ကျောက်စိမ်းမြေလော မရဏမြေလော

ကျောက်စိမ်းမြေလော မရဏမြေလော

ဇူလိုင် ၂ ရက်နေ့က ဝေခါ ကျေးရွာအနီး လုပ်ကွက် တခုမှ မြေပြိုကျမှုကြောင့် သေဆုံးသွားသော ရေမဆေးသမားများ၏ ရုပ်အလောင်းများအား ဝေခါ သုဿန်တွင်  စုံပုံမြေမြှုပ်သဂြ်ိုလ်ရန် ပြင်ဆင်ထားသည့် မြင်ကွင်း. 

ဇော်မိုးထက်ရေးသည်။

ဖားကန့် – ၂၀၂၀ ဇူလိုင် (မော်ကွန်း)

မြင်မကောင်းလောက်အောင် အလောင်းတွေထပ်ပြီး ငိုသံတွေ၊ သွေးညှီနံ့တွေ တထောင်းထောင်း ကြားမှာ  အလောင်းပိုင်ရှင်အမည်အော်ခေါ်နေသံတွေ ပွက်လောရိုက်နေခဲ့သည်။  ဖားကန့်ကျောက်စိမ်းမှော် မြေပြိုကျမှုများတွင် ဇူလိုင် ၂ ရက် နံနက် ၇ နာရီ ‌ ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်မြေပြိုမှုက အသေအပျောက်အများဆုံးအဖြစ်မှတ်တမ်း၀င်ခဲ့လေပြီ။

ဇူလိုင် ၂ ရက်က ဝှေခါမြေပြိုမှုတွင် ကျောက်တူးသူရေမဆေးသမား သုံးရာထက်မနည်း သေဆုံးနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။ ၁၇၂ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၂၁ ဦးနှင့် ဒဏ်ရာရရှိသူ ၅၈ ဦးရှိခဲ့သည်ဟု အစိုးရက တရားဝင်အတည်ပြုခဲ့သည်။ ဝှေခါကျေးရွာဟာ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းမှာ တည်ရှိပြီး ဟွေခါ ၊ ဂွေခါ ၊ ဝှေ့ခါ ဆိုပြီး အမျိုးမျိုးခေါ်နေကြတာလည်းတွေ့ရသည်။

ဝှေခါတွင် “ မိုးတွင်းဆိုရင် ရေမဆေးသမား ရှစ်ထောင်ကျော်လောက်ရှိပါတယ် အဘ။ ရာသီချိန်ဆိုရင်တော့ တစ်သိန်းကျော်လောက် ရှိပါတယ် အဘ”  ဟု ဝှေခါကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းမှ  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်းကို တင်ပြခဲ့သည်။

ရေမဆေးကျောက်ရှာဖွေသူအများစုသည် နိုင်ငံအဝှမ်းမှ လာရောက်သူများ ဖြစ်သည်။ အုပ်စုဖွဲ့လာရောက်သူများရှိသလို အချို့က အသိမိတ်ဆွေအခံရှိသူများ၊ အချို့က လောပန်းအဆက်အသွယ်ဖြင့် လာရောက်လုပ်ကိုင်သူများ စသဖြင့်အမျိုးမျိုးရှိသည်။ ကျပန်းလာရောက်လုပ်ကိုင်သူများဖြစ်သည့်အလျောက် နေထိုင်မှုပုံစံကလည်း ပြန့်ကျဲနေသည်။

