“ကျန်းမာတော် မူကြပါစခင်ဗျာ”
ရုပ်မြင်သံကြားစက်များ ပေါ်ဦးစဖြစ်သည့် ၁၉၈ဝ ခုနှစ် များမှပင် စတင်ကာကြားခဲ့ရသည့် အသံ။ မြင်ခဲ့ရသည့် အမူအရာ များပိုင်ရှင်။ နဖူးပြောင်သည်။ အသံသြဇာရှိသည်။ အများစိတ် မဝင်စားသည့်အကြောင်းအရာကို တီဗီဖန်သားပြင်တွင် စိတ်ပါ လက်ပါပြောနေသည်။
ည ၈ နာရီသတင်းအပြီးနှင့် ရုပ်မြင်သံကြားဇာတ်လမ်းများ မလာခင် ကြားအချိန်တွင် သူ့အရုပ်နှင့် သူ့အသံသည် ပေါ်လာ လေ့ရှိပြီး ရာသီဥတုအခြေအနေ ဖြစ်တန်ရာများကို စိတ်ပါလက်ပါ ရှင်းလင်းသည်။ အိပ်ရေးပျက်ခံကာ ရုပ်မြင်ဇာတ်လမ်းများကို စောင့်နေချိန်တွင်မှ သူ့အစီအစဉ်က ပေါ်လာတတ်သဖြင့် ကြည့်သူတွေက စိတ်မရှည်။ ပရိသတ်က တဖျစ်တောက်တောက် ပြောနေသည့်တိုင် သူကား ဖန်သားပြင်ပေါ်တွင် အကျအန ကြေညာ ပြောဆိုနေသည်။
ထိုထက်ဆိုးသည်မှာ လစဉ် လကုန်ရက်(၃ဝနှင့် ၃၁ ရက် များတွင်) သူ၏လချုပ်အစီရင်ခံဆိုသည်က ပေရှည်နေသည့်အခါ ရုပ်မြင်ကြည့်ပရိသတ်က တစ်တစ်ခွခွများ ရေရွတ်တော့သည်။ တချို့က ရုပ်မြင်သံကြားစက်ကို ပိတ်ပစ်သည်။ အများပြည်သူ ကြား သူ့ကို အများဆုံးမှတ်ချက်ချသည့် စကားလုံးက ”ဒီလူကြီး လေသိပ်ရှည်တယ်” ။
ထို ”ဒီလူကြီး” ကား မောင်ထွန်းလွင် (ခေါ်) ဦးထွန်းလွင်။
မယုံခဲ့ဘူး၊ ကြုံဖူးမှ သိပြီ။
၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်နေ့။ လူများစွာ၏ ဘဝနှင့် ပိုင်ဆိုင်မှုများကို ချေမွနင်းခြေမည့် တစ်နာရီ (၁၃ဝ) မိုင်နှုန်း ကျော်ခန့်ဖြင့်တိုက်ခတ်လာသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဟိုင်းကြီးကျွန်းကိုဖြတ်ပြီးဝင်လာနေချိန် ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရုံးခန်းထဲတွင် ညွှန်ကြား ရေးမှူး ဦးထွန်းလွင်တစ်ယောက် တယ်လီဖုန်းစာအုပ်ကို တစ်ရွက်ပြီး တစ်ရွက်လှန်ရင်း အလုပ်တွေ များနေသည်။
ညွှန်ချုပ်နှင့်အထက် ရာထူးရှိသော လူပုဂ္ဂိုလ် ၃ဝဝ နီးပါးဆီ ဖုန်းဆက်ပြီး မုန်တိုင်းအကြောင်း အစီရင်ခံနေသည်။ ထိုစဉ်က နိုင်ငံတော်အကြီးအကဲ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးကိုလည်း မပြတ် သတင်းပို့လျက်ရှိသည်။
မြန်မာပြည်သူများ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံ ခဲ့ဖူးသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး မြစ်ဝကျွန်းပေါ်ကို ဝင်ရောက် တိုက်ခတ်တော့မည်ဆိုတာကို နှစ်ပေါင်း ၄ဝ ကျော် အတွေ့အကြုံ ရှိပြီးဖြစ်သော မိုးလေဝသပညာရှင်တစ်ဦးအနေဖြင့် ဦးထွန်းလွင် ကြိုသိနေခဲ့သည်။
