မေတ္တာ-ထီးခီးလမ်းပိုင်းပေါ်မှာ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးတင်းမာနေတယ်လို့ဆို

မေတ္တာ-ထီးခီးလမ်းပိုင်းပေါ်မှာ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးတင်းမာနေတယ်လို့ဆို
ထားဝယ်- ၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း)
KNU တပ်မဟာ(၄)၊ ရင်း(၁၀) လက်အောက်ခံ တပ်ခွဲတစ်ချို့က KTLA တပ်ဖွဲ့တစ်ခုကို လာရောက် တိုက်ခိုက်ခဲ့ပြီးနောက် လတ်တလော နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိုင်းနယ်စပ်သွား မေတ္တာ-ထီးခီးနယ်စပ်လမ်းကို အသုံးမပြုကြဖို့ KTLA က အများပြည်သူကို သတိပေးထားတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ KTLA ကို သူတို့က အရင်ပစ်တယ်လေ၊ ဒီဘက်ကတော့ ပြန်မပစ်ပါဘူး။ ဟိုးအရင်တုန်းကဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ နှစ်ဖက်အပြန်အလှန်ပစ်တဲ့အခြေအနေရှိတယ်။ ကျွန်တော်တို့အဖွဲ့က ကျတဲ့သူတွေလည်းရှိတာပေါ့ ” လို့ KTLA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာ-ထီးခီးလမ်းပိုင်းပေါ်က ပျားဆေးချောင်းဆိုတဲ့အရပ်အနီးမှာ ကော်သူးလေတပ်မတော်(KTLA) တပ်ဖွဲ့တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၄)၊ တပ်ရင်း(၁၀) အောက်က တပ်ခွဲ(၁)နဲ့ (၂)တို့ ပူးပေါင်းပြီး ဇူလိုင် ၁၅ ရက်က တိုက်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
“ အခုဒီဘက်ကပြန်ပစ်လို့ ခရီးသည်တွေထိခိုက်တယ်ဆိုပြီး သူတို့ဘက်ကတော့ တင်ထားတာပဲ။ ဒီဘက်ကမှမပစ်တာ၊ သူတို့ပစ်လို့ထိချင်ထိတာလည်းဖြစ်မှာပေါ့၊ ဒါမှမဟုတ်သူတို့က တမင်စွပ်စွဲချင်လို့ ရေးတာလားမသိဘူးလေ” လို့ KTLA ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
ထားဝယ်အရှေ့တောဒေသ၊ သင်္ကန်းတုံရွာသားတစ်ဦးကတော့ သူတို့ဒေသမှာ စစ်ကောင်စီကိုတိုက်နေတဲ့ KTLA အဖွဲ့နဲ့ စစ်ကောင်စီကိုကူညီနေတဲ့ KNU တပ်မဟာ(၄)လက်အောက်ခံ တပ်ဖွဲ့တစ်ချို့ကြား မပြေလည်နေတာက ကြာပြီလို့ ရှင်းပြပါတယ်။
“တပ်မဟာ(၄) တစ်ခုလုံးက တော်လှန်ရေးအဖွဲ့တွေနဲ့ ပြဿနာရှိနေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းတစ်ချို့ကသာ တော်လှန်ရေးအဖွဲ့တွေနဲ့ မပူးပေါင်းဘဲ သီးခြားနေနေတာပေါ့လေ။ သူတို့က ဒီဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး ဆယ်စုနှစ်နဲ့ချီ အကျိုးစီးပွားတွေလုပ်နေတာ ရှိတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။
