လိုက်ရသည်။ သူ သည် တိမ်းမှောက်သွားသည့် ငွေကြယ်ပွင့်စက်လှေဆီသို့ ပထမ ဆုံး ရောက်သွားခဲ့သူ ဖြစ်သည်။
သူရောက်သွားသည့်အချိန်တွင် ငဝန်မြစ်ရေပြင်၌ လူများ ကူးခတ်ကာ ”ကယ်ကြပါဦး၊ ကယ်ကြပါဦး”ဟု အော်ဟစ်နေ သည်ကို သူ တွေ့လိုက်ရသည်။
ထို့ကြောင့် သူသည် ရေထဲကူးခတ်နေကြသူများကို လှေ ပေါ်သို့ တစ်ယောက်ချင်းဆွဲတင်သည်။ စုစုပေါင်း အမျိုးသား ခုနစ်ယောက်ကို သူ့လှေပေါ်သို့ ဆွဲတင်နိုင်လိုက်၏။
”ကျွန်တော့်လှေထဲ ရောက်နေတဲ့ ခုနစ်ယောက်စလုံးက မူးနေတဲ့ သူတွေချည်းပဲ။ တစ်ယောက်ချင်းဆွဲတင်ရတာ၊ သူတို့ဆီ က အရက်နံ့က ခံမှ မခံနိုင်ဘဲ။ လှေထဲရောက်တော့ ထမှ မထ နိုင်တော့တာ။ ငိုဟယ်၊ ပြုဟယ်တွေ လုပ်ကြတယ်။ တအားမူးပြီး ဟော့ဟော့ရမ်းရမ်းဖြစ်နေတဲ့ ပုံစံမျိုးတွေ” ဟု ဆယ်ယူစဉ်က သူ့အတွေ့အကြုံကို ကိုဝင်းနိုင်က ပြန်ရှင်းပြသည်။
လှေပေါ်ရောက်လာသည့် အမျိုးသားတချို့က ကျောက်တွဲ သင်္ဘောသမားများကို ဆဲကြသည်။ တချို့ကလည်း ကျောက် တွဲသမား အမှားမဟုတ်ဘဲ သူတို့စက်လှေသမား၏ အမှားသာဖြစ် သည်ဟူသော ဝေဖန်ပြောဆိုသံတွေကို ကြားခဲ့ရသည်ဟု သူက ဆိုသည်။
ခရီးသည် ၆၀ခန့် သယ်ဆောင်လာသည့် ငွေကြယ်ပွင့်စက်လှေ Photo: Kyaw Zayar Htun/Mawkun Magazine
မြစ်ထဲကူးခတ်နေသူများကို ကိုဝင်းနိုင်လိုက်လံဆယ်ယူ နေသည့်အချိန်တွင် စည်ပင်ကူးတို့စက်လှေကလည်း ကမ်းကို မကပ်တော့ဘဲ ခရီးသည်များနှင့်အတူ တိမ်းမှောက်သွားသည့် ငွေကြယ်ပွင့်စက်လှေဆီသို့ အကူအညီပေးရန် နောက်သို့ ပြန် လှည့်လာသည်။
”မှောက်ခုံဖြစ်နေတဲ့ စက်လှေရဲ့ ဦးပိုင်းပေါ်မှာ လူ ၁၈ ယောက်လောက်ရှိတယ်။ သူတို့ကို စည်ပင်ကူးတို့က အရင်ဆုံး လာခေါ်သွားတယ်” ဟု ကိုဝင်းနိုင်က ပြောသည်။
ပထမက ကိုဝင်းနိုင်သည် မှောက်နေသည့် စက်လှေကို ဂရု မထားဘဲ ရေထဲတွင် ကူးခတ်နေကြသည့်သူများကိုသာ အဓိက ထား ကယ်ဆယ်ခဲ့သည်။ သို့သော် သူ့လှေပေါ် ရောက်လာသူများ က စက်လှေထဲတွင် လူတွေများစွာ ကျန်ရှိနေသေးကြောင်း ပြော သည့်အခါမှ စက်လှေအောက် ရောက်နေသူများကို ကယ်ဆယ် ရန် ပြင်ဆင်တော့သည်။
ထို့ကြောင့် ကိုဝင်းနိုင်သည် ခရီးသည်များတင်ကာ ပုသိမ် ဘက်ကမ်းသို့ ပြန်လာသည့် ကမ်းပြိုလှေဆိပ်မှ လုပ်ဖော်ကိုင် ဖက် ကိုမင်းအောင်နှင့် ကိုတင်စိုးတို့ နှစ်ဦးအား အော်ခေါ်လိုက် သည်။ သူတို့နှစ်ဦး၏ စက်လှေနှစ်စီး ရောက်လာသည့်အခါ မှောက်ခုံအနေအထားဖြစ်နေသည့် ငွေကြယ်ပွင့်စက်လှေကို ကြိုးချည်ကာတစ်ဖက်စီမှဆွဲပြီး ကမ်းဘက်သို့ မောင်းတော့သည်။