ကြိုသိနေသည့်အလျောက်လည်း မုန်တိုင်းမဝင်မီ သူ့ဘက်မှ တာဝန်ကျေအောင် သတင်းထုတ်ပြန်တာတွေ လုပ်ပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူပြောသမျှကို မယုံမကြည်နှင့် အေး စက်သောတုံ့ပြန်မှုများပင် လာလိမ့်ဦးမည်ဟုလည်း သူ့အတွေ့ အကြုံများအရ သိနေပြန်သည်။ သို့သော် သူလုပ်စရာရှိသည်များ ကို မှန်မှန်နှင့်မြန်မြန် လုပ်ကိုင်နေခဲ့သည်။ အချိန်ကား မရတော့။
နာဂစ်စဝင်မည့် ဟိုင်းကြီးဒေသရှိ တာဝန်ရှိသူများထံသို့ လည်း နာရီဝက်တစ်ကြိမ်ခန့် ဖုန်းဆက်ကာ နောက်ဆုံးအခြေ အနေကို အစီရင်ခံနေသည်။
သို့သော် တစ်ဖက်မှ တုံ့ပြန်မှုများက သူကြိုတင်တွက်ဆ ထားသလို အားရစရာမကောင်း။
မုန်တိုင်းက ဟိုင်းကြီးကျွန်းကိုဖြတ်ပြီး ကုန်းတွင်းပိုင်းသို့ တဖြည်းဖြည်းကပ်လာနေသည်။ ကျေးရွာတချို့ကလည်း မုန်တိုင်း ဒီရေအောက်တွင် နစ်မြုပ်သွားပြီး သူလည်း ရုံးခန်းထဲတွင်ထိုင်ရင်း ခြေကုန်လက်ပန်းကျနေပြီ။ လူတွေသေကြတော့မည့်အရေးကိုတွေးပြီး ငေးမိငေးရာ ငေးနေမိသည်။
”ယူကျုံးမရ တော်တော်ဖြစ်မိပါတယ်။ ကျွန်တော်က ဒါကြီး ဖြစ်တော့မယ်ဆိုတာကို မျက်စိထဲမှာမြင်သလို ကြိုမြင်နေတယ်။ ဒီနေရာဝင်ရင် သေမှာပဲလည်း သိနေတယ်” ဟု ဦးထွန်းလွင်က ပြန်ပြောင်းပြောပြသည်။
သူ့အလုပ်ကလည်း လူတွေကို သတိပေးရုံသာပေးနိုင်ပြီး ပြောင်းကြတော့၊ ရွှေ့ကြတော့ဟု အမိန့်ပေးနိုင်သည့်အလုပ်မျိုးလည်းမဟုတ်ရာ စားပွဲမှာထိုင်ပြီး ဖြစ်ပေါ်လာမည့် မုန်တိုင်း၏နောက်ဆက်တွဲအခြေအနေများကို ထိုင်ကြည့်နေရုံသာ တတ်နိုင် တော့သည်။
”ဒါပေမဲ့ ဘယ်သူ့ကိုမှလည်း အပြစ်မပြောတော့ပါဘူး။ ကျွန်တော် လူတွေရဲ့အသက်ကို မကယ်နိုင်ခဲ့တာကို ဒီနေ့အချိန် အထိ စိတ်မကောင်းဘူး။ ဘယ်လိုနည်းနဲ့ ကယ်ရမှန်းကို မသိခဲ့ ဘူး။ သိသမျှတော့ အကုန်လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ဘာမှတော့ မထိ ရောက်ခဲ့ဘူး” ဟု ဦးထွန်းလွင်က ခပ်မောမောလေသံဖြင့် ပြော လိုက်သည်။
နာဂစ်မုန်တိုင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ပင်လယ် ကမ်းနားမှ ရိုးသားသောပြည်သူများဘဝနှင့် နှလုံးသားကိုသာ မက သူ့နှလုံးသားကိုပါ ဒဏ်ရာတွေပေးထားခဲ့လေသည်။
နောက်ဆုံးတွင် သူပြောသမျှကို အလေးမထားခဲ့သည့် ပြည်သူအများစုမှာ လူသိန်းနှင့်ချီသေဆုံးခဲ့သည့် သဘာဝဘေး အန္တရာယ်ကြီးနှင့်ကြုံပြီးနောက် သူ၏ပညာရပ်ကျွမ်းကျင်မှုနှင့် အမြဲမပြတ်ပြောခဲ့သည့် အစီအစဉ်များကို အချိန်ပေးပြီး နား ထောင်လာကြသည်။
ဦးထွန်းလွင် ဘာပြောမလဲ၊ အမြဲတမ်းနိုးနိုးကြားကြား ရှိနေ ကြရတော့သည်။ သူ၏ ပညာရပ်ဆောင်းပါးများကို ဖတ်ရကောင်း မှန်း သိလာကြသည်။ တိုင်းပြည်၏ ဒေသတစ်နံတစ်လျားမှ ပြည် သူများက သူ့ကိုဖိတ်ကြားပြီး သူပြောသမျှ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်နှင့် ဗဟုသုတများကို တခုတ်တရ နား ထောင်ကြသည်။ ယခုအခါ တစ်နှစ်လျှင် ဟောပြောပွဲ တစ်ရာနီး ပါး လိုက်ရသည်အထိ လူထုစိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။