KTLA ပြန်ကြားရေးတာဝန်ရှိသူကလည်း တော်လှန်ရေးမှာပူးပေါင်းတော်လှန်နေတဲ့ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်းတွေများစွာရှိပြီး အခုပြဿနာကြုံနေရတဲ့ တပ်ရင်းတစ်ခုသာ စစ်ကောင်စီကို ပံ့ပိုးနေတာဖြစ်သလို သူတို့ရဲ့ အပြုအမူကြောင့် တော်လှန်ရေးအရှိန် နှောင့်နှေးတယ်လို့ ဆိုပါတယ်။
“ သူတို့က ဒီအတိုင်းအပြင်ပန်းက ကြည့်ရင်တော့ တော်လှန်ရေးအင်အားစုပေါ့၊ ကျန်တဲ့ KNU တပ်မဟာ (၄) က တပ်ဖွဲ့တွေဟာလည်း တော်လှန်ရေးလုပ်နေကြတာပဲလေ။ အခုပြောတဲ့ တပ်ရင်း(၁၀)က သူတို့က တော်လှန်ရေးကိုဗန်းပြပြီးတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းနေတယ်လိုပဲ ပြောရမှာပေါ့။ သူတို့စီးပွားလုပ်တာလေ။ KNU တပ်မဟာ (၄) ဆိုပေမယ့် အကုန်လုံးကိုတော့ သိမ်းကျုံးပြောလို့မရဘူးပေါ့။
ကျန်တဲ့တပ်ခွဲတွေက အလုပ်လုပ်နေတယ်လေ။ အကုန်လုံးကိုတော့ ပြောလို့ မရဘူး” လို့ သူကဆိုပါတယ်။
အခု KTLA ကို လာတိုက်တဲ့ KNU တပ်ခွဲတွေဟာ စစ်ကောင်စီအတွက် ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပါ ထောက်ပံ့နေတာရှိပြီး ဒီလိုဆောင်ရွက်ပေးတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးဆိုင်ရာ ရည်မှန်းချက်တွေကို ထိခိုက်စေတာတွေ ရှိနေတယ်လို့ KTLA ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းကဖြတ်တိုက်တဲ့အခါ တိုက်ပွဲထဲက စစ်ကောင်စီတပ်သားတွေ ရိက္ခာပြတ်လေ့ရှိပါတယ်။ အဲလိုအခြေအနေမှာ KNU တပ်မဟာ (၄)၊ ရင်း ၁၀ ဘက်က ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်ပေးလေ့ရှိတယ်လို့ ၎င်းကပြောပါတယ်။
“အခုက အရှေ့ကတိုက်နေရသမျှက အနောက်မှာအရာမထင်ဘူးပေါ့၊ သဲထဲရေသွန်သလိုမျိုး ကြုံနေရတာပေါ့။ ဒီလမ်းပိုင်းပေါ်ကိုလာသမျှ စစ်ကောင်စီယာဉ်တန်းတွေကို ဘယ်လိုပဲဖြတ်တိုက် ဖြတ်တိုက်၊ အထဲက စစ်ကောင်စီဝင်တွေက ရိက္ခာမပြတ်ဘူး ဖြစ်နေတာပေါ့။ ရင်း(၁၀)အောက်က တပ်ခွဲတွေက ဒီဘက်ကမရရင် ရှမ်းဘက်က(ထိုင်း)နေသယ်ပြီးကို ရိက္ခာကိုပို့ပေးနေတယ်လေ။ အဲဒီလိုတွေရှိနေတော့ ဘယ်လိုပြောမလဲ သူတို့က စစ်ကောင်စီနဲ့ပေါင်းနေမှတော့ မထူးတော့ဘူးလေ၊ ဒီလိုပေါင်းနေရင်တော့ ကျွန်တော်တို့လည်း တော်လှန်ရမှာပဲ တိုက်ရတော့မှာပဲ” လို့ သူက ရှင်းပြပါတယ်။
လတ်တလောမှာ ထားဝယ်ကနေမေတ္တာမြို့အထိလမ်းပိုင်းကို KTLA နဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ် စစ်ရေးလှုပ်ရှားနေပြီး မေတ္တာမြို့ကနေထိုင်းနယ်စပ် ထီးခီးအထိလမ်းပိုင်းကို KNU တပ်မဟာ(၄)က ထိန်းချုပ်ထားပြီး KTLA ကတော့ အဲဒီလမ်းပိုင်းပေါ်မှာ လှုပ်ရှားနယ်မြေအဖြစ် ဆောင်ရွက်နေတာမျိုးရှိတယ်လို့ KTLA ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