“တချို့ဆိုမှတ်ပုံတင် မပါဘူး၊ အိမ်ထောင်စုဇယားဆိုတာ ဘာမှန်းတောင်မသိဘူး။ ဘယ်ကလာမှန်းလည်းမသိ၊ မှော်ထဲရောက်တော့လည်း ဘယ်နေမှန်းလည်းမသိကြဘူးလေ။ အားလုံးက ကျပန်းသဘောမျိုးနေကြတာလေ။ မှော်ထဲတက်သွားတဲ့လူတွေကို အောက်ပိုင်းက မိသားစုတွေကလည်း ဘယ်သူ့ဆီနေမှန်းလည်းမသိ ၊ ဘာလုပ်မှန်းလည်းမသိကြဘူးလေ ။ ဒါကြောင့်ဒီလိုလူသေမှုတွေမှာ စာရင်းအတိအကျဘယ်တော့မှမရနိုင်ဘူးဗျ” ဟု ဝှေခါကျေးရွာတွင်နေထိုင်သည့် မန္တလေးဇာတိ ကိုမင်းထက်ကိုက ပြောသည် ။

 

အကြိမ်ကြိမ်ပြိုတဲ့ ‌ဝှေခါ

ဝှေခါတွင် ၂၀၁၃ နှင့်  ၂၀၁၆  တွင် တစ်ကြိမ်စီ ၊ ၂၀၁၈ တွင် နှစ်ကြိမ်နှင့် ၂၀၂၀ တွင် တစ်ကြိမ် စုစုပေါင်း ငါးကြိမ်မြေပြိုကျခဲ့ပြီးဖြစ်သည်။

၂၀၁၃ ဝှေခါကျေးရွာမြေပြိုမှုတွင် လူ ၁၃ ဦးသေဆုံးခဲ့သည်။ ၂၀၁၆ မေ ၂၃ ရက် ည ၈:၀၀ ခန့် ဝှေခါကျေးရွာအနီးရှိ ရတနာကြယ် ၊ ဧရာရတနာ ၊ ထွန်းတောက်စကုမ္မဏီများမှ လုပ်ကွက်ကမ်းပါး မြေပြိုမှုကြောင့် ရေမဆေးသမား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။ ၂၀၁၈ ဇန်နဝါရီ ၆ ရက် နံနက် ၃:၃၀ ခန့် က ဝှေခါကျေးရွာအနီးက လုပ်ကွက်ကမ်းပါးမြေပြို ခဲ့ကာ ငါးဦးသေဆုံးခဲ့ပြီး နှစ် ဦးဒဏ်ရာရခဲ့သည်။

၂၀၁၈ မေ ၄ ရက် နံနက် ၄:၃၀ ဝှေခါ ကျောက်မျက်ရွှေပြည် ကုမ္မဏီလုပ်ကွက်အမှတ် ၅၅၈ ၊ ( ကျောက်စိမ်း သစ်ရွက် ကုမ္မဏီတူး ) ကျောက်စိမ်း ကမ်းပါးယံပြိုကျမှုကြောင့် ၂၀ ဦး မြေပိသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူ ငါးဦး ဆေးရုံတင်ခဲ့ရပြီး လူပျောက် လေးဦး လာရောက်တိုင်ကြားခဲ့ကြောင်းလည်း ဝှေခါအုပ်ချုပ်ရေးရုံးက အတည်ပြုခဲ့ဖူးသည်။ သေဆုံးသူတွေက အသက် ၁၈ နှစ်နဲ့ ၂၈ နှစ်အတွင်း အားကောင်းမောင်းသန် လူငယ်တွေ အများဆုံးဖြစ်နေပြီး အသက် ၄၅ နှစ်အရွယ် တစ်ဦးသာပါဝင်ခဲ့သည်။

နောက်ထပ်သေဆုံးသူ ရာချီရှိနိုင်သော်လည်း ရှာဖွေရန်အခက်အခဲများရှိ‌သောကြောင့်   ရှာဖွေမတွေ့တော့သည့် သေဆုံးသူများ၏ မိဘမောင်နှမ ဇနီးနဲ့ သားသမီးတွေက မျှော်နေကြဦးမှာ သေချာသည်။