နာဂစ်မှရသော သင်ခန်းစာများဖြင့် ဦးထွန်းလွင်က ဆုံး ဖြတ်ချက်တစ်ခု ချလိုက်သည်။ သူတို့၏ မိုးလေဝသ ကြိုတင်သတိ ပေးလုပ်ငန်းများ အောင်မြင်လိုလျှင် လူထုပူးပေါင်းပါဝင်ရမည်ဟု သဘောပေါက်လာသည်။
ထို့ကြောင့် ခရီးထွက်ပြီး ဟောပြောပွဲများလုပ်သည်။ ပညာ ပေးဆောင်းပါးနှင့် အသံလွှင့်ဟောပြောချက်များကို ဖိဖိစီးစီး လုပ်နေသည်။
တိုးတက်မှုကားရှိခဲ့သည်။ လွန်ခဲ့သည့် ၂ဝဝ၇ ခုနှစ်က မြန်မာ့ကမ်းရိုးတန်းသို့ မာလာမုန်တိုင်းဝင်မည့်အချိန် ရန်ကုန်မှ ချောင်းသာဘက်သို့ ပျော်ပွဲစားထွက်သွားသူများကို ဦးထွန်းလွင် သည် စိတ်မောလူမောဖြင့် မေးခဲ့ဖူးသည်။ မုန်တိုင်းလာမည့် နေရာကိုမှ လူတွေမျက်ကန်းတစ္ဆေမကြောက်သကဲ့သို့ သွားနေ ကြခြင်းကို သူဘာမှမပြောသာပါ။
သို့သော် ၄ နှစ်နီးပါးကြာပြီးနောက် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ သြင်္ကန်အကြိုနေ့က ဆူနာမီ သတိပေးချက် တစ်ခုထုတ်ပြန်သည်။ ချောင်းသာတည်းခိုခန်းနှင့် ဟိုတယ်ပိုင်ရှင် များက ၎င်းတို့၏ဟိုတယ်အသီးသီးတွင် လာရောက်တည်းခိုသူ များကို ဆူနာမီသတိပေးချက်အကြောင်းပြောပြီး ပြန်လိုက ပြန် ရန်နှင့် နေလိုက နေကြရန်ပြောသည့်အခါ ဧည့်သည်အားလုံး နီးပါး ပြန်သွားကြသည်။
ထိုသတင်းကိုကြားရပြီး ဦးထွန်းလွင်မှာ ထီပေါက်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ အရေးပါပြီး အရာမရောက် သည့်ဌာနဟု ဦးထွန်းလွင်ကိုယ်တိုင် တစ်ခါတစ်ခါ ရည်ညွှန်းတတ် သည့် မိုးလေဝသဌာနနှင့် သူ့အခန်းကဏ္ဍကို ယနေ့ကဲ့သို့ လူရိုသေ ရှင်ရိုသေဖြစ်လာရန် ပေးဆပ်ရင်းနှီးရသည့် အတိုင်းအတာကား မသေးလှပါ။
၂ဝဝ၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြီးအတွင်း သန်းနှင့်ချီသော ပြည်သူများ၏ဘဝနှင့် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးâံးခဲ့ရ သည်။ သူ့အဖို့ကား အချိန် ၂၈ နှစ်တာမျှ စတေးခဲ့ရလေသည်။
”နောက်ဆုံး ကျွန်တော်မှန်တယ်ဆိုတာနဲ့ပဲအဆုံးသတ်တာလေ”
မခမ်းနားသော်လည်း နေရထိုင်ရ သက်သောင့်သက်သာရှိ သည့် ဆက်တီခုံပေါ်တွင်ထိုင်ရင်း ဦးထွန်းလွင်က ပြောသည်။
အင်တာဗျူးနေသည့် အခန်းအတွင်း၌ လေအေးပေးစက် ဖွင့်ထားသဖြင့် အေးစိမ့်နေသည်။ ညနေခင်း ၆ နာရီခန့်ရှိပြီး အပြင်တွင် မိုးဖွဲလေးများ ကျလျက်ရှိသည်။ စွပ်ကျယ်အင်္ကျီ လက်ပြတ်ဖြင့် ထိုင်နေသည့် ဦးထွန်းလွင်က ရှပ်အင်္ကျီတစ်ထည်ကို အပေါ်မှထပ်ဝတ်လိုက်သည်။ ပြီးမှအထက်ကစကားကို ဆက် ပြောသည်။