ကိုဝင်းနိုင်သည် သူ့လှေထဲရှိ အမျိုးသားများအား ငွေကြယ် ပွင့်စက်လှေကို ကိုင်ဆွဲကာ ကမ်းသို့ လိုက်ခဲ့ရန် မှာထားပြီး သူက တော့ မှောက်ခုံဖြစ်နေသည့် စက်လှေဝမ်းဗိုက်ပေါ်သို့ ခုန်တက် လိုက်သည်။ ထိုအခါ သူ့စိတ်ထဲတွင် စက်လှေ၏ ဝမ်းကို ဖောက်ဖို့ စိတ်ကူးပေါ်လာသည်။
”စက်လှေက လေစုပ်နေရင် လှန်လို့မရဘူး။ အပေါက်မရှိ ဘူးဆိုရင် လူဆယ်ယောက်နဲ့လည်း လှန်လို့မရဘူး။ အယောက် ၄ဝ၊ ၅ဝ လှန်လည်း မရဘူး။ အပေါက်ခပ်ကြီးကြီးပေါက်သွားရင်တော့ လေး၊ ငါးယောက်နဲ့လည်း လှန်လို့ ရတယ်။ ကျွန်တော်တို့က လှေခတ်စားနေတော့ သိတယ်။ လှေကို မှောက်ဟယ်၊ လှန်ဟယ် လုပ်ဖူးတယ်လေ။ လေထွက်သွားရင် အထဲကလူလည်း အသက် ရှူလို့ရမယ်”ဟု စက်လှေဝမ်းကို ဖောက်ရန် အကြံရပုံကို ကိုဝင်း နိုင်က ရှင်းပြသည်။
သို့ဖြစ်၍ သူသည် ငွေကြယ်ပွင့်စက်လှေ၏ ဝမ်းကို လက် ဖနောင့်နှင့် ဆောင့်ကြည့်သည်။ သို့သော် မရ။ ထို့ကြောင့် သူ့လှေ ထဲရှိ သံချွန်ကိုယူပြီး စက်လှေ၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်ရာ ပျဉ်ပြားတစ်ချပ် ကွာသွားသည်။ ယင်းပျဉ်ပြားကို ဆွဲခွာပြီး ပွင့် သွားသည့်အပေါက်မှ လက်နှိုက်ကာ လိုက်စမ်းကြည့်သည်။
”ဆံပင်ကို သွားစမ်းမိတယ်။ အဲဒါနဲ့ ဆွဲမပြီး သူ့မေးစေ့ အောက်ကို စမ်းကြည့်တော့ လှုပ်နေတုန်းပဲ။ ဒါနဲ့ လက်နှစ်ဖက်နဲ့ ခေါင်းကိုမပြီး အသက်ရှူလို့ရအောင် ပျဉ်ပေါက်နားကို တေ့ပေး ထားလိုက်တယ်”ဟု လှေကို ဖောက်ကြည့်ရာမှ မိန်းကလေးတစ် ယောက်အား တွေ့ ခဲ့ရပုံကို ကိုဝင်းနိုင်က ရှင်းပြသည်။
ပြီးတော့ စက်လှေမောင်းနေသည့် သူ့မိတ်ဆွေနှစ်ဦးအား ”ခပ်ကြမ်းကြမ်း မောင်းပေး”ဟု လှမ်းအော်ပြောလိုက်သည်။ မိနစ် ၃ဝ ခန့်အကြာမှာတော့ စက်လှေသည် ကမ်းအနားသို့ ရောက်သွားလေတော့သည်။ သို့သော် စက်လှေ၏ အမိုးအကာ များက အောက်မှ ထောက်နေသဖြင့် စက်လှေကို ကမ်းပေါ်သို့ တင်မရဘဲ ရေထဲမှာသာ ရပ်ထားလိုက်ရသည်။
ကမ်းနားသို့ရောက်သည့်အခါ လူတစ်ယောက်ကို မိန်း ကလေး၏ ခေါင်းအား ကိုင်ခိုင်းထားစေသည်။ ပြီးလျှင် သူသည် ရေထဲသို့ဆင်းသွားကာ မိန်းကလေးကို သွားရှာ၏။ ပထမတွင် စက်လှေ၏ အကာအရံများနှင့် ခေါင်းကို ဆောင့်မိသည်၊ မေးစေ့ ကို ထိုးမိသည်။
ထို့ကြောင့် မိန်းကလေးကို မတွေ့ဘဲ စက်လှေဝမ်းအောက် က ပြန်ထွက်လာသည်။ ဒုတိယအကြိမ် ထပ်ငုပ်သည့်အခါမှ ကိုဝင်းနိုင်သည် မိန်းကလေးကို စမ်းမိလေ၏။
