ဓာတ်ပုံ – မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
ဦးတင်စိုးတစ်ယောက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခဲ့ သည်မှာ ယခုဆိုလျှင် နှစ် ၃ဝ ကျော်ပြီ။ ပြီးခဲ့သည့် ဆယ်နှစ်ဝန်းကျင်လောက်အထိ ပင်လယ်ပြင် ထဲသို့ ၁၅ မိနစ်ခန့် ခရီးဆန့်ရုံမျှဖြင့် ငါးအုပ်များကို တွေ့ရသည်။ ယခုတော့ ထိုသို့မဟုတ်။ သုံးနာရီခန့် စက်ကုန်ဖွင့်ပြီးမှသာ ငါးအုပ်များကို တွေ့ရသည်။
ထို့အပြင် ယခင်ကဲ့သို့ ပိုက်အရေအတွက်နည်းနည်းဖြင့် ငါးဖမ်းထွက်ရန်လည်း အဆင်မပြေတော့ပါ။ အကြောင်းက ပိုက်အမျိုးအစားအစုံဖြင့် ဖမ်းနိုင်မှသာ ငါးရနိုင်သောကြောင့်ဟု သူကရှင်းပြ၏။ ငါးဖမ်းပိုက်အများအပြား အသုံးပြုရသည့် အတွက် အလုပ်သမားကို အရင်ကထက် နှစ်ဆတိုး၍ ခေါ်ယူ ရသည်။
ငါးဖမ်းပိုက်အတွက်ကုန်ကျစရိတ်နှင့် အလုပ်သမားခတို့ ပိုပေးလာရသော်လည်း ဦးတင်စိုးအတွက် ငါးဖမ်းဆီးရမိမှုက ယခင်ကလိုမများတော့ပြီ။ ယခင်က တစ်လလျှင် ပိဿ ာ ရှစ် ထောင်ခန့်ရခဲ့သော်လည်း ယခုအခါ ပိဿ ာထောင့်ငါးရာကျော် သာ ရရှိတော့သည်ဟု သူက ညည်းတွားသည်။
ယင်းသို့ ငါးဖမ်းရမိမှု နည်းပါးလာသည့် ဖြစ်စဉ်မျိုးက ဦးတင်စိုးတစ်ယောက်တည်းသာ ကြုံရသည်မဟုတ်။ သူနေထိုင် သည့် အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိသော သဘော့ဆိပ်ကျေးရွာ မှ ဘဝတူ ရေလုပ်သားများသည်လည်း ထိုနည်းနှင်နှင်ပင် ရင် ဆိုင်နေရသည်။ သဘော့ဆိပ်ကျေးရွာမှာ ထားဝယ်မြို့မှ ၁၃ မိုင် ကျော်အကွာအဝေးတွင်ရှိသည့် ပင်လယ်ကမ်းနားကျေးရွာတစ် ရွာ ဖြစ်သည်။
”ဒီအလုပ်ပဲ လုပ်စရာရှိတော့လည်း ရသမျှလေးနဲ့ပဲ ဆက် လုပ်နေရတာပေါ့”ဟု ပြောနေသည့် ဦးတင်စိုးအသံက ပင်လယ် လှိုင်းသံတွေကြား မပီဝိုးတဝါး။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများကြောင့် အဏ္ဏဝါဗေဒဇီဝ မျိုးစိတ်များ လျော့နည်းလာရသလို လူများ၏ အလွန်အကျွံ ငါး ဖမ်းဆီးမှုကြောင့်လည်း ငါးသယံဇာတများ ဆုံးရှုံးလာနေရပြီး အချိန်မီ ထိန်းသိမ်းရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ပါက ရေ လုပ်ငန်းကို မှီခိုနေရသည့် ဒေသခံများ၏ လူမှုဘဝများအပြင် တိုင်းပြည်၏ အစားအသောက် ဖူလုံရေးအတွက်ပါ ထိခိုက်လာနိုင် သည်ဟု ပညာရှင်များက ထောက်ပြကြသည်။
၂ဝ၁၅ တွင် နော်ဝေနိုင်ငံမှ အကူအညီပေးခဲ့သည့် ဒေါက် တာဖရစ်ဂျော့နန်ဆင်သုတေသနယာဉ်၏ လေ့လာမှုစစ်တမ်းအရ မြန်မာ့ပင်လယ်ကမ်းဝေးတွင် ငါးသယံဇာတ တည်ရှိမှုမှာ ၁၉၈ဝ တစ်ဝိုက်က တန်ချိန် ၁ ဒသမ ၇၅ သန်းရှိခဲ့ရာမှ ယခု ၉ဝ ရာခိုင် နှုန်းကျဆင်းသွားသည်ဟုဆိုသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရေချိုရေငန်ငါးတန်ချိန် ၅ ဒသမ ၃၁ သန်း ဖမ်းဆီးရရှိ ခဲ့ပြီး ကမ်းနီးကမ်းဝေးရေငန်ငါး ၂ ဒသမ ၈၅ သန်း ပါဝင်သည်ဟု ငါးလုပ်ငန်းဦးစီးဌာန စာရင်းများက ဆိုသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် အလွန်အကျွံထုတ်ယူ သုံးစွဲခြင်းတို့ကြောင့် ငါးသယံဇာတများ ရှားပါးပျောက်ကွယ် လာရသည်ဟု ပညာရှင်များက ပြောသည်။
ရာသီဥတုပြောင်းလဲမှုနှင့် ငါးသယံဇာတ
ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ပြောင်းလဲလာသည့် ရာသီ ဥတု အခြေအနေများကြောင့် ရေနေသတ္တဝါများအတွက် အရေး ပါသည့် သန္တာကျောက်တန်းများ ပျက်စီးလာသည်ကို တွေ့လာရ သည်ဟု အပြည်ပြည်ဆိုင်ရာ သားငှက်တိရစ္ဆာန်နှင့် သဘာဝ အပင်များအဖွဲ့ (Fauna & Flora International – FFI) ၏ ဒေသခံများ စီမံခန့်ခွဲသည့် ငါးလုပ်ငန်းရေပြင်အစီအစဉ် တာဝန်ခံ ဦးစိုးသီဟက ပြောသည်။
”ပြောရမယ်ဆိုရင် သန္တာကျောက်တန်းတွေဟာ ငါးတွေရဲ့ အိမ်လို့တောင် ပြောနိုင်ပါတယ်။ ဒါတွေ ပျက်စီးလာတာက ငါးသယံဇာတလျော့နည်းမှုကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။
