Illustration – MAUNG NOE
ရာသီသုံးပါးတွင် ကျွန်တော် အမုန်းဆုံးက မိုးရာသီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလုပ်တက်အလုပ်ဆင်း မိုးရွာထဲ လမ်းလျှောက်ရသည့် ဒုက္ခ၊ ကားတိုးစီးရသည့် ဒုက္ခကို မခံစားနိုင်၍ ဖြစ်သည်။
လမ်းလျှောက်နေတုန်း ကားများ မဆင်မခြင်မောင်း၍ ရေတွေ စင်ကုန်သည့်အခါလည်း ဒေါသထွက်ရသည်။ မိုးသည်းသည်းမှာ အဝတ်အစားတွေ ရေစိုသောကြောင့် လဲရသည်ကိုလည်း စိတ်ကုန်၏။ အဆိုးဆုံးက လူကျပ်ကျပ် ဘတ်စ်ကားထဲ ထီး ရေစို၊ လူရေစိုတွေနဲ့ ကားတိုးစီးရတာပဲ ဖြစ်သည်။
ယခင် မထသခေတ်တုန်းကဆို ဘတ်စ်ကားတွေက ပြတင်းပေါက်မကောင်း၊ ခေါင်မိုးက မလုံ။ ကားပေါ်မှာတင် မိုးရေချိုးခဲ့ရသည်။ ယခုတော့ YBS အဲကွန်းကားတွေနှင့်မို့ မိုးလုံလေလုံတော့ရှိသည်။ သို့သော်မိုးရေစိုစိုနှင့် အဲကွန်း တွေ့ပါက အအေးမိနိုင်သည်။ ယခုတလောဖြစ်နေသည့် ရာသီတုပ်ကွေးရောဂါ(H1N1) ကူးမယ်ဆို ကူးလောက်သည်။
ဒါပေမဲ့ မတတ်နိုင်။ နေ့စဉ်တက္ကစီ စီးဖို့ရာလည်း ကိုယ်ရသည့်ဝင်ငွေနှင့်ဆို ထမင်းငတ်ဖို့ပဲရှိမည်။ ကူးကာမှကူးရော စီးနေရသည်။ လက်ရှိအခြေနေတွင် ထိုသို့ စိတ်ပျက်စရာများ ကြုံတွေ့ရသော်လည်း ငယ်ငယ်က ဖြတ်သန်းခဲ့ရသည့် မိုးရာသီကိုတော့ လွမ်းဆွတ်မိသည်။
ကျွန်တော့် မွေးရပ်ဇာတိက ရန်ကုန်ဖြစ်သည်။ ရန်ကုန်ဆိုပေမယ့် အစွန်အဖျားမြို့နယ်လေးတစ်ခုတွင်ဖြစ်သည်။ အဖေက ဝန်ထမ်းဆိုတော့ ဌာနက ချပေးသည့် မြို့သစ်မှနေရာသို့ ကျွန်တော်သုံးနှစ်သားအရွယ်တွင် ပြောင်းခဲ့ရသည်။ ထိုနေရာတွင် အသက်သုံးနှစ်သားမှ လူပျိုပေါက်အရွယ် ၁၅ နှစ်အထိ ကြီးပြင်းခဲ့ရသည်။
ကျွန်တော်တို့အိမ်ရှေ့တွင် လယ်ကွင်းပြင်ကြီးက တပြန့်တပြောကြီးရှိသည်။ ကျွန်တော်တို့နေသည့် နေရာများတွင် ယခင်က လယ်ကွက်တွေချည်းဖြစ်သည်။ ထိုလယ်ကွင်းများကို အစိုးရက သိမ်းယူ၊ အိမ်ရာကွက်သစ်များရိုက်၊ မြို့သစ်တည်ကာ ဝန်ထမ်းများကို ချပေးထားခြင်းဖြစ်သည်။
ထို့ကြောင့် မိုးရာသီရောက်ပြီဆိုလျှင် အိမ်ရှေ့ပြတင်းပေါက်က လှမ်းကြည့်ပါက ရေစပ်စပ်ရှိသော လယ်ကွင်းတွေထဲ ကောက်စိုက်၊ ပျိုးနုတ်၊ နွားများနှင့် လယ်ထွန်နေကြသည်ကို နှစ်စဉ်တွေ့ရသည်။ စပါးပျိုးပင်တွေ ရှည်လာပြီဆိုလျှင် မြင်မြင်သမျှ စိမ်းစိုနေတော့သည်။ မိုးလေးတဖွဲဖွဲကျနေချိန် ပြတင်းပေါက်က ထိုမြင်ကွင်းများကို ထိုင်ကြည့်ရသည်မှာ ငယ်စဉ်က အတော်သဘောကျမိသည်။