ထို့ကြောင့် ထိုမိန်းကလေးကို စက်လှေအောက်ထဲမှ ဆွဲ ထုတ်လာခဲ့သည်။ ပြီးလျှင် မိန်းကလေးအား ပခုံးပေါ်ထမ်းကာ မှောက်ခုံဖြစ်နေသည့် စက်လှေပေါ်တွင် သုံး၊ လေးခေါက်လောက် ပြေးကြည့်သည်။ ထိုအခါမှ မိန်းကလေး၏ ပါးစပ်မှ ရေများ၊ အစာ များ ထွက်ကျလာပြီး ခန္ဓာကိုယ်က လှုပ်ရှားလာသည်ဟု ကိုဝင်း နိုင်က ဆိုသည်။
ယင်းနောက် မိန်းကလေးကို စည်ပင်ကူးတို့ပေါ်သို့ တင်ပေး လိုက်ပြီး သူကတော့ စက်လှေအောက်တွင် ကျန်နေသေးသည့် လူများကို ဆက်၍ ရှာဖွေပေးသည်။ သို့သော် သူရေငုပ်ပြီး ဆယ် ယူခဲ့သည့်လူများမှာ တစ်ယောက်မှ အသက်မရှိတော့။ ထို့ကြောင့် ကျန်နေသူများကို ဆက်လက်ရှာဖွေနေရင်း သူကယ်ဆယ်ခဲ့သည့် မိန်းကလေး အသက်ရှင်၊ မရှင်ကို လှမ်းမေးမိသည်။
စည်ပင်ကူးတို့ပေါ်မှ လူတစ်ယောက်က ”အသက် ရှင် တယ်၊ ရှင်တယ်၊ ဘာမှ မပူနဲ့” ဟု ပြန်ဖြေသည့်အခါ ”ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကယ်လိုက်တဲ့ သူတစ်ယောက် အသက်ရှင်သွားတယ်ဆိုတော့ တအားဝမ်းသာ တယ်”ဟု ကိုဝင်းနိုင်က ဆိုသည်။
(သို့သော် အဆိုပါ မိန်းကလေးမှာ သေဆုံးသွားခဲ့သည်ဟုစက်လှေတိမ်းမှောက်မှုမှ လွတ်မြောက်ခဲ့သည့် ရခိုင်ကုန်းရွာမှ အသက် ၃၈ အရွယ် ကိုညီညီအောင်က ဆိုသည်။ ကိုဝင်းနိုင်ကို ပြန်လည်ဆက်သွယ်ပြီး အတည်ပြုသည့်အခါတွင် ကယ်ဆယ်နေ သူများ အားတက်စေရန် အသက်ရှင်သည်ပြောခြင်းလည်းဖြစ် နိုင်ကြောင်း ၎င်းက ထင်မြင်ချက်ပေးသည်။)
မည်သည့်အချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာ ကြသနည်းဆိုတာကိုတော့ ကိုဝင်းနိုင်က ယခုလို ပြန်ဖြေသည်။ ”ကျွန်တော် လေးလောင်းလောက်ဆယ်ပြီးမှ ကယ်ဆယ်ရေးအဖွဲ့ တွေ ရောက်လာကြတာ”ဟု ဆိုသည်။
ငွေကြယ်ပွင့်စက်လှေအောက်တွင် ထပ်မံရှာဖွေခဲ့ကြရာ တွင် စုစုပေါင်း သေဆုံးသူအလောင်း ၁၆လောင်းကို ရေငုပ်ပြီး ဆွဲထုတ်နိုင်ခဲ့ကြသည်။ ပြီးလျှင် စက်လှေကို လူအင်အားဖြင့် လှန်ဖို့ ကြိုးစားကြသည်။ စက်လှေကို ဆွဲလှန်နိုင်ရန် ကိုဝင်းနိုင်က စက်လှေ၏ အနားတစ်ဖက်ကို ကြိုးနှစ်ချောင်း ချည်ပေးလိုက်သည်။
တစ်ဖက်က လူအင်အားနှင့် ဝိုင်းဆွဲကြသလို ရေထဲမှလည်း သင်္ဘောတစ်စီးက တွန်းပေးသည်။ ဤသို့ဖြင့် မှောက်ခုံဖြစ်နေ သည့် ငွေကြယ်ပွင့်စက်လှေမှာ ပြန်လည်တည့်မတ်နိုင်ခဲ့သည်။ ထိုအခါ စက်လှေထဲမှ အလောင်းနှစ်လောင်း ထပ်မံရရှိခဲ့သည်။ အချိန်က ည ဆယ်နာရီထိုးတော့မည်ဖြစ်သည်။
”ကျွန်တော်ပြန်တော့ ၁၈ လောင်း၊ ကုန်ပြီဆိုပြီးထားခဲ့ တာ (စက်လှေ)ဦးခေါင်းထဲက နှစ်လောင်းထပ်ရတယ်”ဟု သူက ဆိုသည်။