သ္တနာကျောက်တန်းများသည် အောက်ဆီဂျင်ထုတ်လွှတ် ပေးခြင်း၊ ပင်လယ်ရေအားသန့်စင်ပေးခြင်း၊ ရေတွင် ပျော်ဝင်နေ သော ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူခြင်းနှင့် ငါးများခို အောင်းနိုင်မည့်နေရာများ ဖန်တီးပေးသကဲ့သို့ ငါးတို့အတွက် အစားအစာများလည်း ရရှိစေသည်။
FFI အဖွဲ့သည် မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်း များကို သုတေသနပြုရာတွင် အကောင်းဆုံးဟု ယူဆနိုင်သည့် နေရာများတွင် ၇ဝ ရာခိုင်နှုန်းခန့်နှင့် အချို့နေရာများတွင် ၃ဝ ရာ ခိုင်နှုန်းခန့်သာ အကောင်းအတိုင်း ကျန်ရှိသည်ဟု ဦးစိုးသီဟက ဆိုပါသည်။
ရာသီဥတုပူနွေးလာသည်နှင့်အမျှ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်လာခြင်းက သန္တာကျောက်တန်းများကို ပျက်စီး စေခြင်းဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန် အားဖြင့် အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီသာရှိသော်လည်း ပြီးခဲ့ သည့် ၂ဝ၁၄ ခန့်မှစ၍ အပူချိန် ၃၁ မှ ၃၂ ဒီဂရီအထိ မြင့်တက် လာသည့်ကို တိုင်းတာသိရှိရကြောင်း သူက ရှင်းပြသည်။
ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအနေနှင့် သန္တာ ကျောက်တန်းများ ပျက်စီးစေသကဲ့သို့ ပင်လယ်မြက်များ သေ ဆုံးမှုကိုလည်း ဖြစ်ပေါ်စေသည်။ ယင်းမြက်ပင်များသည် ပင်လယ် လိပ်နှင့် ရေဝက်များအတွက် မှီခိုရာနေရာနှင့် အစာအာဟာရ လည်း ဖြစ်သည်ဟု ဦးစိုးသီဟက ရှင်းပြသည်။
ဒီရေတောနှင့် အစာကွင်းဆက်
ရေသတ္တဝါတို့၏အစာကွင်းဆက်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့် ဒီရေတောများပြုန်းတီးလာမှု တို့ကြောင့်လည်း ငါးသားပေါက်များ ခိုအောင်းရှင်သန်နိုင်သည့်နေရာများပျောက်ကွယ်ပြီး ငါးမျိုးစိတ်များ ပေါက်ပွားမှုကို ကျဆင်းလာစေသည်ဟု မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန လက်ထောက်ကထိက ဒေါက်တာခင်မေချစ်မောင်က ပြောသည်။
အစာကွင်းဆက်ဆိုသည်မှာ ရေအောက်ကြမ်းပြင်တွင် ပေါက်ရောက်သည့် အသေးငယ်ဆုံးအပင်မျောလေးများကို စား သုံးသောရေသတ္တဝါငယ်များ၊ ထိုရေသတ္တဝါငယ်လေးများကို ငါး သေးငါးမွှားများကစားကာ ၎င်းတို့ကိုတော့ အခြားသော ငါးကြီး များနှင့် ရေသတ္တဝါအချို့က စားသုံးခြင်းဖြင့် ဖြစ်ပေါ်တည်ရှိသည့် ပုံစံဖြစ်သည်။
ဒီရေတောများပျက်စီးခြင်းကြောင့် ငါးဥများမှီတွယ်ရာ လုံခြုံသောနေရာ မရှိတော့သဖြင့် လေလွင့်ဆုံးရှုံးမှုများကလည်း ငါးသယံဇာတရှားပါးရသည့် အကြောင်းရင်းထဲတွင် ပါဝင်၏။
မြိတ်မြို့အခြေစိုက် တနင်္သာရီ အစိမ်းရောင်ကွန်ရက် (Green Network Thanitharyi Region) ၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမျိုးဦးကတော့ ဒီရေတောများ ပျက်စီးလာမှုသည် လောင်စာအဖြစ် အသုံးပြုမှုနှင့် စီးပွားဖြစ်မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်မှုတို့ကြောင့်ဖြစ်ကြောင်း ၎င်းတို့အဖွဲ့လေ့လာတွေ့ရှိချက် အား ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၈ဝ ကာလများက ဒီရေတောဧရိယာ ဧက ၁၆ သိန်း ရှိခဲ့ရာက ၂ဝ၁ဝ တိုင်းတာမှုအရ ထက်ဝက်ကျော် သာ ကျန်ရှိတော့ကြောင်း သစ်တောဦးစီးဌာန(နေပြည်တော်)စာရင်းများက ဖော်ပြနေသည်။
ငါးအလွန်အကျွံ ဖမ်းဆီးမှု
သဘာဝပတ်ဝန်းကျင်များ ပြောင်းလဲပျက်စီးနေသည့် တစ်ချိန်တည်းတွင် လူတို့၏ အလွန်အကျွံထုတ်ယူမှုနှင့် သတ်မှတ် ထားသော စည်းကမ်းဥပဒေများကို မလိုက်နာမှုတို့ကလည်း ငါး သယံဇာတများကို အလျင်အမြန်လျော့ပါးစေသည့် အကြောင်း ရင်းတစ်ရပ်ဖြစ်နေပြန်သည်။
ငါးဖမ်းကိရိယာများကိုလည်း သတ်မှတ်ပိုက်ကွက်ကို အသုံးမပြုဘဲ ”ငါးသေးငါးမွှားတွေပါ မိစေမယ့် (ပိုက်)အမျိုး အစားတွေကိုအသုံးပြုနေကြတယ်”ဟု တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ပြောသည်။
