ကနီ – ၂၀၂၂ ဖေဖော်ဝါရီ ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားခဲ့တဲ့ မိုင်းပေါက်ကွဲပြီး ကလေးသုံးယောက်မိခင်တစ်ဦး မနေ့က သေဆုံးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ကျေးရွာတွေကိုမီးရှိူ့၊ လူလိုက်သတ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်၊ ကင်းရွာကို ဝင်ရောက်ဖျက်ဆီး၊ သတ်ဖြတ်တာတွေ လုပ်အပြီး သေဆုံးသူရဲ့ နေအိမ် မီးဖိုချောင်က ကြောင်အိမ်ထဲမှာ မိုင်းထောင်ခဲ့တာပါ။
“မိုင်းကိုကြောင်အိမ်ထဲထည့်ထားတာ။ ဘက်ထရီအိုးကို ကြောင်အိမ်နောက်ထဲဆင်ထားတာ ကြောင်အိမ်တံခါးကို ဖွင့်တဲ့အတွက် ဒီလိုဖြစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၉ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဥ်တွေဟာ ကနီမြို့နယ်၊ ကင်းကျေးရွာကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ရွာသူရွာသား ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို လည်ပင်းနဲ့ဘယ်ဘက်ရင်အုံတွေကို ဓားနဲ့ထိုးသွင်း မွှေနှောက် သတ်ဖြတ်ထားပြီး နဖူး၊ မျက်ခုံးတွေမှာလည်း ဓားနဲ့ လှီးဖြတ်ထားတယ်လို့ ဒေသခံကဆိုပါတယ်။
ဒါ့အပြင် ၂၅ နှစ်အရွယ် အမျိုးသားကိုလည်း လည်းပင်းကို ဓားနဲ့ထိုးကာ သတ်ဖြတ်ထားပါတယ်။
အသက် ၃၆ နှစ်အရွယ် အမျိုးသားကိုလည်း ညှပ်ရိုးတွေရဲ့အောက်ကို ဓားနဲ့ထိုးသွင်းမွှေနှောက်ကာ သတ်ဖြတ်ထားပါတယ်။
အသက် ၅၃၊ ၃၈၊ ၃၅ နှစ်အရွယ် အမျိုးသမီးတွေလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံကဆိုပါတယ်။
ကင်းစံပြကျေးရွာအပြင် ဇန်နဝါရီလ ၃၀ ရက်နေ့က မင်းကင်းမြို့နယ်၊ ဘင်ရွာနဲ့ အုန္နဲဘုတ်ရွာတွေကို အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရွာလုံး ရွာလုံးကျွတ် ပြာကျခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ မင်းကင်းနယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ကင်းရွာတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
#Dailynews