“ တချို့က မက်ဆင်ဂျာထဲက ဓါတ်ပုံတွေ ပို့ပေးပြီး သူ့ကို သိသလား ၊ သူတို့သားလေး ၊ သူတို့ညီလေး ၊ သူတို့တူလေး ၊ သူတို့အစ်ကိုပေါ့ ၊ ဖားကန့်ကို တက်သွားတာ ဘယ်နှလရှိပြီ ၊ ဘယ်နေ့က အထိ ဖုန်းဆက်သေးတယ် ဘာညာဆိုပြီး မေးကြတယ်။ ဒီလို မြေပြိုမှုတွေ ဖြစ်တဲ့အခါတိုင်း facebook မက်စင်ဂျာကနေ အမေးခံရတယ်” ဟု လုံးခင်းကျေးရွာမှ ကျောက်ကုန်သည်ပွဲစား ကိုကျော်သူရအောင် သူမကြာခဏ ကြုံတွေ့ရသည်ကိုပြောပြသည်။

ဒီဖြစ်ရပ်များသည် ဝှေခါမှော်တစ်ခုတည်း တစ်နေရာတည်းမှာဖြစ်ခဲ့ပြီး လူအစုံအပြုံလိုက် သေဆုံးခဲ့သော ဖြစ်စဉ်များဖြစ်သည်။ အခြားအခြားသော ကျောက်စိမ်းမှော်များတွင်လည်း ယခုလို ဖြစ်စဉ်များရှိခဲ့သည်။

၂၀၁၈ ဇူလိုင်တွင် မြေပိုမှု နှစ်ကြိမ်ဖြစ်ပြီး ပထမအကြိမ်က ဇူလိုင် ၁၄ ရက် နေ့လည် ၂:၁၀ နာရီ ဆန်ခါကျေးရွာအနီး ငိုးပင်းမူလရွာနေရာမှ မဟာအစပထမ ကမ်းပါးပြိုမှုကြောင့် ကျောက်တူးသူ အများအပြားသေဆုံးနိုင်သော်လည်း ၂၃  လောင်းကိုသာ ဖော်ယူနိုင်ခဲ့သည်ဟု ထိုစဉ်က ကယ်ဆယ်ရေးတာဝန်ရှိသူများထံမှသိခဲ့ရသည်။  ၄၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးသူ  ခြောက်ဦးသာ လူပျောက်တိုင်ကြားခဲ့သော်လည်း လွတ်မြောက်လာသူများကအမှန်တကယ် သေဆုံးသူရာဂဏန်း ရှိနိုင်သည်ဟုဆိုသည်။

၎င်းဖြစ်စဉ်အပြီး ၁၀ ရက်အကြာ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီတွင် ဒုတိယအကြိမ် မြေပြိုမှုထပ်မံဖြစ်ပွါးခဲ့သည်။ ဖားကန့်မြို့ဆိမ်မူကျေးရွာအုပ်စု မမုံကျေးရွာနှင့် ဖားပြင်ကျေးရွာ၏ နောက်ကြော -အောက်မက်လင်ချောင်မှော်အနီးရှိ ကျောက်စိမ်းနန်တော် ၊ မြစ်ဆုံဧရာ ( မြန်မာတကောင်း လုပ်ခဲ့ ) အမြင့်ပေ ငါးရာခန့်မြင့်သော  ကျောက်စိမ်းကမ်းပါးပြိုကျမှုကြောင့် ဖားပြင် ၊မမုံ၊ စပေါ့ ၊ မက်လင်ချောင် ကျေးရွာများမှ ရေမဆေးကျောက်ရှာဖွေသူ ၂၇ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့သည်။