အရွယ်မရောက်သေးသည့် ငါးများအား ဖမ်းဆီးလိုက် သည့်အတွက် ငါးများရှင်သန်ကြီးထွားခွင့်နှင့် ငါးမျိုးပွားမှုကို ထိခိုက်စေသည်ဟု သူက ရှင်းပြသည်။
”အခုဟာက ရောင်းလို့ရတဲ့ အရွယ်ရောက်တာနဲ့ အကုန် ဖမ်းချင်နေကြတယ်”ဟု သူက ဆိုသည်။
ဈေးကွက်ဝင် ငါးအရွယ်အစား မဟုတ်သော်လည်း ငါး အမှုန့်ကြိတ်စက်လုပ်ငန်းများ အသုံးပြုရန် အရွယ်မရောက် သေးသည့် ငါးသေးငါးမွှားများကိုပါ ဖမ်းဆီးရောင်းချနေကြခြင်း ဖြစ်သည်။
ယင်းသို့ဖမ်းဆီးလာရခြင်း၏ အကြောင်းရင်းတစ်ရပ်ကို ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးကျော်ကျော်သက်က ယခုကဲ့သို့ မှတ်ချက်ပေးသည်။
”(ငါး)အရအမိနည်းလာတဲ့အပေါ် မူတည်ပြီး ပိုက်ကွက် စိပ်တာတွေ သုံးတယ်။ အရင်းကျေဖို့အတွက် နည်းမျိုးစုံ သုံးကြ တာပဲ”
ငါးဖမ်းဆီးရမိမှုနည်းပါးလာခြင်းကို ဒေးဒရဲမြို့နယ်၊ သကြားဟင်းအိုးကျေးရွာမှ ဦးမင်းငယ်လည်း ကြုံတွေ့နေရသည်။ ဘဝင်းချခြင်းငါးဖမ်းနည်း (ထိပ်ဝကားပြီး အဖျားသို့ ရှူးသွား သည့် ပိုက်အမျိုးအစား ဖြင့် ငါးဖမ်းစီးခြင်း)နှင့် ဖမ်းပါက တစ်ရက် လျှင် ငါးပိဿာ ချိန် ၁၂ဝ နီးပါးရရှိဖူးသော်လည်း ယခုနောက်ပိုင်း ပိဿာ ၅ဝ ခန့်သာ ရရှိတော့သည်ဟု ဦးမင်းငယ်က ဆိုသည်။
ထိုသို့ ဘဝင်းတစ်ကြိမ် ရေချနိုင်ရန် လုပ်သား ၁၁ ဦး လိုအပ်ပြီး အလုပ်သမားစရိတ်နှင့် အခြားကုန်ကျစရိတ်အားလုံး ကို နုတ်မည်ဆိုပါက တစ်ရက်အမြတ် အစွန်းမှာ ”ပြောမယ်ဆိုရင် အရင်ကနဲ့ ခေါက်ချိုးလောက်ကွာသွားတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ငါးဖမ်းဧရိယာ အများဆုံးတည်ရှိသည့် ဒေသများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ဖြစ်သည်။ ယင်းဒေသများအနက် တနင်္သာရီတိုင်းဒေသကြီး သည် ကမ်းရိုးတန်းအရှည်ကီလို မီတာ ၁,၂ဝဝ(၇၄၆ မိုင်ခန့်) ဖြင့် ငါးဖမ်းရေပြင်အကျယ်ဝန်းဆုံးနှင့် ဖမ်းဆီးမှု အများဆုံးဒေသ လည်း ဖြစ်သည်။
ငါးလုပ်ငန်းဥပဒေနှင့် စည်းကမ်း
ငါးဖမ်းဆီးမှုနှင့်စပ်လျဉ်းပြီး မြန်မာ့ပင်လယ်ငါးလုပ်ငန်းနှင့် ရေချိုငါးလုပ်ငန်းဟူ၍ အမျိုးအစားနှစ်မျိုး သတ်မှတ်ထားသည်။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းတွင် ကမ်းနီးနှင့် ကမ်းဝေး ငါးဖမ်း လုပ်ကွက်များပါဝင်သည်။ ရေချိုငါးလုပ်ငန်းတွင် အင်းအိုင်၊ မြစ် ချောင်းနှင့် ချောင်းရိုး၊ မြောင်းရိုးများအတွင်း ငါးဖမ်းဆီးနိုင်သည့် ကုန်းတွင်းပိတ်လုပ်ကွက်များပါဝင်သည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ငါးလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ကမ်းနီးနှင့်ကမ်းဝေး ငါးလုပ်ငန်း များကို သတ်မှတ်ပေးသည်။ ယင်းကဲ့သို့ ငါးဖမ်းလုပ်ကွက်များ သတ်မှတ်ထားသော်လည်း နယ်ကျော်ဖမ်းဆီးမှုများနှင့် လိုင် စင်မရှိဘဲ ဖမ်းဆီးမှုများရှိနေသည်ဟု တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
လိုင်စင်မရှိဘဲ ဖမ်းဆီးမှုတွင် သတ်မှတ်ကာလတစ်ခု အတွက် လိုင်စင်ပြုလုပ်ထားသော လုပ်ငန်းရှင်က လိုင်စင်သက် တမ်းမတိုးဘဲ ဖမ်းဆီးခြင်းနှင့် လိုင်စင်မရှိဘဲ ငါးလုပ်ငန်းရေပြင် အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဟူ၍ နှစ်မျိုးရှိသည်။
နယ်ကျော်ဖမ်းဆီးမှုဆိုသည်မှာ ကမ်းဝေးငါးဖမ်းလိုင်စင် ရယူထားသူက ကမ်းနီးငါးဖမ်းလုပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီး ခြင်းမျိုးဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးတိုးလွင်က ဆိုသည်။
”ကမ်းဝေးသမားတွေက တရွတ်ဆွဲပိုက်မျိုးတွေနဲ့ ကမ်းနီး ကိုဝင်လာတဲ့အခါ ကမ်းနီးရေလုပ်သားတွေရဲ့ပိုက်တွေ ပျက်စီး သွားတာ၊ နောက် ဖမ်းဆီးရမယ့်လုပ်ကွက်တွေပျောက်လာတာ နဲ့ ပင်လယ်ရေအောက်ကြမ်းပြင် သန္တာကျောက်တန်းတွေ ပျက် စီးမှုကို ဖြစ်စေပါတယ်”ဟု သူက ဆက်ပြောသည်။
