ဘားအံ – ၂၀၂၃ ဇွန် ၂ (မော်ကွန်း)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မြို့တွင်းကို လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနဲ့သံဃာတော်တချို့ သေဆုံးခဲ့တယ်လို့ မြိုပေါ်မှာအကူအညီပေးရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ မနက်ကတည်းက ငါတို့လည်း ဗုန်းကျင်းထဲဆင်းနေရတာ။ အခုထိ အပြင်ကိုထွက်လို့ မရသေးဘူး။
သေနတ်တွေ ဖောက်နေဆဲပဲ။ စစ်တပ်ရဲပူးပေါင်းအဖွဲ့နဲ့ KNLA/PDF ပူးပေါင်းအဖွဲ့ ချကြတာ။ လူတွေသေတာ၊ အိမ်တွေအပေါ် လက်နက်ကြီးကျလို့ပျက်စီးတာတွေ ရှိတယ်။ အတိအကျတော့ အိမ်ထဲကကိုထွက်မရသေးတော့ မသိရသေးဘူး”လို့ ကြာအင်ဆိပ်ကြီးမြို့ပေါ်မှာနေထိုင်တဲ့ အဲဒီဒေသခံက ဒီနေ့လယ်က ပြောပါတယ်။
မနက် ၆ နာရီဝန်းကျင်ကတည်းက မြို့တွင်းတိုက်ပွဲစတင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လည်ငြိမ်သက်နေပေမယ့် လက်နက်သံတွေ ကြားနေရဆဲဖြစ်လို့ မြို့ခံတွေဟာ အိမ်ပြင်မထွက်ရဲကြဘူးလို့ သူကပြောပါတယ်။ ဒီနေ့လယ်ပိုင်း မော်ကွန်းကဆက်သွယ်မေးမြန်းချိန်အထိ မြို့ခံတွေ ဗုန်းခိုကျင်းတွေထဲမှာ နေထိုင်နေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
လူမှုကွန်ယက်မှာတင်ထားတဲ့ဓါတ်ပုံတွေအရ သံဃာတော်နှစ်ပါး၊ အမျိုးသားနှစ်ဦး အနည်းဆုံး သေဆုံးထားပြီး ကလေးတစ်ဦးဒဏ်ရာရထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် မနေ့ကလည်း ကရင်နဲ့မွန်ပြည်နယ်အစပ်၊ သထုံ-ဘားအံကားလမ်းပေါ်မှာရှိတဲ့ ဒုံသမိတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက မုပ္ပလင်ရွာ စစ်တပ်ဂိတ်တွေကို KNLA/PDF ပူးပေါင်းတပ်တွေဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုရဲမှူးအပါအဝင် ကိုးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလလယ်တုန်းကလည်း စစ်ကောင်စီတပ်တွေဟာ ကြာအင်းဆိပ်ကြီး – ကောကရိတ်သွား ကားလမ်းကို ဘူဒိုဇာတွေနဲ့ ထိုးကော်ဖျက်ဆီးလိုက်လို့ ဒေသခံတွေဟာ ယနေ့အထိသွားရေးလာရေး အခက်အခဲဖြစ်ပေါ်နေပါတယ်။
ပုံစာ- ဒီနေ့တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် ကြာအင်းဆိပ်ကြီးဒေသခံ အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရခဲ့သူ ကလေးငယ်။
Photo – MWH
#Dailynews