၂၀၁၉ ဇူလိုင်၊ ကမ်းပါးပြိုကျရာ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီတစ်ခုမှ စက်ယန္တယားများစောင့်သည့် လုံခြုံရေးဝန်ထမ်း ၁၅ ဦး ၊ လုပ်ကွက် လုံခြုံရေးရဲ သုံးဦးပါသွားသည်ဟု ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံကသိရသည်။ ကမ်းပါးပြိုရာတွင် လူပေါင်း ၁၈ ဦးပျောက်ဆုံးနေသည်ဟု တရားဝင် ထုတ်ပြန်ထားသော်လည်း ကူညီကယ်ဆယ်ရေး အဖွဲ့များက အလောင်း ၁၉ လောင်း ရှာဖွေနိုင်ခဲ့သည်ဟုဆိုသည်။ ၎င်းအလောင်းများတွင် ကုမ္မဏီဝန်ထမ်းသုံးဦးနှင့် ရဲဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းများ မပါသေးဘူးဟုလည်းသိရသည်။ လက်ရှိအခြေအနေအရဆိုလျှင် ကမ်းပါးယံပြိုကျမှုတွင် တရားဝင်ကြေငြာထားသည်ထက် လူသေဆုံးမှု ပိုများနိုင်သည်မှာ သေချာနေပါသည် ။

၂၀၁၉ အတွင်း ယခုဖြစ်စဉ်အပါအဝင် ကမ်းပါးပြိုကျမှု ၊ နွံကန်ပွင့်ကျမှု၊ စွန့်ပစ်မြေစာ မျောကြောင်းပေါက်ကျမှု ၊ ကျောက်မိုင်းခွဲ၍ မိုင်းစမှန်မှု ၊ ကျင်းပြိုမှု၊ ကမ်းပါးယံမှ ပြုတ်ကျမှု ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးခြောက်လှန့်ပစ်ခတ်မှုများကြောင့် သေဆုံးသူပေါင်း ၁၂၀ ဦး ၊ ပျောက်ဆုံးသူ ရှစ်ဦးထိရှိကြောင်း အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့မှတ်တမ်းနှင့် လူမှုကူညီရေး အသင်းများ၏ ပြုစုထားသည့် မှတ်တမ်းများအရ သိရပါသည််။

၂၀၁၉ အတွင်း အဆိုးရွားဆုံး ဖြစ်စဉ်ကတော့ ဧပြီ ၂၂ ရက်ည ၁၁:၁၅ အချိန်  မော်မောင်းလျံယူနတီ နွံကန်ပေါက်ကျမှု ဖြစ်ပါသည်။ အဆိုပါဖြစ်ပွားမှုမှာ မြန်မာသူရ ၊ ချောင်ဘရားသား ၊ KNDPC ကုမ္မဏီများမှ ဝန်ထမ်း  ၂၈ ဦး ၊ နဂါးကိုးကောင် ကျောက်မျက်ကုမ္မဏီမှ ဝန်ထမ်း  ၂၆ ဦး ၊ စုစုပေါင်း ၅၄ သေဆုံးခဲ့ပါသည် ။

 

 ဇူလိုင် ၂ ရက်နေ့က ဝေခါ ကျေးရွာအနီး လုပ်ကွက် တခုမှ မြေပြိုကျမှုကြောင့် သေဆုံးသွားသော ရေမဆေးသမားများ၏ ရုပ်အလောင်းများအား ဝေခါ သုဿန်တွင်  စုံပုံမြေမြှုပ်သဂြ်ိုလ်ရန် သယ်ဆောင်လာသည့်  မြင်ကွင်း. 

ယခုလို ဖြစ်စဉ်များ ဖြစ်ပွားနေခြင်းသည် ဆယ်စုနှစ် တစ်ခုနီးပါးမကရှိခဲ့ပြီဖြစ်သော်လည်း အစိုးရအဆက်ဆက် ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရပါသည်။ ဒီလိုဖြစ်စဉ်မျိုးများတွင်  ရေမဆေးကျောက်ရှာသူများသာ အများဆုံးသေဆုံးကြရသည်။

 