ကိုဝင်းနိုင် ကူညီခဲ့ရသည့် အထက်ပါ စက်လှေတိမ်းမှောက် မှုသည် ဧပြီ ၇ ရက် ညနေ ၇နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မြစ်ကမ်းနား၊ ကမ်းပြိုလှေဆိပ်အနီးတွင် ခရီးသည်တင် ငွေကြယ်ပွင့်စက်လှေနှင့် နဒီရွှေစင်ကျောက်တင်တွဲသင်္ဘောတို့ တိုက်မိခဲ့ကြသည့် စက်လှေနစ်မြုပ်မှုပင် ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် အမျိုးသမီး၊ အမျိုးသား ၃ဝ ဦး သေဆုံး ခဲ့ပြီး ၃ဝ ဦး အသက်ရှင် လွတ်မြောက်ခဲ့သည်။ တိမ်းမှောက်ခဲ့သည့် ငွေကြယ်ပွင့်စက်လှေသည် ငပုတောမြို့နယ်၊ ရခိုင်ကုန်းကျေးရွာမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ စက်လှေပေါ်တွင် လိုက်ပါလာသူ များမှာ တစ်ရွာတည်းနေ ဆွေမျိုးသားချင်းများဖြစ်ကြပြီး စက်လှေကို စင်းလုံးငှားကာ ပုသိမ်ဟိုတယ်တွင်ကျင်းပမည့် မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
ညပိုင်းက ပင်ပန်းထားသည့်အတွက် ကိုဝင်းနိုင်သည် မနက်စောစော အိပ်ရာကမထနိုင်။ ရေငုပ်ထားခြင်းကြောင့် နား များလည်း ကိုက်နေသည်။ သူ နိုးလာသည့်အချိန်မှာ မနက် ၆ နာရီကျော်နေပြီဖြစ်၍ အလုပ်ဝင်၍ မရတော့။ သူစက်လှေမောင်း သည့်ကမ်းပြိုလှေဆိပ်တွင် မနက် ၆ နာရီကျော်လျှင် အလုပ်မဝင် ရန် စည်းကမ်းထုတ်ထားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ယင်းနေ့က အလုပ်မသွားတော့ဘဲ ရပ်ကွက်ထဲ တွင် ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောဖြစ်ခဲ့ကြသည်။ ဤ သို့ဖြင့် စက်လှေတိမ်းမှောက်မှုကို မျက်မြင်တွေ့ ခဲ့သည့် ကိုဝင်းနိုင်အကြောင်းကို တစ်စတစ်စ သိသွားကြသည်။ ယင်းမနက်ပိုင်း၌ပင် နဒီရွှေစင်သင်္ဘောပိုင်ရှင်ဘက်က ကိုဝင်းနိုင်ထံ ဖုန်းနှင့် ဆက် သွယ်လာသည်။
၎င်းက ကိုဝင်းနိုင်ကို ဖြစ်စဉ်အား အမှန်အတိုင်းပြောပေးရန် နှင့် သူ့အနေဖြင့် ကိုဝင်းနိုင်ကို ပစ်မထားပါဘူးဆိုသည့် သဘော ပြောလာသည့်အတွက် ”ကျွန်တော် အဲဒါတွေ စိတ်မဝင်စားဘူး။ ကျွန်တော်တွေ့တာကို တွေ့တဲ့အတိုင်း ပြောပေးမယ်။ ကျွန်တော့် စကားတစ်ခွန်းကြောင့်လည်း သူများ ဒုက္ခမရောက်စေရဘူး။ သူများ ဒုက္ခရောက်မယ့်အလုပ်လည်း ကျွန်တော်မလုပ်ဘူး”ဟု ပြန်လည် တုံ့ပြန်ခဲ့သည်ဟု ကိုဝင်းနိုင်က ဆိုသည်။