ဒါ့အပြင် မိုးရွာပြီဆို မိုးရေတွေထဲမှာ ဘောင်းဘီတိုလေးတစ်ထည်နှင့် ပြေးထွက်ကာ သူငယ်ချင်းတွေနှင့် ဆော့ကစားရသည်မှာလည်း ပျော်ဖို့ကောင်းလှသည်။ ကျွန်တော်တို့တစ်တွေ မိုးရေထဲ စိမ်ပြေးတမ်းကစားကြသည်။ တစ်ယောက်နှင့် တစ်ယောက် ရွှံ့နှင့်ပေါက်တမ်းကစားကြသည်။ တစ်ခါတစ်ရံ အိမ်နားက ချောင်းရိုးလေးထဲမှာ ရေသွားကူးကြသည်။
ထိုသို့ရေကူးမည်ဆိုလျှင်တော့ အိမ်က မသိအောင် သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုချောင်းရိုးလေးတွင် တစ်နှစ် သို့မဟုတ်နှစ်နှစ်တစ်ခါလောက် ကလေးတွေ ရေနစ်ကာ သေဆုံးသောကြောင့်ဖြစ်သည်။ ထိုသေဆုံးသည့်အထဲတွင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း ပါသွားသည်။ မှတ်မှတ်ရရ ထိုနေ့က သေဆုံးသွားသည့် သူငယ်ချင်းက ကျွန်တော့်ကို ချောင်းထဲ ရေသွားကူးရန် လာခေါ်သည်။
ကျွန်တော်ကလည်း ထိုနေ့က ရေကူးချင်စိတ်မရှိသည်နှင့်လိုက်မသွားဖြစ်ခဲ့။ သူက ကျွန်တော့်ကို ခေါ်မရသည်နှင့် တစ်ယောက်တည်း ထွက်သွားတော့သည်။ အဲဒီအချိန်က သူ့ကို အသက်ရှင်လျက် နောက်ဆုံးမြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ညနေရောက်သောအခါချောင်းရိုးထဲတွင်ကလေးတစ်ယောက်ရေနစ်သေဆုံးသွားကြောင်း သတင်းကြားရသည်။
မကြာပါ။ လူကြီးလေးငါးယောက်က ထိုရေနစ်သည့်ကလေးကို ထမ်းပိုးလာကြသည်။ ကြည့်လိုက်တော့ ကျွန်တော့်သူငယ်ချင်းဖြစ်နေသည်။ တစ်ကိုယ်လုံးပြာနှမ်းကာ လှုပ်ရှားမှုကင်းမဲ့နေသော သူ့ကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ငိုချင်သလိုလို ကြောက်သလိုလို ဖြစ်သွားသည်။ ထိုနေရာမှ ကျွန်တော် လှည့်ထွက်လာခဲ့သည်။
ထိုအဖြစ်အပျက်ဖြစ်ပြီးအတော်ကြာသည်အထိချောင်းရိုး ဘက်ခြေဦးမလှည့်ရဲတော့။ လူကြီးတွေက ခြောက်လှန့်တားမြစ် တာလည်းပါသည်။ ချောင်းထဲတွင် နာနာဘာဝတွေ ရှိနေသလို တစ်နှစ်တစ်ခါ လူစားလဲသည်ဟုလည်း ပြောကြသည။်