အစုလိုက်အပြုံလိုက်သေစေတဲ့ လူလုပ်ဘေးအန္တရာယ်

၂၀၁၆ နောက်ပိုင်းဖြစ်ပွါးခဲ့သည့် လူအစုလိုက်သေဆုံးမှုဖြစ်စဉ်များသည် ဖားကန့်တွင်နှစ်စဉ်နှစ်တိုင်းဖြစ်နေကျ စွန့်ပစ်မြေစာပြိုကျမှုကြောင့်မဟုတ်ပေ။ ကမ်းပါးပြိုကျခြင်း၊ လုပ်ကွက်ဟောင်း နွံကန်ပွင့်ကျခြင်းများကြောင့်သာ လူအစုလိုက်အပြုံလိုက်သေဆုံးမှု အများဆုံးဖြစ်လာခဲ့သည် ။

၂၀၁၆ ဧပြီမှစပြီး ကျောက်စိမ်းတူးဖော်ရေး လိုင်စင်များ အသစ်ချပေးခြင်း၊ သက်တမ်းတိုးပေးခြင်းများမပြုလုပ်ရန် NLD အစိုးရသစ်ကကြေငြာခဲ့သည်။

ကျောက်မျက်လုပ်ကွက်များ သက်တမ်းကုန်ဆုံးမှုမတူညီခြင်းက အန္တရာယ်များသော နွံကန်များစွာထွက်ပေါ်လာခဲ့ရသည်။ သက်တမ်းရှိလုပ်ကွက်နှင့် သက်တမ်းကုန်လုပ်ကွက်ကြားမှာ မြင့်မားမတ်စောက်သော ကမ်းပါးများဖြစ်လာသည်။ သက်တမ်းကုန်လုပ်ကွက်ဟောင်းများသည် ရေကန်ဖြစ်လာသည်။ အဆိုပါ လုပ်ကွက်ဟောင်း ရေကန်ထဲသို့ သက်တမ်းရှိလုပ်ကွက်ကို တူးဖော်နေသောကုမ္မဏီမှ စွန့်ပစ်မြေစာများ လာသွန်သည် ။

တူးဖော်ရေးလုပ်ငန်းများလုပ်ဆောင်ချိန်တွင် အားပြင်းသည့်ကျောက်မိုင်းများ ဖောက်ခွဲမှုကြောင့် သက်တမ်းရှိလုပ်ကွက်နှင့် သက်တမ်းကုန်လုပ်ကွက်များကြားရှိ ကမ်းပါးများ၊တောင်နံရံများက တုန်ခါမှုများကြောင့် ဆွေးလာသည်။ ဆွေးလာသည့်တောင်နံရံများ၊ ကျောက်တောင်ကမ်းပါးများသည် မိုးရာသီတွင် မိုးရေနှင့်ထိတွေ့ပြီး တောင်ပြိုကျမှု၊ ကမ်းပါပြိုကျမှုများ ဖြစ်လာရသည်။

“လုပ်ကွက်တွေ သက်တမ်းကုန်သွားတော့ ပိုင်ရှင်မဲ့လို ဖြစ်သွားတာပေါ့။ နိုင်ငံတော်ကပိုင်ရှင်ဆိုပေမဲ့ ဒါတွေကို မထိန်းသိမ်းမစောက်ရှောက်နိုင်ဘူးပေါ့ ။ဒီတော့ ပုံစံအမျိုးမျိုးနဲ့ ကျောက်တူးတာတွေရှိလာတာပေါ့။ အဲဒီတော့ ပြိုကျပြီဆိုရင် မဖြစ်သင့်တဲ့အစုအပြုံလိုက်သေဆုံးတာတွေကို စိတ်မကောင်းစွာ ကြုံရတာပေါ့။ ကုမ္မဏီအများစုက အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေကို အတွေ့အကြုံရ ကြိုသိကြတာများတယ်။ လုပ်ငန်းတွေကော ၊ဝန်ထမ်းတွေကော အားလုံးကို အချိန်မီ တားဆီ ထိန်းချုပ်လို့ရတယ်” ဟု မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ ဒုဥက္ကဌလည်းဖြစ်၊ ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကိုယ်တိုင်လုပ်ကိုင်နေသူလည်းဖြစ်သည့်  မြန်မာသူရ ကျောက်မျက်ကုမ္မဏီမှ ဦးကျော်သူရက ဆိုသည်။