”ထင်မြင်ချက်၊ ဝေဖန်ချက်တွေ နားမဆန့်အောင် ကြားရ တယ်။ ဒါပေမဲ့ ကျွန်တော်မတုန်လှုပ်ခဲ့ဘူး။ ဘာလို့လဲဆိုရင် ကျွန် တော်လုပ်ရမယ့်အလုပ် ကျွန်တော်လုပ်ခဲ့တာပဲ။ ကျွန်တော်လုပ် တာ အဓိပ္ပာယ်မဲ့တာလုပ်တာလား၊ အကျိုးမရှိတာလုပ်တာလား ကျွန်တော့်ဟာကျွန်တော်မေးတယ်။ မဟုတ်ဘူး၊ ဒါအဓိပ္ပာယ် ရှိ တယ်။ ဒါပေမဲ့ လူတွေက အချိန်မတန်သေးလို့၊ အကြောင်းတစ်ခုခု မတိုက်ဆိုင်သေးလို့ လက်မခံတာ” ဟု သူပြောသမျှ မိုးလေဝသအကြောင်းများနှင့်ပတ်သက်၍ လူအများက ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြသည့်အပေါ် သူ့အယူအဆကို ပြောပြခြင်းဖြစ် ပါသည်။ ဒီကနေ့လူအများအာရုံစိုက်နေကြရသည့်၊ သူဘာများ ပြောမလဲဆိုသည်ကို နားစွင့်နေကြရသည့် ဦးထွန်းလွင်ကား သူ့ဘဝတစ်လျှောက်လုံး အခက်အခဲ၊ အကျပ်အတည်းပေါင်း များစွာကို ကျော်ဖြတ်လာခဲ့ရသူဖြစ်သည်။
နုံချာခဲ့သည့် ငယ်ဘဝ
အခန်းအပြင်တွင် တဖြောက်ဖြောက်ကျနေသည့်မိုးက ပို သည်းလာသည်။ ဦးထွန်းလွင်ကား သူ့ငယ်ဘဝကို ဇာတ်ကြောင်း ပြန်ရန် မျက်စိနှစ်လုံးကို စုံမှိတ်လိုက်သည်။ ယနေ့ မိုးလေဝသ ပညာရှင်အဖြစ် မြန်မာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နာမည်တစ်လုံးနှင့်ဖြစ်နေသူ ဦးထွန်းလွင်ကား အမှန်တော့ မိုးလေဝသပညာကို ဘာမှန်းပင်မသိခဲ့။ စိတ်လည်း မဝင်စားခဲ့ သလို သူ့ဘဝရည်မှန်းချက်လည်း ဘယ်တုန်းအခါကမှ မဟုတ်ခဲ့ပေ။
သမုဒ္ဒရာထက်နက်လှသည့် ဝမ်းတစ်ထွာအတွက် ဆင်းရဲ တွင်းကြီးခဲ့ရသည့် သူ့ငယ်ဘဝအကြောင်းကံကပင် သူ့ကိုဒီဘဝသို့ တွန်းပို့လိုက်ခြင်းသာဖြစ်သည်။
”ဆင်းရဲခြင်းရဲ့ခါးသီးမှုကို ကျွန်တော့်အသက်ငယ်ငယ် ၁၄ နှစ်သားလောက်မှာကတည်းက ခံစားခဲ့ရတယ်” ဟု ဦးထွန်းလွင် က ပြောသည်။
အခန်းတွင်းမှ လေအေးပေးစက်သံနှင့် အပြင်မှ မိုးစက်သံ များကြားတွင် ခါတိုင်းအောင်မြင်လှသည့် အသံပိုင်ရှင်မှာ ယခု စကားလုံးများအတွက်မူ ခက်ခက်ခဲခဲအားယူပြောလိုက်ရသည့် အလား တိုးလျလွန်းလှသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မထင်မရှား တောရွာ ကလေးတွင် မွေးဖွားခဲ့သောသူသည် လသားအရွယ်မှာပင် မိဘ များနှင့်အတူ သူ့မွေးရာဇာတိ ကုလား(ကုလ)ရွာနှင့် မဝေးလှ သည့် မန္တလေးမြို့သို့ ပြောင်းခဲ့ကြသည်။
အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ မန္တလေး အနောက်ပြင် အပ်ချုပ်ဝင်းတွင် သူနှင့် သူ့ညီငယ်အပါအဝင် သား အမိလေးယောက် အခြေချသည်။ မိဘများမှာ တောသူတောင် သားပီပီ ရိုးသားပြီးကြိုးစားကြသဖြင့် စီးပွားဖြစ်ထွန်းမြန်သည်။ အိမ်တွင် အိမ်ဆိုင်နှင့် အပ်ချုပ်ဝင်းထဲမှာပင် အိမ်ငါးလုံးလောက် ပိုင်သည်။ ထိုအချိန်အထိ သူတို့ငယ်ဘဝမှာ အစစချောမွေ့နေခဲ့ သည်။
