ရန်ကုန်- ၂၀၂၃၊ မတ်လ ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သံဘိုကျေးရွာကို စစ်ကောင်စီ တပ်စစ်ကြောင်းထိုးလို့ သံဘိုကျေးရွာအပါအဝင်အနီးအနားရွာငါးရွာက ဒေသခံငါးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောပါတယ်။
“မနေ့ကတည်းကရောက်နေတာ။ ဒီနေ့လည်းအဲဒီ့ဘက်ပတ်ဝန်းကျင်မှာပဲ ကင်းပုန်းတွေဝပ်ပြီးတော့ကင်းတိုးနေတာပေါ့။ ကျေးရွာတွေအနီးထိကပ်ပြီးတိုးနေတဲ့အခါမှာ ဒေသခံတွေအနေနဲ့စိုးရိမ်ကြီးပြီးထွက်ပြေးနေရတာပေါ့။ လက်နက်ကြီးပစ်တာတွေတော့မရှိသေးဘူး” လို့ သူကပြောပါတယ်။
အခုသံဘိုရွာအနီးအနားမှာစခန်းချထားတဲ့စစ်ကြောင်းနှစ်ကြောင်းလုံးဟာ သံဘိုရွာတောင်ဘက်ရှိ ရွှေဘ်ိုနယ် လေ့ကျင့်ရေး ၈ က ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က စစ်ကောင်စီတပ်သား အင်အား ၇၀ နဲ့ဝင်ရောက်ခဲ့ပြီး ဒီနေ့မှာတော့ နောက်ထပ်အင်အား ၈၀ ထပ်တိုးလာကာ စုစုပေါင်းအင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတာလို့ သူကပြောပါတယ်။
မနေ့က စစ်ကောင်စီတပ်က ရုတ်တရတ် စစ်ကြောင်းထိုးလာချိန်မှာ သံဘိုရွာက ဒေသခံတွေထွက်ပြေးလာရင်း နေအိမ်ရှိဆိုလာမီး အပူလွန်ကဲခဲ့တာကြောင့် နေအိမ် ၁၅ လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။
အခုစစ်ရှောင်ငါးထောင်ကျော်ဟာ သံဘို၊ကြို့ကန်၊ချောင်းဆုံ၊ရေအေးကုန်းနဲ့ ကျီးကန်စတဲ့ရွာငါးရွာက ဒေသခံတွေဖြစ်တယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့စာရင်းတွေ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွါတိမ်းရှောင်သူ ကိုးသိန်းကျော်ရှိလာနေပြီလို့ဖော်ပြထားပါတယ်။
#Dailynews