၂၀၁၆ အရှေ့ပိုင်းကာလများတွင် စွန့်ပစ်မြေစာပုံများ ပြိုကျမှုကြောင့် လူပေါင်းရာချီသေဆုံးမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရသည်။  ပေပေါင်းရာနှင့်ချီ မြင့်မားမတ်စောက်သော တောင်စောင်းများတွင် ထောင်နှင့်ချီသည့် အားကောင်းမောင်းသန် လူအုပ်ကြီးဟာ စိန်တူနှင့် တရုတ်နိုင်ငံထုတ် အသေးစား မြေတူးဂန်းစက်ကိုယ်စီနှင့် ရေမဆေးကျောက် ရှာနေကြရသည်။  လူတွေလုပ်ထားသည့် တောင်တန်းဟု ဆိုသော်ရနိုင်သည့် စုပေါင်းစွန့်ပစ်မြေစာပုံကြီးများက ဘယ်လိုပုံစံနှင့် ဘယ်လောက်အထိ တူးဖော်ထားကြသည်ကို ပြောပြနေသည်။

ဒေသခံ မျက်မြင်များက ပြောဆိုမှုအရ ၂၀၁၅ နိုဝင်ဘာက ဖြစ်ပွားခဲ့သည့် ကံခါကျေးရွာအနီး စုပေါင်းစွန့်ပစ်မြေစာပုံ  ပြိုကျမှုကြောင့် လူပေါင်း ၁၁၄ ယောက်၏ အလောင်းတွေ ရှာဖွေနိုင်ခဲ့ပြီး လူပေါင်း ရာနဲ့ချီသေဆုံးနိုင်သည်ဟု သိရသည်။

“အစ်မတို့မိသားစုလည်း ကံခါမြေစာပုံပြိုက်လိုက်တာ သားမိနှစ်ယောက်လုံး မုဆိုးမဖြစ်သွားရတာပါပဲ ” ဟု မြေစာပုံပြိုရာမှာ ခင်ပွန်းသည်နှင့်သားမက်ဖြစ်သူဆုံးရှုံးခဲ့ရသည့် ဟင်းတင့်ကျေးရွာမှ ဒေါ်စုက ပြောပြခဲ့သည် ။

 

ဇူလိုင် ၂ ရက်နေ့က ဝေခါ ကျေးရွာအနီး လုပ်ကွက် တခုမှ မြေပြိုကျမှုကြောင့် သေဆုံးသွားသော ရေမဆေးသမားများ၏ ရုပ်အလောင်းများအား ဝေခါ သုဿန်တွင်  စုံပုံမြေမြှုပ်သဂြ်ိုလ်နေသည့်  မြင်ကွင်း. 

ဒါကြောင့်လည်း ဖားကန့်ကျောက်စိမ်းဒေသ အစုလိုက်အပြုံလိုက်သေဆုံးမှုကို ကမ္ဘာက အာရုံစိုက်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ သို့ပေမဲ့ အခြေခံလူတန်းစား ပြည်သူများသည် မိမိတို့အသက်ကို တန်ဘိုးမထားနိုင်ဘဲ အန္တရာယ်များလှသည့်  တောင်ကုန်းကမ်းပါးယံများပေါ်တွင် သက်စွန့်ဆံဖျားနှင့် ကျောက်စိမ်းကို တရားမဝင် ရှာဖွေစားသောက်နေခဲ့ကြရသည် ။

 

စားစရာမရှိ သေစရာရှိ

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းရတနာနယ်မြေ၏ လူသေဆုံးမှုနှုန်းမြင့်တက်လာနေပြီး ၂၀၁၂ မှ ၂၀၁၈ အထိ ခုနစ်နှစ် အတွင်းလူပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ပြီးဖြစ်သည်။