၁၉၉၃ တွင်ပြင်ဆင်ခဲ့သည့် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ စည်းကမ်းချက်များအား ဖောက်ဖျက်လျှင် အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် ဥပဒေပါအတိုင်း စစ်ဆေးအရေးယူမှုများ လုပ် ဆောင်နိုင်ရန်မှာ ဝန်ထမ်းအင်အား၊ လုံခြုံရေးအခြေအနေ၊ လို အပ်သည့် သွားလာရေးဆိုင်ရာ ရေယာဉ်များ ဖြည့်တင်းပေးမှသာ စဉ်းစားနိုင်မည်ဟု တိုင်းဦးစီးမှူးဦးတင်ထွန်းအောင်က ထောက် ပြသည်။
ထို့ကြောင့် ”အရေးယူဖို့ဆိုတာထက် ပညာပေးတဲ့အပိုင်း ကို ဦးစားပေး လုပ်ဆောင်ရပါတယ်” ဟု သူက ဆိုသည်။
ဦးတင်စိုးဆိုလျှင် ငါးဖမ်းလုပ်သက် နှစ်သုံးဆယ်အတွင်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိ၊ မရှိ အား တာဝန်ရှိသူများ လာရောက် စစ်ဆေးကြသည်ကို တစ်ကြိမ် မှ မကြုံဖူးကြောင်း မော်ကွန်းကို ပြောပါသည်။ သို့သော် သူနေ ထိုင်သည့် ကျေးရွာသို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တစ်ခါတစ်ရံလာရောက် ပညာပေးဟောပြောမှုများ ရှိသည်ဟု ဆိုပါသည်။
ဆိုရလျှင် ပညာပေးဟောပြောမှုများကို လက်တွေ့လုပ် ငန်းခွင်တွင် အတိအကျလိုက်နာသူက ရှားပါးပြီး သူကိုယ်တိုင် လည်း သတ်မှတ်ပိုက်ကွက်အတိုင်း အသုံးပြုပါက ငါးအရ အမိနည်းသည့်အတွက် ပိုက်ကွက်စိတ်ကို အသုံးပြုကာ ဖမ်းဆီး နေရသည်ဟု သူက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်သည် ငါးလုပ်ငန်းရေပြင်အတွင်း ဥပဒေချိုးဖောက်ကာ တရားမဝင်ငါးဖမ်းဆီးနေမှုများကို ထိရောက်စွာ အရေးယူဆောင် ရွက်ရန် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယ ပုံမှန် အစည်းအဝေးကာလတွင် အဆိုတင်သွင်းခဲ့သူလည်းဖြစ်သည်။
အဆိုတင်သွင်းခဲ့သည့်အချိန်က သက်ဆိုင်ရာငါးလုပ်ငန်းမှ တာဝန်ရှိသူက ပြန်လည်ဖြေရှင်းရာတွင် ဝန်ထမ်းအင်အား မလုံ လောက်မှုကိုသာ အဓိကဖြေကြားသွားသည်ဟု သူက ဆိုသည်။
ငါးလုပ်ငန်းဦးစီးဌာန(နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ကလည်း ဌာန၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ လိုအပ်သော ဖွဲ့စည်းပုံသတ်မှတ်ထားသော်လည်း အဆိုပါသတ်မှတ်ချက်၏ သုံးပုံနှစ်ပုံကိုသာ ဝန်ထမ်းခန့်ထားနိုင်သည်ဟု သူက ပြောသည်။
ရေချိုငါးဖမ်းလုပ်ငန်း
ပင်လယ်ငါးလုပ်ငန်းတွင် ငါးအလွန်အကျွံ ဖမ်းဆီးမှုများ ရှိနေသလို ရေချိုငါးလုပ်ငန်းတွင်လည်း အလားတူဖမ်းဆီးမှုများ ရှိနေကြောင်း ပညာရှင်များက ဆိုပါသည်။
ရေချိုငါးလုပ်ငန်း၏ သဘောသဘာဝမှာ ရာသီအလိုက် သော်လည်းကောင်း၊ ရေအစဉ်အမြဲရှိသော မြစ်၊ ချောင်း၊ အင်း အိုင်၊ ရေကန်များတွင် စီးပွားဖြစ် ဖမ်းဆီးခြင်း ဖြစ်သည်။ ရေချိုငါး လုပ်ငန်းဥပဒေများကိုတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဒေသနှင့်ကိုက်ညီမည့် ဥပဒေများရေးဆွဲခွင့်ကို ၂ဝ၁၂ က စတင် ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ရေချို ငါးထုတ်လုပ်မှုအမြင့်ဆုံးဖြစ်ကာ တစ်နိုင်ငံလုံး ငါးထုတ်လုပ်မှု ပမာဏ၏ ၂၈ ရာခိုင်နှုန်း (မက်ထရစ်တန် ၄,၃၁၆ ကျော်)ရှိသည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းမိတ်ဖက်အဖွဲ့၏ ၂ဝ၁၆ စာတမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ယင်းလုပ်ငန်းက လူဦးရေ ၁၅ သန်း၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးထားကာ ပြည်တွင်းငါး စားသုံးမှု ၏ ၂၇ ရာခိုင်နှုန်း(လူဦးရေ ၁၄ သန်းကျော်)ကို ဖြည့်ဆည်းပေး လျက်ရှိသည်ဟု အထက်ပါစာတမ်းက ဆိုပါသည်။