ဗလီတစ်ခုကို စာသင်ကျောင်းအဖြစ် ပုံပြောင်းထားသည့် နေရာတွင် သူတို့ညီအစ်ကို နှစ်တန်းအထိ စာသင်ကြပြီးနောက် မိဘများက သာသနာပြုကျောင်းဖြစ်သည့် ဖားသားလဖုန်း ကျောင်းသို့ ပြောင်းထားသည်။ စာတော်သောကျောင်းသားဖြစ် သဖြင့် တစ်တန်းမှ သုံးတန်းသို့၊ သုံးတန်းမှ ငါးတန်းသို့၊ ငါးတန်းမှ ခုနစ်တန်းသို့ အတန်းကျော် စာမေးပွဲစနစ်ဖြင့် ရောက်ခဲ့ရသည်။
သူ ခုနစ်တန်းရောက်သည့်နှစ်ဖြစ်သည်။ မန္တလေးနှင့် အထက်အညာဖြစ်သည့် ဗန်းမော်၊ ကသာမှသည် ရှမ်းပြည်အနှံ့ ကုန်ကူးနေသော ဖခင်ဖြစ်သူက အထက်အညာတွင် နောက်အိမ် ထောင်ပြုသွားသည်။
”မ္တနလေးမြို့ကြီးမှာ ကျွန်တော့်အမေနဲ့ ကျွန်တော်တို့ ညီ အစ်ကိုနှစ်ယောက်ပဲကျန်ခဲ့တယ်” ဟု ဦးထွန်းလွင်က ပြော သည်။ အပြင်တွင်မူ အမှောင်ထုရောက်လာပြီ။ ဧည့်ခန်းထဲရှိ မီးတစ်ပွင့်၊ နှစ်ပွင့်ကို အိမ်အကူကလေးမကလေးက လိုက်ဖွင့်ပေး နေ၏။ ဦးထွန်းလွင်က သူ့ရှေ့ကကော်ဖီခွက်ကို တစ်ကျိုက်မော့ လိုက်ပြီး နေရာပြန်ထိုင်သည်။
”ကျွန်တော့်အမေလည်း သူ့မှာဒီစိတ်က ဘယ်ဖျောက်နိုင် မလဲ။ အိမ်ထောင်ကလည်း မိန်းမဦးစီးတဲ့ အိမ်ထောင်၊ နေရာက လည်း လူမျိုးကွဲတွေ အများကြီးရှိတဲ့ရပ်ကွက်ထဲမှာ။ ဒီလိုနဲ့ ကြာ တော့ ကျွန်တော်တို့ စီးပွားပျက်လာတာပေါ့နော်။ အိမ်တွေက လည်း လေး၊ ငါးလုံးကနေ နောက်ဆုံး တစ်လုံးပဲ ကျန်တော့တယ်။ အဲဒီတစ်လုံးကိုလည်း ကံဆိုးချင်တော့ ကျွန်တော်တို့ကို မနေနိုင် အောင် လုပ်တော့တာပဲ။
”အဲဒီတော့ ကျွန်တော်တို့ရပ်ကွက်ပြောင်းသွားရတယ်။ အဲဒီ တော့ အိမ်ငှားဖြစ်သွားရတယ်” ဟု စီးပွားရေးအခြေယိုင်သွား ခဲ့ရသည့် သူတို့မိသားစုအကြောင်းကို ဦးထွန်းလွင်က ပြောပြသည်။
တစ်လ ၁၅ ကျပ်နှုန်းဖြင့် ညီအစ်ကိုနှစ်ယောက်စာ ငွေ ၃ဝ ပေးရမည့် ကျောင်းလခသည်လည်း သူတို့မိသားစု စီးပွားပျက် လာသည်နှင့်အမျှ တစ်နေ့တခြား ပိုခက်ခဲ၍လာနေသည်။
မန္တလေးမြို့ကြီးတွင် လူမမည်သားနှစ်ယောက်ဖြင့် သူတို့ အမေဖြစ်သူမှာ ဘဝရပ်တည်ရေးအတွက် ဆန်စဉ်ရာကျည်ပွေ့ လိုက်သလို ရုန်းကန်နေရသည်။ သူ ၈ တန်းနှစ်မှာ နောက်ထပ် နေရာသစ်တစ်ခုသို့ ထပ်ပြောင်းရပြန်သည်။ ထပ်ပြောင်းရသော နေရာတွင် နေရသော သူတို့ဘဝသည် စုတ်ပဲ့နုံချာဆုံးသောဘဝ ဟု ဦးထွန်းလွင်က ပြန်ပြောပြပါသည်။
လမ်းမတန်းမှ အတွင်းထဲသို့ ဝင်သွားရပြီး အိမ်များအားလုံး ၏နောက်ဖေးဖြစ်သည့် အိမ်သာများကိုဖြတ်သွားမှ သူတို့၏တဲသာသာအိမ်ကလေးကို ရောက်သည်။
”အိမ်သာတွေ ပတ်လည်ဝိုင်းနေသော ကျွန်တော်တို့ရဲ့ အိမ် ကလေး” ဟု သူကသုံးနှုန်းသည်။
”မိုးတွေ ဘာတွေရွာပြီဆို ကျွန်တော့်အိမ်က ခုတင်ပေါင် အထိကိုရေမြုပ်တော့တာပဲဗျာ။ အိမ်အားလုံးရဲ့နောက်ဖေးဆို တော့လည်း ရေတွေက ကျွန်တော်တို့အိမ်ထဲပဲစီးတာပေါ့။ ဘယ် လောက်စုတ်ပဲ့တဲ့ဘဝလည်းဆိုတာ စဉ်းစားသာကြည့်ပေါ့ဗျာ”ဟု သူကပြောသည်။