ဒါပေမဲ့ ကြာတော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်ကာ သူငယ်ချင်းတွေနှင့် ရေသွားကူးဖြစ်သည်။ နောက်ပိုင်း ထိုချောင်းရိုးထဲတွင် လူသေဆုံးသည့်အသံ မကြားမိတော့ပါ။ ကျွန်တော်တို့လည်း ရှေးကအတိုင်း ဆော့ကစားမြဲ၊ ရေကူးမြဲ ဖြစ်သည်။ မိုးရေချိုးဆော့ကစားသည့်အခါ လက်တွေမှာ ပဲကြီးရေတွန့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်မှ အိမ်သို့ ပြန်ကြသည်။ အိမ်ရောက်လျှင်တော့ အမေချက်ထားသည့် ထမင်း၊ ဟင်းကို အဝစားကာ စောင်ခြုံကွေးရသည့် အရသာက မမေ့နိုင်။
စောင်ခြုံကွေးနေရင်း အိမ်မိုးသွပ်ပြားတွေပေါ်ကို မိုးစက်မိုးပေါက်တို့ ကျသည့်အသံကိုနားထောင်သည်။ ထိုသို့ နားထောင်၍အားမရပါက နားနှစ်ဖက်ကို လက်နှင့် ခပ်ဖွဖွပိတ်လိုက် ဖွင့်လိုက်လုပ်ပြီး တဝေါဝေါဆိုသည့် ကျယ်လောင်သောမိုးသံကို နားထောင်သည်။ ထိုမိုးသံမှာ နားဝင်ပီယံရှိလှပြီး မိုးနတ်သား တေးဆို ချော့သိပ်နေသလိုပင်။ ထိုသို့နားထောင်ရင်း အိပ်ပျော်သွားတတ်သည်။
မိုးဦးကျလာပြီဆိုရင် ကျွန်တော်တို့သူငယ်ချင်းတွေ လုပ်ကြသည့်အရာတစ်ခုလည်း ရှိသေးသည်။ ထိုအရာက ပုစွန်လုံးခေါ် လယ်ကဏန်းများကို လိုက်ဖမ်းခြင်းဖြစ်သည်။ မိုးဦးကျ လယ် ကွင်းထဲ ခြေသလုံးတစ်ဝက်ခန့် ရေစပ်စပ်တွင် လယ်ကဏန်းများ က ဟိုမှဒီပြေးလွှားနေတတ်သည်။ထိုကဏန်းများကို ကောက် ဖမ်းရုံသာ။ ဒါမှမဟုတ်ကဏန်းတွင်းတွေ နှိုက်ကြသည်။
ရလာသည့် ကဏန်းများကို သူငယ်ချင်းတစ်ယောက် အိမ်မှာ မီးဖုတ်စားကြသည်။ (အိမ်မှာစား၍မရ။ ကျွန်တော့်အမေက သူများအသက် သတ်သည်ကို လုံးဝမကြိုက်။ ဈေးထဲက ငါးဝယ်သည့်အခါတွင်ပင် အရှင်တစ်ကောင် နှစ်ကောင်ပါလာပါက ချောင်းထဲမြောင်းထဲ ပြန်လွှတ်ပေးတတ်သည်။) လတ်လတ်ဆတ်ဆတ်မို့ မီးဖုတ်နံ့တသင်းသင်းနှင့် ကဏန်းသားချိုချိုက ကျွန်တော်တို့အတွက် မိုးတွင်းသရေစာပင်ဖြစ်သည်။
ဒါ့အပြင် ထိုကဏန်းများကို မဆလာနှင့် အရည်သောက်လေးချက်လျှင်လည်း အလွန်စားမြိန်လှသည်။ ကဏန်းတွေကလည်းပေါသည်။ ဝယ်စားလျှင်ပင် တစ်လုံးမှ ငါးကျပ်၊ တစ်ဆယ်သာရှိသည်။ မိုးတွင်းဆို အမေချက်ပေးသည့် ကဏန်းဟင်း အရသာက အခုထိ မမေ့နိုင်သေး။ လက်ရှိနေသည့်နေရာမှာတော့ ထိုအစားအစာမျိုး မရနိုင်တော့ပြီ။
ဒါ့အပြင် မိုးရေထဲ သပြေသီးမှည့်များ လိုက်ကောက်စားရသည်ကိုလည်း အမှတ်ရမိသေးသည်။ ရပ်ကွက်ထဲတွင် သပြေပင်တစ်ပင်ရှိသည်။ သပြေသီးချိန်ဆို ထိုအပင်အောက်မှာ ကလေးတွေကတစီစီ။ ခရမ်းရင့်ရောင် သပြေသီးမှည့်တွေက သပြေပင်အောက်မှာ ပြန့်ကျဲနေသည်မှာ စုတ်ချက်ကြမ်းကြမ်းနှင့် ဆွဲထားသော ရေဆေးပန်းချီကားတစ်ချပ်လိုပင်။