ရေချိုငါးလုပ်ငန်းတွင် မြစ်ချောင်းများအတွင်း စီးပွားဖြစ် ဖမ်းဆီးမှု၊ ဘုံငါးဖမ်းလုပ်ကွက်များနှင့် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်သည့် ငါးဖမ်းကိရိယာ လိုင်စင်ဖြင့် ခွင့်ပြုသည့်လေလံ စနစ်နှင့် အင်းသူကြီးများအား သီးခြားလုပ်ကိုင်ခွင့်ပေးသော ဂရန်အင်း (အငှားချထားသည့် အင်းအိုင်)စနစ်တို့ ရှိကြသည်။
အင်းစနစ်နှင့်လုပ်ကိုင်ရာတွင်လည်း ငွေကြေးတတ်နိုင် သူများကသာ လက်ဝါးကြီးအုပ်လုပ်ကိုင်၍ မူလလေလံ ဈေး ပမာဏထက်အမြတ်အစွန်းယူကာ လက်ပြောင်းလက်လွှဲလုပ် ကိုင်မှုများ ရှိနေသည်ဟု ငါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေး ဆောင်ရွက် လျက်ရှိသော ဒေသတွင်းလူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပေါင်း စုလုပ်အား အကူအညီပေးရေးအဖွဲ့ (Netwrok Activities Group – NAG)၏ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသဆိုင်ရာ ဒါရိုက်တာ ဦးရင်ငြိမ်းက ပြောပြသည်။
ငွေကြေးတတ်နိုင်သူများက ငွေကျပ်သိန်းတစ်ရာတန် သည့် အင်းလေလံကို ကိုင်တိုင်လုပ်ကိုင်ခြင်းမရှိဘဲ ရယူလိုက် ကာ တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသော ရေလုပ်သား ၁၅ ဦးခန့်ကို အကွက်ငယ်များ ရိုက်၍ ပြန်ရောင်းသည်။ သို့အတွက်ကြောင့် လေလံဈေးက မူလထက် ဈေးတက်သွားခြင်းမျိုးဖြစ်၏။
”တကယ်ငါးလုပ်ငန်းလုပ်တဲ့သူက ပေါက်ဈေးထက်ပိုတဲ့ လေလံကြေးပေးရတဲ့အခါမှာ အရင်းအနှီးနဲ့တန်အောင် ငါးထုတ် ယူတာတွေ ဖြစ်လာတယ်”ဟု ဦးရင်ငြိမ်းက ရှင်းပြသည်။
”ငါးဖမ်းဆီးခွင့်ပေးတဲ့ရည်ရွယ်ချက်က အခွန်လည်းရ ငါးသယံဇာတလည်း ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့တာ၊ အခု ဖြစ် နေတာက ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ပဲ” ဟု သူက ဆက်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဖျာပုံမြို့ နယ်ဦးစီးမှူး ဒေါ်ဝါဝါသိန်းက အင်းလေလံပေးသည့် စည်းကမ်း ချက်တွင် ငါးသယံဇာတများထုတ်ယူသုံးစွဲသကဲ့သို့ ထိန်းသိမ်း ရေးလုပ်ဆောင်ရန်နှင့် အင်းဂရန်တန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ငါးသားပေါက်များစိုက်ထည့်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့တွင် ပြန်လည်အသုံးပြုရမည်ဟု ထည့်သွင်း ထားကြောင်း ရှင်းပြသည်။
ယခင်က အင်းလေလံကို တစ်ဦးတည်းပိုင်ပေးသည့် ပုံစံ အား ယခုနောက်ပိုင်း အစုအဖွဲ့ငွေဖြင့် လေလံယှဉ်ပြိုင်ခွင့် ပေး လာခြင်းဖြင့် ရေလုပ်သားငယ်များအတွက် ငါးဖမ်းလုပ်ကွက် များရရှိရန် အခွင့်အလမ်းရှိလာပြီဟု သူက ဆိုပါသည်။
ရေချိုငါးဖမ်းလုပ်ငန်းတွင် အင်းလုပ်ငန်းပြဿ နာများ အပြင် တရားမဝင်စီးပွားဖြစ် ငါးဖမ်းဆီးခြင်း၊ ဘက်ထရီလျှော့ တိုက်ငါးဖမ်းခြင်းနှင့် မိုင်းခွဲ၍ငါးဖမ်းခြင်းတို ့ကြောင့် ငါးသေးငါး မွှားများ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု သူက ဆက်ပြောသည်။
မိုင်းခွဲ၍ငါးဖမ်းခြင်းဆိုရာတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက် ဓာတုပစ္စည်းနှင့် ယင်းကဲ့သို့ အန္တရာယ် ဖြစ်စေသောပစ္စည်းဖြင့် ငါးဖမ်းခြင်း (သို့မဟုတ်) အကျိုးဖျက်ဆီး ခြင်းဟု ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းမှာတော့ တရားမဝင်ငါးဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု သုံးခုရှိသည်ဟု ဒေါ်ဝါဝါသိန်းက ရှင်းပြသည်။
လူတွေ့ပညာပေးမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ် ရုံးသို့ခေါ်ယူသတိပေးချက်အား လိုက်နာမှုမရှိသည့်အတွက် ယခု ကဲ့သို့ ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်သည်ဟု ယူဆသူများ အား ဦးစီးမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင် ကြားရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေချိုငါးလုပ်ငန်းဥပဒေ (၂/၂ဝ၁၂) ပုဒ်မ ၅၈ အရ တရားစွဲဆိုတင်ပို့သည့်အမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ ဖမ်းဆီးဆောင်ရွက်ခဲ့သော်လည်း အရေးမယူနိုင် သည့် ဖြစ်စဉ်များလည်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းအင်အားနည်းပါးသည့် အတွက်ဖြစ်သည်။