တစ်ခါက ကုန်စုံဆိုင်ကြီးပိုင်ခဲ့တဲ့အမေက ယခုအခါ သူတို့ ကို ခေါင်းရွက်ဗျပ်ထိုးဈေးသည်အဖြစ် မန္တလေးရှိ ထီးရပ်တန်းဈေး သို့ မနက်များတွင် ကြက်သွန်ရောင်းထွက်ရသည်။ သူက အမေ့ကို စက်ဘီးလေးဖြင့် နေ့တိုင်းလိုက်ပို့ရသည်။ အချိန်တွေကြာလာသည်နှင့်အမျှ ဆင်းရဲခြင်းနတ်ဆိုးက သူတို့ညီအစ်ကိုနှစ်ဦး၏ စာသင်ခန်းထဲအထိလိုက်လာသည်။ သူ့ အဖို့လည်း အမေ့ကိုမကူညီနိုင်သေးသည့် လူမမည်အရွယ်။ ထို့ ကြောင့် သူလုပ်နိုင်သည့် ကျောင်းစာကိုသာ ဖိကြိုးစားနေခဲ့သည်။ သို့နှင့်ပင် အခန်းထဲတွင် ဆင်းရဲသောမိဘ၏ စာတော်သော ကျောင်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ကိုးတန်းသင်္ချာထူးချွန် ကျောင်းသားအဖြစ် တစ်နိုင်ငံလုံးတွင် ပထမဆုရခဲ့သည်။
ထူးချွန်သောကျောင်းသားဖြစ်သော်လည်း လကုန်ရက် များတွင် ကျောင်းလခကို သတ်မှတ်ရက်မှာ မပေးနိုင်သဖြင့် အတန်းထဲ မတ်တတ်ရပ်ရသည်မှာ သူတို့ညီအစ်ကိုနှစ်ဦးသာလျှင် အမြဲဖြစ်လို့နေသည်။ စိတ်ဓာတ်လည်းကျ၊ ရှက်လည်းရှက်စရာ ကောင်းလှသော အခြေအနေအောက်တွင် နောက်ဆုံး ကျောင်း လခကို ကြုံရာဆွေမျိုးနီးစပ်များဆီမှ လိုက်တောင်းရသည့်အဖြစ် များပင် ရှိခဲ့သည်။
နောက်ဆုံး သူ့ကိုချစ်ခင်သည့် ဆရာတချို့၏ မေတ္တာရပ်ခံမှု ကြောင့် ကျောင်းလခလွတ်ငြိမ်းခွင့်ရသဖြင့် ဆယ်တန်းကို ဖြေနိုင် ခဲ့ကြသည်။ စာမေးပွဲဖြေပြီးစ မဟန်လှသည့်ဘဝဆင်းရဲတွင်းမှ တက်နိုင်ရန် အလုပ်တစ်ခုခုကိုရှာဖို့ သူဆုံးဖြတ်လိုက်သည်။
သူ့ဘဝ၏အစ
ထိုအချိန်တွင် မ္တနလေးမိုးလေဝသဌာနမှ အလုပ်ခေါ်သဖြင့် ဝင်လျှောက်လိုက်သည်။ လားရှိုးနေရာတွင်ဖြစ်သော်လည်း သူ့ အရည်အချင်းကို သဘောကျသွားသည့် မိုးလေဝသမှ ဆရာကြီး ဦးလှက သူ့အတွက် မ္တနလေးဌာနတွင် နေရာတစ်ခုဖန်တီးပေး သဖြင့် လက်ထောက်တိုင်းထွာရေးမှူးကလေး သို့မဟုတ် အောက် တန်းစာရေးကလေးအဖြစ် အလုပ်ဝင်ရသည်။
သင်္ချာပညာရှင်ဖြစ်ရန် ရည်မှန်းချက်ရှိသောသူ့မှာ ဝမ်းရေး အလို့ငှာ ယောင်လို့ပင်စိတ်ဝင်စားခြင်းမရှိသော မိုးလေဝသ လုပ် ငန်းသို့ ရောက်ရလေသည်။
”မိသားစုစားဝတ်နေရေးကလည်း ရှိသေးတာကိုး။ ကိုယ် တစ်ယောက်တည်း ကျောင်းတက်ဖို့ကလည်း မပြီးသေးဘူး။ ဒါ ကြောင့် အလုပ်ကိုလုပ်ရမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ။ အဲဒီ အချိန်မှာ စိတ်ဓာတ်ရေးရာကတော့ အလွန်အားနည်းပြီးတော့ စိတ်ပျက်စရာအကောင်းဆုံးအချိန်ပေါ့။ ဘာဖြစ်လို့ဖြစ်မယ်မှန်း မသိတော့ဘူး။ ဘဝက ကိုးရိုးကားရားနဲ့” ဟု သူကပြောပြသည်။
အလုပ်ဝင်ချိန် သူ့အသက်မှာ ၁၇ နှစ် စွန်းစကလေးပင်ရှိ သေး၏။ အလုပ်ရပြီဆိုသည်နှင့် သူချစ်သောအမေကို ဈေး မရောင်းခိုင်းတော့။ သူရသည့်လခ ၁၂၆ ကျပ်နှင့် ဖြစ်အောင်စား တော့မယ်ဟု သူဆုံးဖြတ်လိုက်သည်။