ထိုသပြေသီးမှည့်များကို သူငယ်ချင်းများနှင့် လုကောက်ကာ ဖန်တွတ်တွတ်အရသာ သပြေသီးမှည့်ကို ပလုတ်ပလောင်းနှင့် မက်မက်စက်စက် စားခဲ့ရသည်။ လျှာတွေ၊ ပါးစပ်တွေဆိုလျှင် ဆေးဆိုးထားသကဲ့သို့ သပြေသီးမှည့်အရောင်တွေ စွန်းထင်းနေတတ်သည်။
တချို့နှစ်တွေဆိုလျှင် ရပ်ကွက်ထဲရှိ လမ်းများတွင် ရေများပြည့်နေတတ်သည်။ တချို့ခပ်နိမ့်နိမ့်အိမ်များ ရေမြုပ်ကြသည်။ မြုပ်သည့်အိမ်များက နီးစပ်ရာခင်မင်ရာ အိမ်များပေါ်သို့ ရေပြန်ကျသည်အထိ သွားရောက်နေထိုင်ကြသည်။ ငြူစူခြင်းလည်း မရှိကြ။ တစ်အိမ်နှင့်တစ်အိမ် နွေးထွေးစွာ ပေါင်းစည်းနေတတ်သည့် ဓလေ့က ချစ်ဖို့ကောင်းလှသည်။ ကျွန်တော်တို့အိမ်က အနည်းငယ်မြင့်သဖြင့် ရေမြုပ်သည့်အထဲ မပါသောကြောင့် ထိုကဲ့သို့ အချိန်များတွင် ကျွန်တော်တို့အိမ်၌လည်း အိမ်နီးချင်းမိသားစု တစ်စုမဟုတ် တစ်စုရှိနေတတ်သည်။
ထိုနှစ်မျိုးရောက်လျှင် ကျွန်တော်တို့ကလေးတွေ အကြိုက်ဖြစ်သည်။ ရေကြီးသောကြောင့် ကျောင်းတွေလည်းပိတ်သည်။ ထို့ကြောင့် အိမ်ပေါ်မှာပဲ ဆော့ရသည့်အချိန် ကိုယ့်အိမ်နီးနား သူငယ်ချင်းများနှင့် တစ်အိမ်တည်းပေါင်းနေရသည့်အခါ မျောက်ရှုံးတော့သည်။ ထို့အပြင် တရိပ်ရိပ်တက်လာသည့်ရေများကိုအိမ် ကြမ်းပြင်မှ တထိတ်ထိတ် ငုံ့ကြည့်ရသည်မှာလည်း အရသာတစ်မျိုးပင် ဖြစ်သည်။
ရေကြီးလျှင် ကျွန်တော်တို့ရပ်ကွက်မှာ ပျော်စရာ နောက်တစ်ခုရှိသေးသည်။ ရပ်ကွက်ထဲရှိ မြောင်းများတွင် ရေများ ပြည့် လျှံနေချိန်ဖြစ်သည်။ ထိုအချိန်တွင် စီးပွားရေးလာဘ်မြင်သူတစ်ဦးက ဖော့တုံးများကို လှေပုံစံ၊ ဖောင်ပုံစံတွေ ချိတ်ဆက်ကာ အတော်ကျယ်သည့်မြောင်းတစ်ခုထဲတွင် လှည့်ပတ်စီးနိုင်ရန် ငှားရမ်းခြင်းဖြစ်သည်။
အချိန်ကန့်သတ်ချက်ဖြင့် တစ်ခါစီးဘယ်လောက်ဟုဆိုကာ ပိုက်ဆံပေး လှေစီးခဲ့ရသည်။ ရှိစုမဲ့စု မုန့်ဖိုးလေးများနှင့် သူငယ်ချင်းများ စုပေါင်းကာ လှေငှားစီးရသည်မှာလည်း ရင်ခုန်စရာကောင်းလှသည်။ မြစ်ရယ်၊ လှေရယ် မနီးစပ်သူ ကျွန်တော့်အတွက်ဖော့ကို လှေလုပ်စီးရသည်မှာ အတွေ့အကြုံသစ်ပင် ဖြစ်သည်။
