ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်လာရေးနည်းလမ်းမျိုးစုံရှာဖွေဖို့သဘောထားချမှတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်လာရေးနည်းလမ်းမျိုးစုံရှာဖွေဖို့သဘောထားချမှတ်
ကျော်ဇေယျ၊ဇန်နဝါရီ-၇
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လာနိုင်ရေး အစိုးရနဲ့ ညှိနှိုင်းကာ နည်းလမ်းမျိုးစုံ ရှာဖွေဖော်ထုတ်ဖို့ သဘောထားချမှတ်နိုင်ခဲ့တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၊ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
 
နေပြည်တော်က Horizon Lake View Hotel မှာ ဒီနေ့ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၇/ ၂၀၂၀) နိဂုံးချုပ်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောတာပါ။
 
“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ မိမိတို့လက်ရှိ NCA-S EAO ၁၀ ဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိချပ်ဖို့ လိုပါတယ်” လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောတယ်။
 
နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့ ထိုက်သင့်တဲ့ အချိန်ကာလယူရမယ်လို့ သူက ဆိုတယ်။ ဖြေရှင်းရာမှာ အခက်အခဲတွေလည်း ကြုံရမှာဖြစ်ပြီး ဒါတွေကို အသိတရား၊ သတိတရားနဲ့ စိတ်ရှည်လက်ရှည် ဖြေရှင်း နိုင်ဖို့ လိုတယ်လို့ သူက မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
 
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟာ အစိုးရ၊ တပ်မတော်တို့နဲ့ မနက်ဖြန် နေပြည်တော်မှာ ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက် ပူးတွဲ အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်း အဝေး (Joint Implementation Coordination Meeting – JICM) တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။
 
ဒီ JICM အစည်းအဝေးကနေ ၂၀၂၀ နှစ်လယ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ လေးကြိမ် မြောက်အစည်းအဝေးကို ကျင်းပနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ သူကပြောတယ်။
 
လက်ရှိမှာ အစိုးရ၊ တပ်မတော်တို့နဲ့ အပစ်အခက်ရပ်စဲကာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ဖြစ်ပါတယ်။

#dailynews


အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."