သူကံကောင်းသည်မှာ သူဆယ်တန်းအောင်သည့် ထိုနှစ်က မ္တနလေးတွင် လုပ်သားကောလိပ်ကို ပထမဆုံးလာဖွင့်သည်။ ထို့ ကြောင့် အလုပ်လုပ်ရင်း တက္ကသိုလ်ဘွဲ့တစ်ခုယူနိုင်မည့် လမ်းစကို သူတွေ့ရပြီ။ ကောလိပ်တက်ရင်း ပထမနှစ်တွင် ကျူရှင်စသင်သည်။ အစ၌ တစ်ပါးသူ၏ စာသင်ဝိုင်းတွင် အချိန်ပိုင်း ကျူရှင်သင်သည်။
နောက်တစ်နှစ်တွင်မူ သပြေညိုအမည်ဖြင့် ကိုယ်ပိုင်ကျူရှင် ထောင်သည်။
သူ့ဘဝ၏ မှောင်မိုက်လွန်းသောနေ့များသည် တဖြည်း ဖြည်းနှင့် အလင်းဘက်သို့ ရောက်လာပြီဖြစ်သည်။
”အဲဒီကတည်းက ကျွန်တော့်ဘဝဟာ တဖြည်းဖြည်း တက် လာတော့တာပါပဲ” ဟု ဦးထွန်းလွင်ကပြောရင်း အေးနေပြီဖြစ် သောကော်ဖီကို တစ်ငုံမျှသောက်ပြီး ပြန်ချထားလိုက်သည်။ ခန္ဓာ ကိုယ်ကို အနည်းငယ်မြှင့်ကာ အသက်ကိုဝအောင်ရှူလိုက်သည်။ နောက်တစ်ခုကို တွေးမိသွားသည့်ဟန်ဖြင့် ပြောရန်ပြင်သည်။
”ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ ညီအစ် ကိုနှစ်ယောက် အကြောင်းပဲ” ဟုဆိုရင်း ခဏဆိုင်းလိုက်သည်။
ဆင်းဆင်းရဲရဲဖြင့် ဘဝကိုဖြတ်သန်းနေရချိန် သူတို့အမေက လည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရသဖြင့် သူတို့ကို အချိန်မပေးနိုင်ခဲ့ချေ။ ထို့ကြောင့် သူတို့ညီအစ်ကိုလည်း ကိုယ့်ဟာ ကိုယ် ရှင်သန်အောင်ရုန်းကန်ရသည်။ ဆင်းရဲစုတ်ပြတ်ကာ သူတို့ ဘဝဘာဖြစ်မယ်မှန်း ရေရေရာရာမသိရသည့်အခိုက် သူက ကူကယ်ရာ ကောက်ရိုးတစ်မျှင်ကို တွယ်လိုက်မိသည်။ ယင်းမှာ မိုးလေဝသရုံးမှ အလုပ်ကလေး ဖြစ်သည်။
”ကျွန်တော် ဆင်းဆင်းရဲရဲဖြစ်နေတဲ့အထဲ တွယ်ရာကလေး ရလိုက်တဲ့အတွက် ဒီနေ့အထိ ရပ်တည်ကျန်ရစ်တယ်။ ညီလေးက တော့မမီလိုက်ဘူး။ နောက်ဆုံး အရက်သမားကြီး လုံးလုံးဖြစ်ပြီး ဆုံးသွားပါပြီ” ဟု စာရွက် စာတမ်းဖိုင်တွဲများထားသည့် မျက်နှာ ချင်းဆိုင်မှ နံရံဆီသို့ငေးပြီး ဦးထွန်းလွင် ပြောသည်။
ဘဝလမ်းဆုံ
မိုးလေဝသရုံးတွင် အလုပ်ဆင်းရင်း၊ ညနေတွင် ကောလိပ် တက်ရင်း၊ ရုံးပိတ်ရက်များတွင် ကျူရှင်သင်ရင်းဖြင့် လုပ်သား ကောလိပ်မှ ရူပဗေဒအထူးပြုဖြင့် ဘာသာစုံဂုဏ်ထူး အထူး အောင်ကာဘွဲ့ရသည်။ သူကဲ့သို့ထူးချွန်ကျောင်းသားကို သဘော ကျသည့်ဆရာများက တက္ကသိုလ်တွင် ဆရာလုပ်ဖို့ခေါ်သည်။ မိုးလေဝသရုံးတွင် သူရနေသည့်လစာထက် ၂ ဆကျော် ပိုရမည်။ လူရိုသေ ရှင်ရိုသေလည်း ဖြစ်မည်။ ဘဝတက်လမ်းလည်း ရှိသည်။
”ကျွန်တော့်ဘဝမှာ အလွန်ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ကို ချရတော့တာပဲ” ဟု ဦးထွန်းလွင်က ပြောသည်။