“ စားဝတ်နေရေး အဆင်မပြေတာရော ၊ ရွာမှာက အလုပ်အကိုင် မယ်မယ်ရရ မရှိတာရော၊   သူဌေးဖြစ်ချင်တာရော ပေါ့ ကိုကြီးရာ။ သူဌေးဖြစ်သွားတဲ့ ရေမဆေး(ကျောက်တူးသူ)တော့မကြားဘူးသေပါဘူးဗျာ။ မြေစာပုံပြိုရင်တို့ ကမ်းပါးပြိုရင်တို့ နွံကန်ပေါက်ရင်တို့ဆိုရင်သာ ရေမဆေးတွေ သေတာပဲ ကြားနေရတာပါဗျာ။ ဒါတောင် လောဘကြီးလို့သေရတယ်ဆိုပြီး ပြောရက်ကြတယ်ဗျ” လို့ ရေမဆေးကျောက်ရှာလုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ တန့်ဆည်နယ် ဇာတိကိုအီးတီက ပြောသည်။

အထက်ဖော်ပြပါကိန်းဂဏန်းများသည် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်များအတွင်းမှာ ဖြစ်ပွားခဲ့သည့်သေဆုံးမှုများသာဖြစ်ပြီး အခြားသော အနာရောဂါ၊ မူးယစ်ဆေးဝါးနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့်သေဆုံးသည့် စာရင်းများ မပါဝင်သေးပါ။

 

 ဇူလိုင် ၂ ရက်နေ့က ဝေခါ ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်  တခုမှ မြေပြိုကျမှုကြောင့် သေဆုံးသွားသော ရေမဆေးသမားများ၏  မိဘများ ပူဆွေးသောက  များဖြင့်  ငိုကြွေးနေသည်ကို တွေ့ရစဉ်.  

ဖားကန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနရဲ့ မှတ်တမ်းများအရ ဖားကန့်မြို့နယ်အတွင်းမှာ ၉၆ ပါးရောဂါနဲ့ သေဆုံးသူပေါင်းဟာနှစ်နှစ်အတွင်း  ၂၃၁ ဦးသာရှိခဲ့ပြီး ၊ ကျောက်စိမ်းတူးဖော်မှုနှင့်ဆက်စပ်သည့် လုပ်ငန်းများကြောင့်  သေဆုံးသူပေါင်းဟာ  ၂၈၆ ဦးရှိသည်ဟုဆိုသည်။

ယခုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဖားကန့်ဒေသခံ ဖားကန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကတော့ “ သတ္တုတွင်းအပါအဝင် ကျောက်စိမ်းကျောက်မျက်ကဏ္ဍမှာ ကျနော်တို့အစိုးရက လုံးလုံးလျားလျား တာဝန်ယူဖြေရှင်းလို့ မရသေးပါဘူး။ မြေပြင်မှာ ဖြစ်ပျက်နေတာတွေက ခင်ဗျားတို့ မြင်တဲ့ သိတဲ့အတိုင်းပဲလေ။ ဘာကိုမှလည်း မထိန်းချုပ်နိုင်သေးဘူး၊ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။ နှစ်စဉ်လူတွေ ရာနဲ့ချီသေနေတယ် ။ ကျွန်တော်တို့လောက် ထောက်ပြပြောဆိုနေတာ  ကျွန်တော်တို့ပဲရှိတယ်။ တရားဥပဒေ မစိုးမိုးတာကြီးကိုပဲ လွှဲချနေတယ် ” ဟုဆိုသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများက ဘာကြောင့် နိုင်နိုင်နင်းနင်း မဆောင်ရွက်ရတာလဲဆိုသည်ကို စဉ်းစားစရာ ဖြစ်နေပြီဟုလည်း ၎င်းကဆက်လက်ပြောဆိုသည် ။

ဇော်မိုးထက် ( ဖားကန့် ) 


#သုံးသပ်ချက်

 

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."