”တစ်လတစ်ကြိမ်လောက်ပဲ စစ်ဆေးရေးသွားနိုင်တယ်။ ဒါကလည်း ဒေသအာဏာပိုင်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင် မှပဲ လုပ်နိုင်တာ”ဟု ဒေါ်ဝါဝါသိန်းက ပြောသည်။
ဥပဒေချိုးဖောက်ကာ တရားမဝင် ငါးဖမ်းဆီးနေမှုများကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုများနှင့် လက်ရှိ ဆောင် ရွက်နေသည်များကို ပြုပြင်ပြောင်းလဲဆောင်ရွက်ပါမှ ငါးလုပ် ငန်းကဏ္ဍဖွံ့ဖြိုးလာမည်ဟု ပညာရှင်များက ဆိုပါသည်။
သက်ဆိုင်ရာဌာနများ ပေါင်းစပ်နိုင်မှု အားနည်း
သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်မှု အားနည်းချက်ကြောင့်လည်း ငါးသယံဇာတများ ထိန်းသိမ်းရေး နှင့် ရေရှည်ထုတ်ယူနိုင်ရေးအတွက် အခက်အခဲ ဖြစ်ကြရသည်။
ငါးသယံဇာတများအတွက် အရေးကြီးသည့် ဒီရေတော ထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍ အဓိကတာဝန်ရှိသော သစ်တောဦးစီး ဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှာ ပူးပေါင်းလုပ်ဆောင်နိုင်မည့် မူဝါဒနှင့် သတ်မှတ်ချက်များ တိတိကျကျ ချမှတ်မထား ကြောင်း နှစ်ဖက်တာဝန်ရှိသူတို့က မော်ကွန်းကို ပြောပါသည်။
မြိတ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန် သောင်းကတော့ ”ဒီရေတော အပင်တွေပေါက်တဲ့ နေရာက ငါး လုပ်ငန်းရေပြင်မှာရှိပေမယ့် ကျွန်တော်တို့ အဲဒီအပိုင်းကို စီမံခန့်ခွဲ ပိုင်ခွင့် မရှိပါဘူး။ သစ်တောဌာနရဲ့ လုပ်ပိုင်ခွင့်သာ ဖြစ်ပါတယ်”ဟု သူက ဆိုပါသည်။
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင်တော့ ငါးလုပ်ငန်းကို စုပေါင်းစီမံခန့်ခွဲသည့် စနစ်များကို ကျင့်သုံးနေပြီဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသို့ ငါးလုပ်ငန်းအခြေအနေအား သွား ရောက်လေ့လာခဲ့ဖူးသည့် ဒေးဒရဲမြို့နယ်မှ ဦးမင်းငယ်သည် ရေ လုပ်သားတစ်ဦးဖြစ်သကဲ့သို့ ရေ လုပ်သားဖွံ့ ဖြိုးရေးအဖွဲ့ (Fisher Developer Association – FDA) ၏ ဖျာပုံခရိုင် အတွင်း ရေးမှူးတာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။
ကမ္ဘောဒီးယားတွင် ငါးလုပ်ငန်းကို စုပေါင်းစီမံခန့်ခွဲသည့် စနစ်ဖြင့်ကျင့်သုံးကာ သယံဇာတထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း များကိုလည်း ငါးလုပ်ငန်းနှင့် သက်ဆိုင်သည့် နယ်ပယ်အားလုံးက စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။
ထို့ပြင် ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်မှုများမြန်ဆန်စေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဌာနတို့ကို တစ်ခုတည်းပေါင်းစပ်ထားသည်ကို တွေ့ရသည်ဟု ဦးမင်းငယ်က ဆိုသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံရေ လုပ်သားများ၏ ဘဝရပ်တည်ရေးများအတွက် အစိုးရမှ ပံ့ပေး မှုများ လုပ်ဆောင်ပေးရန် သူက မျှော်လင့်ထားသည်။ အထူး သဖြင့် ငါးပေါက်ပွားသည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်ကဲ့သို့သော ငါး မဖမ်းရရာသီများတွင် ရေလုပ်သားများ၏ စားဝတ်နေရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးစေလိုသည်။
အကြောင်းကတော့ ငါးမဖမ်းရ ရာသီများတွင် သကြား ဟင်းအိုးရွာသား ဦးညိမ်းအေးတို့မိသားစုကဲ့သို့ စားဝတ်နေရေး ခက်ခဲသူများရှိနေ၍ဖြစ်သည်။ သူ့ အသက်က ၅၅ နှစ်ရှိပြီ။ တစ် မိသားစုလုံး ရေလုပ်ငန်းနှင့်သာ အသက်မွေး၏။