မိုးလေဝသမှ လက်ဦးဆရာဖြစ်သည့် ဆရာကြီးဦးလှက”တို့က မင်းကို ဥပဒေနဲ့တော့ တားခွင့်မရှိဘူး။ မေတ္တာနဲ့ပဲ တား နိုင်ပါတယ်”ဟု မျက်နှာမသာမယာနှင့် ပြောလိုက်သော စကား ကိုလည်း နားထဲမှာကြားနေသည်။ တစ်ဖက်မှာလည်း ပိုကောင်း သောဘဝသို့ မြှင့်တင်ပေးလိုသည့် တက္ကသိုလ်မှဆရာများ၏ စေတနာစကားများကိုလည်း ငြင်းရက်စရာမရှိချေ။ ဆုံးဖြတ်ချက် မည်မည်ရရမချနိုင်ဘဲ နေ့များသည် ကုန်ဆုံးသွားနေသည်။
ဝေခွဲရခက်သော အတွေးများက သူ့ကို ဖိစီးနေသည်။ နောက်ဆုံး သူ့ဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချရန် တွန်းအားပေးသည့်အရာတစ်ခုကို သူသွားတွေ့သည်။ ထိုရက်များအတွင်း အမှတ်မထင် သူဖတ်မိနေသည့် စာရေးဆရာ အာစီဆပ်ကလပ် ရေးသည့် Weather and Climate (မိုးလေ ဝသနှင့် ရာသီဥတု) အမည်ရစာအုပ်မှ စာကြောင်းအချို့က သူ့ ဘဝလမ်းကြောင်းကို ပြောင်းပေးလိုက်သည်။ အနှစ်လေးဆယ် ကျော် ကြာလာပြီဖြစ်သည့်တိုင် ထိုစာပိုဒ်ကလေးကို ဦးထွန်းလွင် က ယနေ့အထိ အလွတ်မှတ်မိနေသေးသည်။
မိုးလေဝသဌာနတွေဟာ တက္ကသိုလ်ကထွက်လာတဲ့ ကျောင်းသားတွေထဲမှာ စာတော်တဲ့၊ ထက်မြက်တဲ့ ကျောင်းသား တွေကိုရဖို့ အလွန်ခဲယဉ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထူးချွန် ပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကျောင်းသူကျောင်းသားများဟာ အခြားခြားသော လခရောအနာဂတ်မျှော်လင့်ချက်ပါ ပိုမိုကောင်း မွန်တဲ့လုပ်ငန်းတွေ၊ ဌာနတွေကပဲ ယူယူသွားတဲ့အတွက် မိုးလေဝသမှာ လူကောင်းလူတော် ရနိုင်တဲ့အနေအထား မရှိပါဘူး။
အနှစ်လေးဆယ်ကျော် ကြာလာပြီဖြစ်သည့်တိုင် အာစီဆပ် ကလပ်၏ အထက်ပါစာပိုဒ်ကလေးကို ဦးထွန်းလွင်က ယနေ့ထိ အလွတ်မှတ်မိနေသေးသည်။
”ကျွန်တော်ဖြစ်နေတာနဲ့ သွားတိုက်ဆိုင်နေတယ်။ ကျွန် တော်က ကိုယ့်ကိုယ်ကိုယ် ထူးချွန်ထက်မြက်တဲ့ ကျောင်းသားပေါ့ ဗျာ။ အခုလည်း တက္ကသိုလ်ကခေါ်နေပြန်ပြီ။ ကျွန်တော်လိုက် သွားရင် ဆရာကြီးရေးသလိုပဲ သူများထဲပါသွားပြန်ပြီ။ အဲဒီအမျိုး အစားဖြစ်တော့မှာပဲ” ဟု ဦးထွန်းလွင် ကတွေးလိုက်မိသည်။
နောက် သူထပ်ပြီးတွေးလိုက်မိသည်က . . .
”မိုးလေဝသရုံးမှာ အလုပ်စလုပ်တဲ့ ၁၉၆၅ ၊ မေ ၃ ရက် တုန်းက ငါ့ဘဝကဘာလဲ။ ခက်ခက်ခဲခဲနဲ့ စားရေးသောက်ရေးကို ရုန်းကန်ရတဲ့ဘဝ။ အဲဒီတော့ ငါငတ်နေတုန်းက ကျွေးတဲ့ရုံးဟာ မိုးလေဝသပဲ။ ငါ့ကျေးဇူးရှင်ပဲ။ အဲဒီတော့ ငါ့ကျေးဇူးရှင်ရုံးပဲ ငါနေမယ်”
သို့နှင့် လစာလည်းကောင်းပြီး အနာဂတ်အလားအလာ လည်း ပိုကောင်းသည့်အပြင် မိုးလေဝသဌာနထက် အဆပေါင်း များစွာ ကျယ်ဝန်းသည့် ပညာရေးလောကကို မပြောင်းဖို့ဆုံး ဖြတ်ခဲ့သည်ဟု ဦးထွန်းလွင်ကပြောသည်။
၂၀၁၂၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်ပါသည်။
ဝင်းဇော်လတ် ရေးသည်။