မုံရွာ – ၂၀၂၃ မေ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာ – အမြင့်လမ်း၊ ညောင်ပင်ဇောက်ရပ်က တစ်နေရာကို အာဏာသိမ်းစစ်တပ်က ဘက်ဟိုးတစ်စီးနဲ့အတူ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“အိမ်စီးကားရယ်၊ မြေကော်တဲ့ဘက်ဟိုးတစ်စီးရယ်ခေါ်လာပြီးတော့မှ တခါတည်းလမ်းကိုဖျက်၊ ဖျက်ပြီးတော့မှ ၄း၃၈ မိနစ်လောက်မှာ မြို့ထဲကို ပြန်ဝင်သွားကြတယ်ဗျ”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
မုံရွာ – အမြင့် ကျေးလက်လမ်းပိုင်း၊ ညောင်ပင်ဇောက်ရပ်ကွက်၊ ကျောက်ပေါက်ကွေ့က လမ်းကို အင်အား ၂၀ ဝန်းကျင်နဲ့ ဘက်ဟိုးကိုလုံခြုံရေးယူပေးပြီး ဖျက်ဆီးသွားတာလို့ ဒေသခံကပြောပါတယ်။
အခုဖျက်ဆီးခံရတဲ့နေရာဟာ နှစ်ကြိမ်မြောက်ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး “ခုနေရာက မြို့ထဲဝင်ရင် သုံးမိနစ်လောက်ပဲဝေးတဲ့နေရာ”လို့ ဒေသခံကပြောပါတယ်။
မုံရွာမြို့နယ်အနီးဆုံးဖြစ်တဲ့ အခုဖျက်ဆီးသွားတဲ့ အမြင့်လမ်းနေရာတင်မကဘဲ အရင်ကလည်း မုံရွာနားက မုံရွာစက်မှုဇုန်၊ ကျွဲရဲ၊ လယ်ဇင်လမ်းတွေကိုလည်း စစ်တပ်ကဖျက်ဆီးခဲ့ဖူးပါတယ်။
ဒီနေ့ အမြင့်လမ်းကို လာရောက်ဖျက်ဆီးသွားတာဟာ အာဏာသိမ်းစစ်တပ်အထိုင်ချတဲ့နေရာတွေနဲ့ လ.ဝ.ကရုံးတွေကို မုံရွာမြို့ပတ်ပတ်လည်က တော်လှန်ရေးအဖွဲ့တွေက ခဏခဏလာရောက်တိုက်ခိုက်လို့ ပြန်ပြီးလုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံကထင်မြင်ပါတယ်။
“လ.ဝ.ကမှာ လာပစ်သွားတယ်ဆိုတဲ့ဟာမျိုးမှာ သူတို့က ဒီဘက်(အမြင့်)ကလို့ ထင်ပြီး လာဖျက်သွားထင်တယ်”လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေရှိတဲ့ မုံရွာမြို့က စွမ်းရည်ထက်စက်သုံးဆီဆိုင်နဲ့ လ.ဝ.ကရုံးတွေဟာ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံရပါတယ်။
ပုံစာ – ဒီကနေ့ ဖျက်ဆီးသွားတဲ့ မုံရွာ-အမြင့်လမ်းတစ်နေရာ
ဓါတ်ပုံ – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
#Dailynews

