ကျားဖောင်ပေါ်က ရေလုပ်သားတွေရဲ့ အခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားများအခွင့်အရေး ဆောင်ရွက်နေတဲ့ ပြည်သူ့အတွက်တို့မျိုးဆက်ကွန်ယက် (WE Generation Network) က ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးဌေးနဲ့ မော်ကွန်းက ဆက်သွယ်မေးမြန်းထားတာထဲက တစ်ချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
မေး ။ ။ အခု ရေလုပ်သားတွေအတွက် ဥပဒေမရှိဘူးလို့ ရေလုပ်ငန်းရှင်များအသင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိပါတယ်။ လက်ရှိပြဌာန်းထားတဲ့ အလုပ်သမားဥပဒေက ရေလုပ်သားတွေနဲ့ ဆက်စပ်မှု ဘယ်လိုရှိလဲခင်ဗျ ။ သူတို့အတွက် အကျုံးဝင်ရဲ့လား ။
ဦးဌေး ။ ။ လူမှုဖူလုံရေးဥပဒေမှာ မှတ်ပုံမတင်မနေရ လုပ်ငန်းတွေလည်းရှိတယ်။ အဲဒီမှာ အကျုံးမဝင်တာတွေ လည်းရှိတယ်။ သို့သော်လည်း လူမှုဖူလုံရေးဥပဒေအရ ကာယကံရှင်တွေက လူမှုဖူလုံခံစားခွင့်ကို မိမိတို့ဆန္ဒအလျောက် မှတ်ပုံတင်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်၊ အဲဒီရှုထောင့်ကတင်မယ်ဆိုရင်လည်း ရတာပေါ့။ အဲဒီဥပဒေအရတော့ ရှိတာပေါ့။ ဒါပေမဲ့ အစောပိုင်းထဲက သက်ဆိုင်ရာဌာနတွေက ဖြေရှင်းကြရမဲ့ကိစ္စတွေဖြစ်ပေမဲ့ စနစ်တကျလုပ် ထားတာမရှိဘူး။
ကျွန်တော်အတွေ့အကြုံအရ ဖျာပုံကိစ္စတွေအကူအညီတောင်းလာတဲ့အခါ သက်ဆိုင်ရာဌာနတွေကို ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ နှစ်နှစ်က ကျွန်တော်တို့ဆီ အကူအညီတောင်းတဲ့သူတွေကို ဆောင်ရွက်ပေးဖူးတယ်။ သက်ဆိုင်ဌာနတွေမှာ အလုပ်သမားအခွင့်အရေးတွေ တင်ပေးဖို့ပေါ့။ တဖက်ကလည်း အလုပ်သမားတွေက ကျွန်တော်တို့ကို ပြန်မဆက်သွယ်ဘူးပေါ့။ ကျနော်တို့ကလည်း ကိုယ်တိုင်ဆက်သွယ်ပေးဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ ကာယကံရှင်တွေက မချိတ်ဆက်တဲ့အခါ အခက်အခဲရှိတာပေါ့။
အဲ့ဒီကျတော့ လူမှုဖူလုံရေးဥပဒေမှာကျတော့ ပုဒ်မ ၁၂ မှာရှိတဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အလုပ်သမားနှင့် ရာသီ အလိုက်လုပ်ကိုင်တဲ့ စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းဆိုတာ ပါနေတာပေါ့။ အဲဒီဥပဒေအရဆိုရင် လူမှုဖူလုံရေးဥပဒေနဲ့ အကျုံးမဝင်တာပေါ့။ မဝင်ပေမဲ့ ဥပဒေအရ ပုဒ်မ ၂၀ မှာ မိမိဆန္ဒအလျောက် လူမှုဖူလုံရေးအကျိုးခံစားခွင့်အတွက် အာမခံထားရှိနိုင်တယ်။ မလုပ်တာ လုပ်တာက တစ်ပိုင်းပေါ့။
အဲဒါကို အလုပ်ရှင်ဖက်ကဖြစ်ဖြစ် မိသားစုဖက်ကဖြစ်ဖြစ် စနစ်တကျနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခေါ်တဲ့မြို့နယ်ရုံးကို ဆက်သွယ်ပြီးတော့ နစ်နာသူတွေက မိမိတို့ရဲ့အခွင့်အရေးကို ဆောင်ရွက်နိုင်တယ်။ တစ်ဖက်ကလည်း ပင်လယ်ပြင်မှာ အကြောင်းကြောင်းကြောင့် သေဆုံးတာတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း သေမှု သေခင်းဖွင့်ရမယ်၊ စုံစမ်းစစ်ဆေးရင် အမှန်တိုင်းပေါ်မှာပေါ့၊ ဒါပေမဲ့ အဲလိုလုပ်တာတွေကလည်း အရမ်းအားနည်းတဲ့ သဘောပေါ့။
မေး ။ ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်လဲ။ လုပ်ငန်းလိုင်စင်ရှိတဲ့ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်ပြီး အလျော်အစားတွေကလည်း ကိုယ်တိုင်ဖြေရှင်းပေးနေကြတော့ လမ်းမှန်ပေါ် ဘယ်လိုတင်ပေးသင့်လဲ ။
