စက်ရုံအလုပ်သမားများ၏ နစ်နာမှုများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမြန်ဖြေရှင်းပေးစေလို
စည်သူ
ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် အလုပ်သမားနစ်နာမှုများကို အမြန်ဖြေရှင်းပေးစေ လိုကြောင်း ယနေ့ နံနက် ၁၀ နာရီက မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမား ခေါင်းဆောင်များက တောင်းဆိုသည်။
MDM ဖိနပ်စက်ရုံ ၊ Central Star အထည်ချုပ်စက်ရုံ ၊ ၊ Myanmar Infochamp ဖိနပ်စက်ရုံတို့မှ အလုပ်သမား ခေါင်းဆောင်များကို အလုပ်ထုတ်ခြင်း ၊ အလုပ်ပိတ်လျော်ကြေး မရရှိမှု၊ လုပ်ခလစာမရရှိမူနှင့် အလုပ်ရှင် အလုပ်သမား နှစ်ဦး သဘောတူစာချုပ်အား ချိုးဖောက်ပြီးအလုပ်ထုတ်ခြင်း စသည့် အငြင်းပွားမှုများကို ဒီဇင်ဘာလ ၆ရက်နေ့က ရန်ကုန် တိုင်းဝန်ကြီးချုပ်ထံ စာတင်ထားသော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း အလုပ်သမား ခေါင်း ဆောင်များက ဆိုသည်။
Myanmar Infochamp (screen Printing)မှ အလုပ်ထုတ်ခံရသူ မသင်းသင်းအေးက “ ကျွန်မဆို အခု ဘယ်အလုပ်မှ လျောက်လို့မရဘူး ။ ကျွန်မတို့မှာ ဥပဒေရှိနေရက်နဲ့ အခွင့်အရေးတွေဆုံးရှုံးနေတယ်။ အလုပ်သမားတွေကို အပြစ်မရှိပဲ ထုတ်ပြီးတော့ ဘာကြောင့် ပြန်အလုပ်မခန့်ရတယ်ဆိုတာကိုလည်း အစိုးရကို သိစေချင်တယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို လည်း တိုင်စာတွေတင်ထားပါတယ် ဝန်ကြီးချုပ်အနေနဲ့လည်း ကျွန်မတို့ အလုပ်သမားတွေ ကို အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးပါ” ဟု ဆိုသည်။
Central Star အထည်ချုပ်အလုပ်သမား ၄၅၆ ဦးသည် ခြောက်လကျော်အထိ လုပ်ခလစာ လုံးဝမရသေးကြောင်း ၊ Nisho စက်ရုံမှ အစိုးရ၏ ခွင့်ပြုချက်မရှိပဲ တနင်္ဂနွေအလုပ်ဆင်းခိုင်းပြီး အလုပ်ချိန်နောက်ကျသဖြင့် အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရခြင်း၊ MDM စက်ရုံမှာ ရက်အကန့်အသတ်မရှိ ပိတ်သွားသည်မှာ လေးလရှိပြီးဖြစ်၍ အလုပ် သမားဥပဒေ အရ သုံးလကျော်လွန်ပါက အမြဲတမ်းအလုပ်ပိတ်သကဲ့သို့ အမိန့်ကြော်ငြာစာပါ နစ်နာကြေးနှုန်းထားများကိုပေးရန် ဖော်ပြ ထားသော်လည်း ယခုအချိန်ထိမပေးသေးကြောင်း ရှင်းလင်းကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နှစ်လကြာ ဆန္ဒပြနေသော ဖုယွင်အလုပ်သမား သပိတ်ဆန္ဒပြသူများသည် ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် သပိတ်စခန်းဖွင့်ခဲ့ပြီး အောက်တိုဘာ ၃၀ တွင် ဆန္ဒပြသူများနှင့် စက်ရုံပိုင်ရှင်အကြား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကြားဝင်ညှိနိူင်းမှု ပြုလုပ်ပေးခဲ့သည်။