အသက်အရွယ်ရလာသည်နှင့်အမျှ ပုံမှန်ငါးဖမ်းရသည့် အချိန်များမှာပင် ငါးကို များများရအောင် မရှာနိုင်ရသည့်အထဲ ခုလို တားမြစ်ရာသီများတွင် လက်ထဲ ငွေပိုငွေလျှံ မရှိလေတော့ အိမ်နေရင်း ပိုက်ဖာထေးသည့်အလုပ်ကို လုပ်အားခယူ၍ လုပ် ရသည်။
”သူများတွေလာအပ်တဲ့ ပိုက်တွေကို ဖာတယ်၊ ပြင်တယ်။ အဲဒီအလုပ်ကနေ ငွေနည်းနည်းရတယ်”ဟု သူက ဆိုသည်။
ပွဲမဝင်မီ အပြင်ကကျင်းပဆိုသကဲ့သို့ ငါးမဖမ်းရန် တားမြစ် ထားချိန်များတွင် ငွေကြေးတတ်နိုင်သူအချို့က ပွင့်လင်းရာသီ ရောက်ချိန် ငါးဖမ်းထွက်နိုင်ရန် ပြင် ဆင်သည့်အနေနှင့် ရေယာဉ် များပြုပြင်ခြင်း၊ ငါးဖမ်းကိရိယာများ ပြုပြင်ခြင်းတို့ကို ကြိုတင် လုပ်ကိုင်ထားကြသည်ဟု ဦးညိမ်းအေးက ရှင်းပြ၏။
ဦးညိမ်းအေးမှာက မိသားစုလေးယောက်ရှိသည်။ အငှား လာအပ်သည့် ပိုက်အနည်းအများအပေါ်မူတည်ကာ တစ်မိသားစု လုံးက ပိုက်ဖာထေးခြင်းကို ဝိုင်းဝန်းလုပ်ကိုင်ကြရသည်။
ထိုကဲ့သို့သာ မလုပ်တတ်ပါက ”ထမင်းဘယ်လိုစားရမှန်း တောင် မတွေးတတ်ဘူး”ဟု ဦးညိမ်းအေးက ရေရွတ်သည်။
ဘယ်လိုဖြေရှင်းမလဲ
ငါးသယံဇာတကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် လက်ရှိ တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ မူဝါဒနှင့် လမ်းညွှန် ချက်များ ပြင်ဆင်ခြင်းတို့ကို ဦးစွာ ပြုလုပ်ရန်လိုသည်ဟု ငါး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။
ပြင်ဆင်ရမည့်အချက်များအနက် ငါးလုပ်ငန်းရေပြင်အား တိတိကျကျ သတ်မှတ်ပေးရန် လိုအပ်သည်ဟု ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမြင့်သိန်းက ထောက်ပြသည်။
လက်ရှိ တည်ဆဲဥပဒေများအရ ထိုသို့သော သတ်မှတ်ချက် မပါဝင်သည့် အတွက် လယ်ယာလုပ်ငန်းလုပ်ကိုင်သူနှင့် ငါးပုစွန် မွေးမြူဖမ်းဆီးမှု လုပ်ကိုင်သူတို့မှာ အငြင်းပွားရမှုများ ရှိလာရ သည်ဟု သူက ဆိုသည်။
ထို့ပြင် တစ်နိုင်တစ်ပိုင်ငါးဖမ်းခွင့်ဆိုသည့် စကားရပ်မှာ လည်း အဓိပ္ပာယ် ကျယ်ဝန်းသည့်အတွက် မည်သည့်လုပ်ငန်း ပမာဏ၊ ငါးဖမ်းကိရိယာအမျိုးအစားများက မည်သည်ကိုသာ အသုံးပြုရမည် အစရှိသော တိကျရေရာသည့် သတ်မှတ် ချက်မျိုး ဥပဒေ၌ ထည့်သွင်းရန် လိုအပ်သည်ဟု ဦးဇေယျာမြင့်သိန်းက အကြံပြု ပါသည်။
NAG အဖွဲ့မှ ဦးရင်ငြိမ်းကတော့ ”ငါးလုပ်ငန်းလို့ပြောရင် ဒီအစိတ်အပိုင်း တစ်ခုတည်းကိုပဲ ကွက်ပြီးတော့ ကြည့်လို့မရဘူး။ အခြားသူနဲ့ ဆက်စပ်နေတဲ့ သစ်တော၊ မြေယာစီမံခန့်ခွဲမှု စတဲ့ နယ်ပယ်တွေပါ ခြုံငုံစဉ်းစားဖို့ လိုပါတယ်”ဟု သူက ဆိုသည်။
ငါးလုပ်ငန်းရေပြင်အတွင်း ဒီရေတောကဲ့သို့သော သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်းကို သစ်တောဥပဒေနှင့် ကိုင် တွယ်ကာ ရေချိုလုပ်ငန်းမျိုးတွင်တော့ လယ်ယာမြေကိုအသုံးပြု ၍ ငါးမွေးမြူရေးလုပ်ဆောင်သည်ကို မြေယာဥပဒေနှင့် ဆောင် ရွက်ရမည်ဖြစ်သဖြင့် ကဏ္ဍတစ်ခုနှင့်တစ်ခုချိတ်ဆက်နေခြင်း တို့ ကြောင့်ဖြစ်သည်။
ထို့ပြင် တည်ဆဲဥပဒေများအနက် ရေချိုငါးလုပ်ငန်းနှင့် ပတ်သက်၍သာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီမံခန့်ခွဲ နိုင်ခွင့်ရှိသော်လည်း ကမ်းဝေးငါးလုပ်ငန်းတွင်မူ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကို လုပ်ပိုင်ခွင့်ပိုပေးထားခြင်း က စည်းကမ်းချိုးဖောက်မှုများကို အရေးယူဆောင်ရွက်ရန် အချိန်ကြန့်ကြာမှုရှိနေသည်ဟု ဦးရင်ငြိမ်းက ပြောပါသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ”သူတို့(ဝန်ကြီး၊ ညွှန်ချုပ်) ခွင့်ပြုချက်နဲ့မှ လုပ်လို့ ရတော့ အောက်ခြေမှာ စည်းကမ်းမလိုက်နာမှုတွေ့တယ်ဆိုရင် ဦးစီးမှူးအဆင့်တွေက လုပ်ခွင့်မရှိသလို လုပ်လည်း မလုပ်ရဲ ကြဘူး”ဟု ထောက်ပြသည်။
မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်ကတော့ ပြင်ဆင်ရန်လိုအပ်မည့်အချက်များတွင် ငါးဖမ်းရေယာဉ်များကို လိုင်စင်အမျိုးအစားပေါ် မူတည်ပြီး အစီးရေကန့်သတ်သင့်သည် ဟု သူက အကြံပြုသည်။ သို့မှသာ အလွန်အကျွံငါးဖမ်းဆီးနေမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဟု သူက ဆိုပါသည်။
ရေချိုငါးလုပ်ငန်းနှင့်ပတ်သက်၍လည်း သဘာဝငါးထုတ် ယူမှုကို လျှော့ချနိုင်မည့်လုပ်ငန်းတစ်ခုဖြစ်သော ငါးမွေးမြူရေး လုပ်ငန်းကို အားပေးရမည်ဖြစ်ပြီး အင်းလေလံချထားပေးခြင်း တွင် ငါးလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်သူများကိုသာ ထည့် သွင်းစဉ်းစားသင့်ကြောင်း ဦးရင်ငြိမ်းက အကြံပြုသည်။
အိမ်နီးချင်းနိုင်ငံအချို့တွင် ငါးလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ပတ် သက်ပြီး ရေတိုရေရှည်စီမံကိန်းများ စနစ်တကျရေးဆွဲလုပ် ဆောင်လျက်ရှိကာ ထိုင်းနိုင်ငံဆိုလျှင် အစိုးရမှ ငါးလုပ်ငန်းပြုပြင် ပြောင်းလဲရေးလုပ်ဆောင်ရာတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို ဦးစားပေးလုပ်ဆောင်ခဲ့ကာ အဆိုပါဥပဒေနှင့် မူဝါဒများ အတိုင်း လက်တွေ့ အကောင်အထည်ဖော်သည်ဟု သူက ရှင်းပြသည်။
ငါးဖမ်းရေယာဉ်များကို စနစ်တကျ စာရင်းသွင်းလုပ် ဆောင်ခြင်းဖြင့်လည်း ငါးဖမ်းရေယာဉ်များ၏ အသေးစိတ်မှတ် တမ်းများ ရယူနိုင်သကဲ့သို့ ထုတ်ယူလျက်ရှိသော ငါးပမာဏ ကိုလည်း တွက်ချက်စီမံခန့်ခွဲလာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဟု သူက ဆက်ပြောပါသည်။
အစားအသောက် လုံခြုံရေးကို ထိပါးလာ
မြန်မာနိုင်ငံငါးလုပ်ငန်းမိတ်ဖက်အဖွဲ့၏ စာတမ်းအရ ပြည် တွင်းအဓိက အစားအစာဖြစ်သော ဆန်စားသုံးမှုပြီးလျှင် ငါးစား သုံးမှုသည် ဒုတိယအများဆုံးဖြစ်သည်။ ငါးတွင် ပါဝင်သော အဏုအာဟာရဓာတ်နှင့် အဆီဓာတ်တို့သည်လည်း လူသား၏ကြီးထွားဖွံ့ဖြိုးမှုအား အထောက်အကူဖြစ်စေသည့်အပြင် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် မှတ်ဉာဏ်ကောင်းမွန်စေရေး အတွက် မွေးကင်းစမှ ရက်ပေါင်းတစ်ထောင်အတွင်း ကျွေးမွေး ရန် လိုအပ်သည့် အစားအစာတစ်မျိုး လည်းဖြစ်ကြောင်း အဆိုပါ စာတမ်းက ညွှန်းဆိုထားသည်။
ယခုထက်ပို၍ ငါးသယံဇာတ လျော့နည်းလာမည်ဆိုပါက ငါးဖမ်းလုပ်ငန်းကိုစွန့်ကာ သစ်တောနှင့် လယ်ယာမြေများကို အသုံးပြုပြီး စားဝတ်နေရေးဖြေရှင်းနိုင် မည့် ပုံစံများ လုပ်လာနိုင် သည်ဟု ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငါးလုပ်ငန်း ဖွံ့ဖြိုးရေးကို လုပ်ကိုင်နေသည့် ပျိုးပင်အစီအစဉ်က ပေါင်းစပ် သယံဇာတယန္တရားနှင့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး ဦးအောင်အောင်နိုင်က သုံးသပ်၏။
သဘာဝငါးဖမ်းဆီးခြင်းမပြုဘဲ ငါးမွေးကန်များတိုးချဲ့ လာ လျှင် လယ်ယာမြေများ ပျက်စီးခြင်း၊ ရှိပြီး သယံဇာတများ ဖြစ် သော သစ်တောသစ်ပင်များကို မှီခိုလုပ်ကိုင်သဖြင့် သစ်တော ပြုန်းတီးခြင်း၊ ငါးများရောက်ရှိနိုင်သည့် လယ်ယာလုပ်ငန်းခွင် အတွင်း ဝင်ရောက်ဖမ်းဆီးမှု လုပ်ဆောင်သောကြောင့် လယ်သမားများနှင့် ပဋိပက္ခဖြစ်ခြင်းတို့ များပြားလာနိုင်သည်ဟု ဆိုပါသည်။
မည်သို့ဆိုစေ ဦးတင်စိုးအပါအဝင် မော်ကွန်းက ချဉ်းကပ် ခဲ့သော ငါးလုပ်ငန်းကို မှီခိုနေရသူများကတော့ ရေရှည်ထုတ် ယူစားသုံးနိုင်မည့် မူဝါဒများ ချမှတ် လုပ်ဆောင်ရမည်ဟု လက်ခံ ကြသည်။
ပျိုးပင်အစီစဉ်မှ ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးအောင်အောင် နိုင်က ငါးသယံဇာတ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် ထိန်းသိမ်း ရေးလုပ်ငန်းများ အချိန်မီ မလုပ်ဆောင်နိုင်ပါက ”ဝင်ငွေရအလုပ် အကိုင်အခွင့်အလမ်းတွေထိခိုက်ပြီးတော့ ဖမ်းစရာငါးတောင် ရှာ မတွေ့တဲ့အဖြစ်မျိုး ဖြစ်လာနိုင်တယ်” ဟု သတိပေးသည်။ ။
၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
မင်းလွင် ရေးသည်။

