ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၇ (မော်ကွန်း)
လက်ရှိဖြစ်ပေါ်နေတဲ့ စပါးဈေးဟာ တောင်သူတွေအတွက် တွက်ခြေကိုက်ပြီး အရှုံးနည်းတဲ့ အခြေအနေဖြစ်ပေမယ့် အချို့မြို့နယ်တွေက စပါးခင်းတွေ အထွက်နှုန်းနည်းခဲ့တာကြောင့် တောင်သူအချို့ အရှုံးပေါ်တာတွေ ရှိတယ်လို့ ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတွေက ပြောပါတယ်။
ပုသိမ်မြို့နယ်က စပါးခင်းတွေမှာ ပုံမှန် တစ်ဧကကို ၇၅ တင်းခန့် ထွက်ရာကနေ ယခုနှစ် စပါးက ရေမြုပ်တာ၊ ပိုးကျတာတွေကြောင့် တစ်ဧကကို တင်း ၆၀ ကျော်ပဲ ထွက်ခဲ့ပြီး အမြတ်နည်းသွားတယ်လို့ ပုသိမ်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“စပါးဈေးက အခုက စိုက်တဲ့သူတွေကတော့ ကိုက်တယ်ပြောရမယ်။ အရင်လို သိပ်မရှုံးဘူး။ တောင်သူတွေအတွက် နည်းနည်းကျန်တယ်ပြောရမယ်။ အချို့တော့ ဈေးကောင်းပေမယ့် အထွက်နှုန်းကျတဲ့ အခင်းတွေတော့ အရှုံးပေါ်တယ်” လို့ သူက ပြောပါတယ်။
အခုနှစ် မိုးစပါးကို စက်တင်ဘာလကုန်မှာ ရိတ်သိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်းမှာ ရက် ၉၀ စပါးလို့ ခေါ်တဲ့ သီးထပ်စပါးတွေ စိုက်ပျိုးထားပြီး လက်ရှိမှာ အဲ့ဒီစပါးကို ရိတ်သိမ်းနေကြပြီလည်း ဖြစ်ပါတယ်။
မနှစ်တုန်းက တင်း ၁၀၀ ကို ကျပ် ၁၈ သိန်း ဝန်းကျင်ရှိတဲ့ ဧရာဝတီပေါ်ဆန်းမွှေးဟာ လက်ရှိမှာ တင်း ၁၀၀ ကို ကျပ်သိန်း ၃၀ ကျော်ထိ ပေါက်ဈေးဖြစ်နေပြီး ဆန်ကြမ်းအုပ်စုဝင် စပါးတွေကတော့ မနှစ်က တင်း ၁၀၀ ကို ကျပ် ၁၃ သိန်း ဝန်းကျင်ပဲရှိရာက လက်ရှိမှာ ကျပ် သိန်း ၂၀ ကျော်ထိ ပေါက်ဈေးဖြစ်နေပါတယ်။
အထက်ပါပေါက်ဈေးဟာ ဧရာဝတီတိုင်းအတွင်း ရောင်းဝယ်နေတဲ့ ဈေးဖြစ်ပြီး တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ဧရာမင်းတင်း ၁၀၀ ကို ကျပ် ၂၈ သိန်းကျော်နဲ့ ပေါ်ဆန်းမွှေးတင်း ၁၀၀ ကို ကျပ် ၃၇ သိန်း ဝန်းကျင်ထိ ပေါက်ဈေးဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ အခုနှစ် မိုးစပါးပေါ်ချိန်မှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေ ဖြစ်စေဖို့ စပါးအမျိုးအစားအလိုက် တင်း ၁၀၀ ကို အနိမ့်ဆုံး ကျပ် ၁၃ သိန်းကနေ အမြင့်ဆုံး သိန်း ၂၀ ထိပဲ အရောင်းအဝယ်လုပ်ကြဖို့ သတ်မှတ်ထားပေမယ့် မြေပြင်မှာတော့ ဈေးကွာဟမှုတွေ ရှိနေတာပါ။
ပုသိမ်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးကတော့ စပါးဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေအတိုင်း အရောင်းအဝယ်လုပ်နေကြတာဖြစ်ပြီး ဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်ချက်အတိုင်း ရောင်းဝယ်တာမရှိဘူးလို့ ပြောပါတယ်။
“သူတို့ သတ်မှတ်ပေမယ့် စပါးစိုက်တဲ့ သူကလည်း သူ့စိုက်ပျိုးစရိတ်ကာမိအောင်၊ အမြတ်ကျန်အောင် ရောင်းရမှာပေါ့။ ကာလပေါက်ဈေးအတိုင်းပဲ ရောင်းကြရတာပါ။ ပေါက်ဈေးထက် ဈေးတင်ရောင်းလည်း ဝယ်တဲ့သူက သူကိုက်မှဝယ်မှာလေ” လို့ ၎င်းက ပြောပါတယ်။
ဧရာဝတီတိုင်းက စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စပါးဈေးနှုန်းဟာ တောင်သူတွေအတွက် သင့်တင့်ပြီး အမှန်တကယ် စိုက်ပျိုးထုတ်လုပ်သူတွေအတွက် တွက်ခြေကိုက်တယ်လို့ ပြောပါတယ်။
“အခုက စပါးဈေးကတော့ ကောင်းတယ်လေ။ တောင်သူတွေအတွက် မမြတ်ရင်တောင် သိပ်မရှုံးဘူး။ စိုက်စရိတ်ကာမိတယ် ပြောရမှာပေါ့။ တကယ်စိုက်တဲ့သူတွေတော့ ကျန်တယ်လေ။ အခုမိုးစပါးပြီးတော့ ရက် ၉၀ စပါးရိတ်နေကြပြီ။ ပြီးရင်တော့ နွေစပါးတွေ စိုက်ကြပြီ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စပါးပေါက်ဈေးမြင့်တက်လာသလို စိုက်ပျိုးဖို့ လိုအပ်တဲ့ မြေဩဇာ၊ မျိုးစေ့ အပါအဝင် သွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းခြွေလှေ့စရိတ်နဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် စပါးစိုက်ပျိုးစရိတ်ကလည်း ယခင်နှစ်တွေထက် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်က တစ်ဧကကို စိုက်ပျိုးစရိတ်က သုံးလေးသိန်းလောက်ပဲလေ။ အခုက စိုက်ပျိုးစရိတ်ကြီးပဲ တွက်ရင် တစ်ဧကကို ခုနစ်သိန်းခွဲ ရှစ်သိန်းလောက် ကျမယ်။ အဲဒီ့အပေါ်မူတည်ပြီး စပါးဈေးတွက်ကြရတာပေါ့” လို့ ညောင်တုန်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ဧက ၁၅ သန်းကျော်နဲ့ နွေစပါး စိုက်ဧက ၂ ဒသမ ၇ သန်းကျော်စိုက်ပျိုးနေတယ်လို့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြည်တွင်းမှာ မိုးစပါးကို မေလကနေ စက်တင်ဘာလကုန်အထိ စိုက်ပျိုးလေ့ရှိကြပြီး နွေစပါးကိုတော့ အောက်တိုဘာလကနေ ဧပြီလကုန်အထိ စိုက်ပျိုးလေ့ရှိကြပါတယ်။
ပုံစာ – ရန်ကုန်တိုင်း၊ ဒလမြို့နယ်က လယ်ယာလုပ်ငန်းခွင်တစ်ခု
ဓာတ်ပုံ – မော်ကွန်း