ထို့ကြောင့် နေ့လယ်တွင် ကိုဝင်းနိုင်သည် ရေကြောင်းရုံး များသို့သွားကာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ မေးမြန်းသမျှကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ရသည်။ သူ့ကို စစ်ဆေးသူများမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ရေကြောင်း ရုံးမှ အရာရှိတစ်ဦးစသဖြင့် စုစုပေါင်း ငါးဦးက စစ်ဆေးသည်ဟု သူက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဧပြီ ၈ ရက် တွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်ပွားရသည့် အကြောင်း ရင်းကို အဖြစ်မှန် စုံစမ်းစစ်ဆေးနိုင်စေရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တိုင်းဆိပ်ကမ်းအရာရှိမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်၊ တိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ တိုင်း ဦးစီးမှူး၊ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရေကြောင်း ရဲတပ်ဖွဲ့မှ တပ်ခွဲစုမှူးတို့ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုဝင်းနိုင်ကို ဖြစ်စဉ်၏ အစ၊ အလယ်၊ အဆုံး မြင်ခဲ့သမျှ ကြားခဲ့သမျှတို့ကို မေးမြန်းသည်။ သူ့ အနေဖြင့် လူဘယ်နှစ်ယောက်ကို ကယ်တင်ခဲ့သည်၊ လူသေ ဘယ်နှလောင်းဆယ်ယူခဲ့သည် စသည်တို့ကိုလည်း အသေးစိတ် မေးမြန်းသည်။ အားလုံးမေးပြီးသည့်အခါတွင် ယခုဖြစ်စဉ်၌ မည် သူမှားသနည်းဆိုတာကို ကိုဝင်းနိုင်ထံ သဘောထား တောင်း ခံသည်။
ထိုအခါ ကိုဝင်းနိုင်က ”ကျွန်တော်ကလည်း စက်လှေ မောင်းတဲ့သူပဲ၊ အခုအတိုက်ခံရတဲ့သူကလည်း စက်လှေပဲ။ ဒါ ပေမဲ့ ကျွန်တော် ဘယ်ဘက်မှမလိုက်ဘူး။ ကျွန်တော်အမှန် အတိုင်းပဲပြောမယ်”ဟု အစချီကာ သူတွေ့ခဲ့သမျှ သူ့သဘော ထားကို ပြောပြသည်။
”စက်လှေသမား မူးသည်ဖြစ်စေ၊ မမူးသည်ဖြစ်စေ သူ တို့မှားတယ်လို့ဆိုရင် မလွန်ဘူး။ သူတို့ဘက်က ကျိန်းသေမှား တာ။ သူတို့ဟာ ရေစုန်ဆင်းလာတာပါတယ်။ စက်လှေက Over Weight လည်းဖြစ်နေတယ်။ စက်လှေတစ်စီးမှာ ၁၈ ယောက် ၁၉ ယောက်ပဲ တင်ရတယ်။ အခုက အယောက် ၆ဝ ဖြစ်နေတယ်။ အဲဒီဝိတ်ကို မထိန်းနိုင်လို့ တိုးမိတယ်လို့ ယူဆလို့ရတယ်” ဟု သူက ရှင်းပြသည်။
ထိုနေ့က ကိုဝင်းနိုင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ မေး မြန်းသမျှကို ဖြေပေးရသည်။ အဆိုပါရုံးတွင် တစ်နေကုန် နေပေး ရသည်။ နေ့လယ်ထမင်းစားချိန်သာ အိမ်သို့ ခဏပြန်ခွင့်ရသည်။ ညနေပိုင်းတွင် နောက်တစ်ခေါက် ထပ်သွားရသည်။ နောက်တစ် ရက်တွင်လည်း အဆိုပါ ရေယာဉ်ရုံးသို့ ထပ်သွားရပြန်သည်။
ထို့ကြောင့် ကိုဝင်းနိုင်သည် စုံစမ်းစစ်ဆေးနေသည့်ကိစ္စတွေ အမြန်ဆုံးပြီးစေရန် ဆုတောင်းနေမိသည်။ တရားရုံးများသို့လည်း ထပ်မံ မသွားလိုတော့။