သူတို့ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီကို အဓိကတိုက်နေတဲ့ KTLA စစ်ကြောင်းတွေ လှုပ်ရှားနေတဲ့အပေါ် တပ်မဟာ(၄)၊ ရင်း(၁၀)အောက်က တပ်ခွဲတွေက မိုင်းထောင်တာ၊ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သူကဆိုပါတယ်။
“အခုဆိုရင် မေတ္တာကနေ ထီးခီးနယ်စပ်အထိ သူတို့နယ်မြေဖြစ်နေပြီလေ။ အဲဒီအထဲမှာ ကျွန်တော်တို့က သွားတယ် လာတယ် လှုပ်ရှားတယ်ပေါ့။ လှုပ်ရှားတယ်ဆိုတော့ ဘယ်လိုပြောမလဲ၊ သူတို့က သူတို့နယ်မြေကို လုမှာကြောက်လို့ အဲဒီလိုတွေးချင်လည်းတွေးမှာပေါ့။ ဒါမှမဟုတ် စစ်ကောင်စီနဲ့ စီးပွားရေးလုပ်နေတာကို ကျွန်တော်တို့က နှောက်ယှက်နေတယ်လို့ထင်ပြီးတော့ ကျွန်တော်တို့ကို ပြန်ချလာတယ်လို့တော့ ထင်တာပဲ” လို့ KTLA ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတွေကတော့ ဘုံရန်သူစစ်ကောင်စီကို တိုက်ခိုက်နေချိန် အခုလိုဒေသတွင်းတည်ရှိတဲ့ တော်လှန်ရေးအင်အားစုအချင်းချင်း တင်းမာနေကြတာမျိုး မလိုလားဘူးလို့ဆိုကြပါတယ်။
“ဒေသထဲမှာ ကျွန်တော်တို့က အာဏာရှင်ကိုမတိုက်ဘဲနဲ့ ကိုယ့်အချင်းချင်းတိုက်နေတာမျိုးတော့ မဖြစ်စေချင်ဘူးဗျာ” လို့ ထားဝယ်-မေတ္တာလမ်းပိုင်း၊ သင်္ကန်းတုံရွာဒေသခံတစ်ဦးက ပြောပါတယ်။
KTLA ပြန်ကြားရေးတာဝန်ရှိသူကတော့ တော်လှန်ရေးမှာမပါချင်ရင် ဘေးမှာနေလို့ရပေမယ့် ရန်သူနဲ့ ပူးပေါင်းနေတာမျိုးကတော့ ရေရှည်မှာအဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။
“ ကျွန်တော်တို့တိုက်ရမှာက စစ်ကောင်စီတပ်တွေပဲလေ၊ အခုလို အချင်းချင်းဖြစ်နေရင် မကောင်းဘူးပေါ့။ သူတို့ကိုလည်း အဲဒါကိုသိစေချင်တယ်လေ။ စစ်ကောင်စီယာဉ်တန်းလာရင်၊ သူတို့ပါပါလာရင်တော့ ကျွန်တော်တို့ ဖြတ်တိုက်တဲ့အခါ သူတို့ပါထိမှာပဲ။ အဲဒီလိုအချိန်ကျရင် သူတို့ကနေပြီးတော့မှ ပြန်ပြီးတော့ တုံ့ပြန်တယ်၊ သူတို့ကို KTLA က ပစ်တယ်ပေါ့။ အဲဒီလိုတွေထုတ်ပြန်လာတော့ ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုပြောရမလဲ၊ စစ်ကောင်စီတပ်သားတွေကို ပစ်တယ်လေ။ သူတို့လည်း အဲဒီအထဲမှာ ရောပါနေတော့ သူတို့လည်း ထိမှာပေါ့။ ကျွန်တော်တို့က စစ်ကောင်စီတပ်သားတွေကို မပစ်လို့မှ မရတာ။ အဲဒီမှာ သူတို့ပါရောပြီး ပါလိုက်နေရင်တော့ ထိမှာပဲလေ။ မထိစေချင်ရင် မရောနဲ့ပေါ့” လို့ သူက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU တပ်မဟာ(၄)ဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ပုံစာ-KNU တပ်မဟာ ၄ ၊ တပ်ရင်း (၁၀) လက်အောက်ခံ တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်စဉ်ထုတ်ပြန်ချက်နှင့် မေတ္တာ-ထီးခီးလမ်းပိုင်းကို အသုံးမပြုဖို့ KTLA ၏ ထုတ်ပြန်ချက်။

#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."