ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၁၆ (မော်ကွန်း)
ချင်းတွင်းမြစ်ဟာ နောက် ၂၄ နာရီအတွင်း ရေပိုကြီးလာနိုင်တာကြောင့် အဲဒီမြစ်ရိုးတစ်လျှောက်၊ မြစ်ကမ်းအနီးကမြို့ရွာတွေမှာနေထိုင်သူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီညနေမှာထုတ်ပြန်သတိပေးပါတယ်။ ဒါဟာ သံလွင်၊ စစ်တောင်းနဲ့ ပဲခူးမြစ်တို့ ပြီးနောက် လေးစင်းမြောက် မြစ်ရေကြီးလာတာလည်း ဖြစ်ပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးကမြို့ဖြစ်တဲ့ မော်လိုက်မြို့မှာ မြစ်ရေဟာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်ကို ထိဖို့ တစ်ပေသာလိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နောက်တစ်ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်မယ်လို့ မိုး/ဇလက ခန့်မှန်းထားတယ်။
မော်လိုက်ခရိုင်အတွင်းမှာရှိပြီး ချင်းတွင်းမြစ်ဘေးက မြို့ဖြစ်တဲ့ ဖောင်းပြင်မြို့မှာတော့ မြစ်ရေတွေ စတင်ဝင်နေပြီလို့ အဲဒီမြို့က သဟာယလူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါတယ်။ အိမ်ခြေထောင်နဲ့ချီရှိတဲ့ အဲဒီမြို့မှာ နေရာတိုင်းလိုလို ရေဝင်နေပြီလို့ သူက ဒီညနေ ဆက်သွယ်တော့ ပြောတယ်။
“ မဝင်တာနှစ်လမ်းလောက်ပဲ ရှိတော့တယ်။ ရေက ကျွန်တော်အရပ် တစ်ရပ်ကျော်တယ်” လို့ အခြေအနေကို သူကပြောပါတယ်။
ချင်းတွင်းမြစ်ဘေးက နောက်တစ်မြို့ဖြစ်တဲ့ မင်းကင်းမှာလည်း မြစ်ရေဟာ မြို့စိုးရိမ်ရေမှတ်ကို ရောက်ဖို့ နှစ်ပေသာလိုတော့ပြီး နောက်နှစ်ရက်လောက်ဆိုရင် မြို့စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားတယ်။
မိုး/ဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းကတော့ မြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်ကိုရောက်ဖို့ တစ်ပေသာလိုတယ်ဆိုရင် မြို့ရဲ့အနိမ့်ပိုင်းနေရာတွေကို ရေတွေစတင်ဝင်နေမှာဖြစ်ပြီး ဘေးလွတ်ရာကိုပြောင်းရွှေ့ကြဖို့လိုတယ်လို့ ပြောထားပါတယ်။
ဒီလဆန်းပိုင်းကစပြီး နိုင်ငံအနှံ့မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြစ်ရေကြီးတာ၊ တောင်ပြိုတာတွေ နိုင်ငံနေရာတချို့မှာ ဖြစ်နေပါတယ်။ မိုးကြီးမြေပြိုလို့ အခုဆို အဓိကကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်တဲ့ ရန်ကုန်-မြဝတီဒေါနတောင်ကျော်လမ်းဟာ ပြတ်ကျသွားပြီး အသုံးပြုလို့ မရသေးပါဘူး။
ဒါ့အပြင် လယ်ယာစိုက်ခင်းတွေလည်း ရေနစ်ပျက်စီးမှုတွေဖြစ်ပေါ်နေပါတယ်။ ဧကအတိအကျကိုတော့ စစ်ကောင်စီက မထုတ်ပြန်သေးပါဘူး။
ချင်းတွင်းမြစ်ရေကြီးလာတာဟာ အခုနောက်ဆုံးအခြေအနေဖြစ်ပြီး အဲဒီမတိုင်မီက သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်တို့ ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လူပေါင်းငါးသိန်းကျော် ရေဘေးသင့်နေတယ်လို့ ဒီလ ၁၂ ရက်တုန်းက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ၂၀၁၆၊ ဇူလိုင် ၂၅ က ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မြစ်ဘေးက မြို့တစ်မြို့ဖြစ်တဲ့ ခန္တီးမှာ ရေဝင်နစ်မြုပ်ခဲ့စဉ်။
ဓါတ်ပုံ – CJ
#Dailynews