တချို့နှစ်တွေဆိုလျှင် မိုးသီးကြီးသည့်အပြင် မိုးသီးတွေပါကြွေကျတတ်သည်။ အိမ်ခေါင်မိုးပေါ် မိုးသီးတွေ တဒေါက်ဒေါက်နှင့်ကျလာသည်။ အိမ်ထဲသို့လည်း မိုးသီးဖြူဖြူအလုံးလေးတွေ လွင့်စဉ်လာတတ်ပါသည်။ ထိုမိုးသီးတွေကို ကျွန်တော်တို့ မောင်နှမတွေ လုကောက်ကာ စားခဲ့ရသည်။
ငယ်စဉ်ကတော့ အပူအပင်ဆိုတာ မသိ။ ဒုက္ခဆိုတာ မသိခဲ့သည့်အချိန်။ အသက်ကြီးလာတော့ ရေကြည်ရာ မြက်နုရာ ဆိုသကဲ့သို့ ငယ်ငယ်က ကြီးပြင်းခဲ့ရာ ထိုနေရာကလေးမှ ထွက်ခွာခဲ့ရသည်။ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားကာ ဘဝမှာ ရှင်သန်နေထိုင်ဖို့ လုံ့လပြုရတော့သည့်အချိန်မှာတော့ မိုးရာသီကို မနှစ်ခြိုက်နိုင်တော့။
မိုးတွင်းရောက်လာသည့်အခါတိုင်း မြို့ပြမှာနေရသည့် ဘဝက စိတ်ပျက်ဖွယ်ရာပင်။ ရန်ကုန်မှာ လိုင်းကားကျပ်ကျပ် တိုးစီးရသည့်အခါ သေချင်စော်နံသည်။ လူက ကျပ်၊ မိုးက ရွာ၊ ရေတစိုစိုနှင့် ကားတိုးစီးရသည်မှာ စိတ်ပျက်ဖို့ကောင်းလှသည်။
အဆုတ်မကောင်းသည့် ကျွန်တော့်အတွက် ရာသီစာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးမှအစ ဆေးထိုးရသည်အထိ နှစ်စဉ်ဖြစ်တတ်သည်။ ဖျားသည့်အခါ ငယ်ငယ်ကလိုအိမ်ထဲမှာ ဇိမ်နှင့်ကွေးမနေနိုင်တော့။ လုပ်ငန်းခွင်ထဲက မပြီးပြတ်သေးသည့် အလုပ်ကိစ္စများအပေါ် စိတ်က ရောက်နေကာ စိတ်ဖြောင့်ဖြောင့်ပင် မဖျားနိုင်တော့။
ရန်ကုန်မှာမိုးရွာလျှင် ဆိုးရွားလှသည့် ပြဿနာတစ်ရပ်လည်း ရှိသေးသည်။ ရေမြောင်းတွေ ပိတ်ကာ ကားလမ်းမတွေပေါ် ရေလျှံခြင်းဖြစ်သည်။ အမှိုက်ဗရပွနှင့်မြောင်းပုပ်ရေများက မသတီစရာ။ ထို့ကြောင့် မိုးရာသီကို ကျွန်တော်မုန်းလာသည်။ မိုးရာသီရောက်တိုင်း စိတ်ပျက်မိသည်။
တိတိကျကျပြောရလျှင် ကျွန်တော်မုန်း၍ စိတ်ပျက်သည်က ရန်ကုန်မြို့ပြ၏ မိုးရာသီဖြစ်သည်။ ငယ်ဘဝက ဖြတ်သန်းခဲ့ရသည့် မိုးရာသီမဟုတ်။ ငယ်ငယ်က မိုးရာသီကို ကျွန်တော် ချစ်မြတ်နိုးသည်။ လွမ်းမိသည်။
ဖြစ်နိုင်လျှင် ငယ်ငယ်ကလို မိုးရေထဲ ပြေးထွက်ကာ စိတ်လွတ်ကိုယ်လွတ် ဘောင်းဘီတိုတစ်ထည်နှင့် မိုးရေချိုးချင်သည်။ လယ်ကွက်တွေထဲ ပုစွန်လုံးတွေ လိုက်ကောက်ချင်သည်။ ပြီးလျှင် အပူအပင်ကင်းကင်းနှင့် မိုးအေးအေးမှာ စောင်ခြုံကာ ကွေးချင်နေမိတော့သည်။ ခုများ ထိုသို့မဟုတ်တော့ပြီ။
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀) မှ အက်ဆေး ဖြစ်ပါသည်။
လက်သွေး ရေးသည်။