”ဘာဖြစ်လို့လဲဆိုတော့ အလုပ်တွေ အပျက်မခံချင်လို့။ အလုပ်က ရေရှည်လုပ်စားရမယ့် အလုပ်တွေရှိတယ်။ တစ်ရက် မခတ်၊ နှစ်ရက် မခတ်နဲ့ လေး၊ ငါးရက် ဖြစ်လာရင် ခရီးသည်တွေကို ပြန်ထိန်းဖို့ မလွယ်ဘူး။ ကျွန်တော့်ဆီမှာ အမြဲတမ်းစီးနေတဲ့သူတွေ သူများလက်ထဲ ရောက်သွားမှာပေါ့” ဟု အလုပ်မပျက်ချင်သည့် အကြောင်းကို သူက ရှင်းပြသည်။
သူ့အနေဖြင့် သင်္ဘောအဆက်အသွယ်နှင့် ဖောက်သည် များ ရှိသဖြင့် တစ်ရက်လျှင် အနည်းဆုံးဝင်ငွေက ကျပ်တစ် သောင်းဝန်းကျင်ခန့် ရသည်။
”ဒါကြောင့် သူတို့ခေါ်တဲ့အခါ သွားဖို့ စိတ်ကုန်လာပြီ။ သူ တို့အတွက် အပန်းမကြီးပေမယ့် ကျွန်တော်အတွက်က အခက် အခဲရှိတယ်”ဟု သူက ဆိုသည်။
စက်လှေနစ်မြုပ်မှု အဖြစ်မှန်စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းမေးမြန်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးသည့်နောက်တွင် ငွေ ကြယ်ပွင့်စက်လှေမောင်းသူ ဦးသီဟအောင်နှင့် နဒီရွှေစင် ကျောက်တွဲသင်္ဘောမှ သင်္ဘောမောင်းသူ ဦးအောင်တို့ကို ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က၊ ၃၃၇၊ ၃၃၈၊ ၂၈ဝ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။
ကိုဝင်းနိုင်ကတော့ သူလုပ်စရာရှိသည့်အလုပ်ကို လုပ်ပေး ပြီးပြီဖြစ်၍ ပုသိမ်မြို့၊ ကမ်းပြိုလှေဆိပ်တွင် ပုံမှန်အတိုင်း စက် လှေမောင်းလျက်ရှိသည်။ စက်လှေမှောက်မှုတွင် သူ ကူညီခဲ့သည့် အတွက်လည်း သူထံ မည်သူမျှ လာရောက်ပြီး ကျေးဇူးတင်စကား မဆို။
”သူတို့ဟာနဲ့ သူတို့ အလုပ်တွေ ရှုပ်နေလို့လည်း ဖြစ်မှာပါ။ ကျွန်တော်လည်း ဘာမှ မစဉ်းစားပါဘူး။ လူ့အသက်တစ်ချောင်း ကယ်ဖို့ပဲ ခေါင်းထဲထည့်တာ”ဟု သူ့ရဲ့စေတနာအတွက် မည် သည့်အကျိုးကိုမှ မမျှော်လင့်ကြောင်းကို ကိုဝင်းနိုင်က ဖွင့်ဟသည်။
ရေနစ်သူတို့ကို ကယ်ဆယ်ခြင်း၊ ရေနစ်သေဆုံးသွားသူတို့ ကို ဆယ်ယူပေးခြင်းအလုပ်တို့မှာ ကိုဝင်းနိုင် ယခုမှ စလုပ်တာ မဟုတ်။ ငဝန်မြစ်ထဲ ရေနစ်သေသည့်အလောင်းများ ဆယ်ယူရန် ရှိပါက သွားဆယ်ပေးနေကြဖြစ်သည်။ သူများမကိုင်ချင်သည့် အလောင်းများကိုပင် သူက ကိုင်တွယ်ကူညီပေးသည်။
သူနေသည့် ပုသိမ်မြို့၊ အမှတ်(၉)၊ ရွှေဝက်လူးရပ်ကွက်တွင် လူသေအလောင်းများ ကိုင်တွယ်ဖို့ရှိပါကလည်း ပိုက်ဆံပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူက ကူညီလုပ်ကိုင်ပေးသည်။ ယင်း သို့ လုပ်ရသည့်အတွက် သူများတွေလို အရက်သေစာသောက် စားပြီး လုပ်ပေးခြင်းလည်း မဟုတ်။ သူ့အနေဖြင့် အရက်သေစာ သောက်စားခြင်း မရှိသလို ဆေးလိပ်နှင့် ကွမ်းတို့ကိုလည်း မှီဝဲ ခြင်း မရှိ။ ဤနေရာတွင် သူ အကူအညီမပေးချင်သည့် အသုဘ တော့ ရှိသည်။
”ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းတော့ လုပ်မပေးဘူး။ အကြောင်း က ကြီးကျယ်တဲ့သူတွေ များလို့ဗျ” ဟု ပြောရင်း သူ့ဘာသာသူ သဘောကျကာ ရယ်နေသည်။
ကမ်းပြိုလှေဆိပ်တွင် စက်လှေမောင်းသည့် ကိုချစ်ကိုက ကိုဝင်းနိုင်သည် သာရေး၊ နာရေးကိစ္စများတွင် ဝိုင်းဝန်းကူညီပေး လေ့ရှိပြီး ယင်းသို့လုပ်ရသည်ကိုလည်း ဝါသနာပါတာကို တွေ့ရ သည်ဟု ဆိုသည်။
သူသည် ကိုဝင်းနိုင်နှင့်အတူ ကမ်းပြိုလှေဆိပ်တွင် အလုပ် လုပ်ခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။ ကိုဝင်းနိုင်က သူ့ထက် စောပြီး ကမ်းပြိုဆိပ်ကမ်းသို့ ရောက်နေခြင်းဖြစ်သည်။ သာရေး နာရေးကိစ္စများတွင်လည်း အတူတူလုပ်နေကြဖြစ်သည်ဟု ဆို၏။
”အလောင်းဆယ်ဖို့ရှိရင် သူ့ကိုလာခေါ်ကြတယ်။ သိတဲ့သူ ကတော့ ပေးကမ်းခဲ့တာရှိသလို မသိတဲ့သူကျတော့ မပေးတာမျိုး ရှိတယ်”ဟု လိုက်လံကူညီပေးသည့်အတွက် အခကြေးငွေ မည် ရွေ့ မည်မျှပေးရမည်ဟု မသတ်မှတ်ထားသည့်အကြောင်းကို သူ က ရှင်းပြသည်။
ငွေကြယ်ပွင့်စက်လှေတိမ်းမှောက်မှုဖြစ်စဉ်မျိုး ကြုံကြိုက် လာသည့်အခါတွင် တချို့မှာ ကြောက်လန့်ပြီး ကြောင်သွားတာမျိုး ဖြစ်တတ်သလို ပြဿနာတစ်စုံတစ်ရာ တက်မည်စိုးသဖြင့် တာ ဝန်မယူတာမျိုးလည်း ရှိတတ်သည်ဟု သူက ဆိုသည်။
”သူကတော့ ကျန်တာ မစဉ်းစားဘူးဖြစ်လည်း ဖြစ်ရော လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖို့ လုပ်တာကတော့ တကယ် ကို မြင့်မြတ်တဲ့ စိတ်ဓာတ်ပဲ”ဟု ကိုချစ်ကိုက ချီးကျူးသည်။
ယခုစက်လှေတိမ်းမှောက်မှု မတိုင်ခင်မှာလည်း ဘိလပ်မြေ သယ်ရင်း မြစ်ထဲပြုတ်ကျသေဆုံးသွားသည့် မိန်းကလေးတစ်ဦး၏ အလောင်းအား သူကိုယ်တိုင် ဆယ်ယူကူညီပေးခဲ့သည်ဟု ဆိုသည်။
ငွေကြယ်ပွင့် စက်လှေတိမ်းမှောက်မှုတွင် သေဆုံးခဲ့သူများအား သရဏဂုံတင်နေစဉ် Photo: Kyaw Zayar Htun/Mawkun Magazine
”ကောင်လေးက စိတ်ဓာတ်ကောင်းပါတယ်။ မရှိတဲ့သူတွေ အခက်အခဲဖြစ်ရင် လုပ်ပေးတယ်” ဟု အသက် ၄၄ နှစ်အရွယ် ကိုချစ်ကိုက ဆိုသည်။
ကိုဝင်းနိုင်သည် ပုသိမ်မြို့ဇာတိဖြစ်သည်။ ပဉ္စမတန်းအထိ ကျောင်းနေဖူးသည်။ယခင်က ကုန်ခြောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့၏။ ယင်းနောက် ပုသိမ်မြို့ ငဝန်မြစ်ထဲတွင် သမ္ဗန် ခတ်သည်။ ထိုမှတစ်ဆင့် စက်လှေမောင်းသမားဘဝသို့ ရောက် လာခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ငဝန်မြစ်ထဲ သမ္ဗန်သမားဘဝ ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ၁၈ နှစ်ခန့်ရှိပြီ ဖြစ်သည်။
