ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဒီနေ့လယ်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲတွေကြားမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
တရုတ်ရဲ့ အကြီးစားရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိပြီး စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်ရှိရာ ကျောက်ဖြူမြို့ကို AA တပ်တွေက အခုသီတင်းပတ်မှာစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မနက် ၁၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့အနီးက ဦးကင်းရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဒီကျေးရွာအနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် AA တပ်တွေဟာ ကျောက်ဖြူရေတပ်စခန်းအပါအဝင် ကျောက်ဖြူမြို့ကို ပြီးခဲ့တဲ့လပိုင်းတွေထဲက ဝန်းရံပိတ်ဆို့ထားပြီး ဒီလ ၂၁ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ကျောက်ဖြူဒေသခံတစ်ဦးကတော့ “အဲဒီမှာ ဒေသခံတွေ၊ မပြန်နိုင်သေးတဲ့သူတွေ အများကြီးရှိနေသေးတယ်။ ကျောက်ဖြူမြို့ပေါ်မှာလည်း ရှိတယ်။ အဲဒီဗုံးကြဲတဲ့ရွာတွေမှာ ဒေသခံတွေအများကြီးပိတ်မိနေတယ်။ ထိတဲ့သူတွေလည်းရှိတယ်ကြားတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူနဲ့ ရန်ကုန် လေကြောင်းပြေးဆွဲမှုတွေကတော့ လက်ရှိအချိန်ထိ ရှိနေသေးပေမယ့် မြို့ပေါ်က ဝန်ထမ်းတွေလောက်ပဲ တတ်နိုင်တဲ့အခြေအနေမှာရှိနေပြီး ဒေသခံအများစုဟာ ဒီဒေသမှာပဲပိတ်မိနေတာပါ။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ရွာတွေက ဒေသခံအများစုကတော့ ပင်လယ်ကမ်းခြေတစ်လျှောက် တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်အနီးက သစ်ပုတ်တောင်၊ ဂုံးချိန်၊ စည်မော်၊ ဦးကင်း၊ ကပ်သပြေနဲ့ ပျားတဲ ကျေးရွာတွေက ဒေသခံရာနဲ့ချီပြီးစစ်ဘေးရှောင်နေကြရတာပါ။
အခု AA က တိုက်ပွဲဖော်ဆောင်လာတဲ့ ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် တရုတ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေ၊ အထူးစီးပွားရေးဇုန်တွေ အပါအဝင်၊ တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ ကျောက်ဖြူကိုချိတ်ဆက်မယ့် ရထားလမ်းစီမံကိန်းတွေရှိနေတာပါ။
ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်ကျွန်းကလွဲပြီး အာရက္ခတပ်တော် (AA) တပ်တွေဟာ ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းယူထားတာပါ။
ပုံစာ – သံတွဲ ရေတပ်စခန်းကို သိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