အသက် ၃၁ နှစ်အရွယ် သူ့ပုံစံက အသားညိုသည်။ ခန္ဓာ ကိုယ်က ပိန်ပိန်သေးသေးဖြစ်၏။ သူ့မျက်နှာတွင် သနပ်ခါးများ လိမ်းထားတတ်သည်။ သူရယ်လိုက်သည့်အခါ ဖြူဖွေးသည့်သွား များ ပေါ်လာတတ်သည်။
သူသည် ဇနီးဖြစ်သူကို မည်သည့်အလုပ်မျှ မခိုင်းဘဲ သမီး သုံးယောက်နှင့်အတူ အိမ်တွင်နေစေသည်။ သူကတော့ မိုးလင်းမှ သည် မိုးချုပ်သည်အထိ ငဝန်မြစ်ကို ဖြတ်သန်းလိုသည့် ခရီးသည် များအား စက်လှေဖြင့် အသွားအပြန်ပို့ပေးလျက်ရှိသည်။ ရေနစ် သေဆုံးသူများရှိလာပါက သူက ဆယ်ယူပေးရန် အသင့်။
ကိုဝင်းနိုင်တစ်ယောက် ဘာကြောင့် ရေနစ်သူတွေကို ကယ်သည်၊ ရေနစ်သေဆုံးသည့်အလောင်းတွေကို ဘာကြောင့် ဆယ်သနည်းဆိုသည်မှာ အကြောင်းရင်းရှိသည်။
”ကျွန်တော့်အဖေက ဗေဒင်တွက်တဲ့နေရာမှာ မှန်တယ်။ သူက ရက်အကန့်အသတ်နဲ့တောင် ဟောတယ်။ သူ မသေခင်မှာ ကျွန်တော်တို့အတွက် တစ်သက်စာ တွက်ပေးခဲ့တာမှာ ကျွန် တော့်ကို ရေဘေးနဲ့ သေကို သေရမယ်လို့ တွက်ပေးခဲ့တယ်”ဟု ကိုဝင်းနိုင်က ရှင်းပြသည်။
ရေသောက်သည့်အခါတွင်ဖြစ်စေ၊ ရေချိုးသည့်အခါတွင် ဖြစ်စေ၊ ရေတွင်းထဲသို့ကျ၍ ဖြစ်စေ၊ ရေထဲသွားလာရင်း ရေနစ်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် သေရမည်ဟု ကြိုတင်ဟောထား ခဲ့သည်။
ဒါကြောင့် ကိုဝင်းနိုင်သည် မြစ်ထဲတွင် အလုပ်စလုပ်ပြီ ဆို ကတည်းက ”ရေနစ်သေတဲ့ အလောင်းတွေကို ကိုင်မယ်လို့ ဆုံး ဖြတ်ခဲ့တယ်။ သူများမလုပ်တဲ့ အလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ် တယ်”ဟု ဆိုသည်။
သူသည် လွန်ခဲ့သည့် လေးနှစ်ခန့်က လှေမှောက်ခဲ့ဖူးသည်။ ထိုစဉ်က လှေကို လက်ဖြင့် လှော်ခတ်နေရင်း ရေစီးနှင့် မျောပါ သွားရာမှ သင်္ဘောရှေ့တွင် ကန့်လန့်ဖြစ်ပြီး လှေမြုပ်သွားခြင်း ဖြစ်သည်။
ထိုစဉ်က သူ့ခေါင်းထဲတွင် သူ့အဖေဟောထားသည့် ဟော ကိန်းကို သွား၍ သတိရသည်။ စိတ်ထဲတွင်လည်း ဒီတစ်ခါ သေပြီ ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲမှ ရွတ် ကာ လှေဗိုက်အောက်မှ ရေကူးထွက်ခဲ့ရသည်ဟုဆိုသည်။
တစ်နေ့တွင် ရေဘေးနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် သေရမည်ဟု ဖခင်က ဟောကိန်းထုတ်ခဲ့သည့်အတွက်လည်း သူက…
”ကျွန်တော်သေရင် ဘယ်လိုသေရမယ်မှန်း မသိဘူးလေ။ ရှေ့ကို ကြိုပြီးသိနေတဲ့အတွက် (အလောင်းဆယ်တာတွေကို) လုပ်နေရတယ်” ။ ။
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။
ကျော်ဇေယျာထွန်း ရေးသည်။