ဦးဌေး ။ ။ အလုပ်သမားဥပဒေအရပဲ ဖြေရှင်းသင့်တာပေါ့။ ဒီလုပ်ငန်းတွေက ကုမ္ပဏီမဟုတ်တောင်မှ လုပ်ငန်းရှင်အများစုက ကျားဖောင်တွေအများကြီးပိုင်ကြတာဗျ။ အလုပ်သမားတွေက အများကြီးပဲ။ ဒီလုပ်ငန်းမှာ ၁၀ ဖောင်အထက်တွေလုပ်ကြတယ် ။ ကျားဖောင်က ရတဲ့ထွက်ကုန်တွေကို သယ်ယူပို့ဆောင်ပေးတာရှိသလို ရလာတဲ့ကုန် ငါးပုဇွန်တွေကို ရွေးပြီး နေလှန်းဘာ ညာလုပ်ကြတာလည်းရှိတယ်။ စီးပွားရေးအရလည်း အလွန်ကောင်းမွန်တဲ့ လုပ်ငန်းကြီးတွေဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ကုမ္ပဏီဥပဒေနဲ့ အကျုံးမဝင်တော့ လုပ်ငန်းသဘောအရ ခက်တယ် ။ အဲဒါတွေနဲ့ပတ်သက်ပြီး စနစ်တကျ သက်ဆိုင်ရာအစိုးရ ကိုယ်တိုင်ဦးစီးပြီး အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေနဲ့ နည်းလမ်းတစ်ကျဖြစ်အောင်၊ ဥပဒေနဲ့အကာအကွယ်ပေးလို့ရအောင် ဆောင်ရွက်မယ်ဆိုရင် သင့်ပါတယ်။ အဲဒီတော့ အခုလိုဖြစ်လာမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းပေါ့။
မေး ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရ ဘယ်အဖွဲ့အစည်းက တာဝန်ယူဖြေရှင်းပေးသင့်လဲ။
ဦးဌေး ။ ။ အလုပ်သမားပြဿနာရှုထောင့်ကဆိုရင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သ့ူအင်အား ဝန်ကြီးဌာနက အလုပ်သမားတွေရဲ့အခွင့်အရေး အကာအကွယ်စောင့်ရှောက်ပေးဖို့ စဉ်းစားကြရမှာပေါ့။ တည်ဆဲဥပဒေ တွေအရ မလုံလောက်ဘူးဆိုရင် ကျွန်တော်တို့က တည်ဆဲဥပဒေတွေကို ဖြည့်စွက်ကြရမှာပေါ့၊ အဲလိုမှမဟုတ်ဘူးဆိုရင် အသစ်ပြဌာန်းဖို့ လုပ်ကြရမှာ။ ဘာလို့လဲဆိုတော့ အစိုးရဆိုတာ နိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမဲ့တာဝန်ရှိတဲ့အတွက် လိုအပ်တဲ့ ဥပဒေတွေပြဌာန်းကြရမှာဖြစ်တယ်။ တဖက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၄ မှာ အလုပ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော်က ဥပဒေပြဌာန်းပေးရမဲ့တာဝန်ရှိတာပေါ့။ အဓိကတော့ နိုင်ငံတော်မှာ တာဝန်ရှိတာပေါ့ ။
အခက်အခဲက မြန်မာပြည်ရဲ့ လက်ရှိပြဿနာက လုပ်ငန်းရှင်တွေကချမ်းသာပြီး သြဇာကြီးတော့ နယ်မြေမှာ လွှမ်းမိုးမှုနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ဆက်ဆံရေးပေါ် မူတည်ပြီးတော့ ကျနော်တို့သာမာန်အလုပ်သမားတစ်ယောက်က ဒါတွေကို ရင်ဆိုင်ဖို့ မလွယ်ပါဘူး ။ အဲဒီလိုမလွယ်သလို ကျွန်တော်တို့ ရှေ့နေတစ်ယောက်အနေနဲ့ ဆောင်ရွက်ဖို့တောင် လက်ရှိယန္တရားမှာ အခက်အခဲရှိတယ် ။ ဘာကြောင့်လဲဆိုတော့ တဖက်က ဒီယန္တရားကြီးက ကြီးနေတာ၊ သြဇာတွေရော အာဏာတွေရော ကြွယ်ဝမှုတွေရော၊ အဲလိုပြဿနာတွေကို သာမာန်ထင်မြင်ချက်ပေးဖို့ မလွယ်တဲ့အနေအထား မျိုးရှိပါတယ်။
လက်တွေ့ပြဿနာကတော့ အဲဒီမှာလုပ်တဲ့ ရွေ့ပြောင်း အလုပ်သမား၊ ပင်လယ်ပြင်အလုပ်သမားတွေရဲ့အခွင့်အရေးဟာ ဘာမှမရှိပါဘူး။ နေ့မြင်ညပျောက်ပေါ့၊ မီဒီယာမှာ သေတဲ့ကိစ္စတွေ ပါနေတာပဲလေ၊ အဲလို သေတဲ့ကိစ္စတွေမှာလည်း စနစ်တကျအရေးယူလုပ်တာတွေရှိလား။ စာရင်းအရ ပြောတာ ၁၄၀ ရှိတယ်ပြောတယ်။ အဲလို စာရင်းမဝင်တာတွေက ဘယ်လောက်ရှိမလဲပေါ့။ အဲဒါတွေက လူ့အသက်တန်ဖိုးက ဘာမှတန်ဖိုးမရှိသလို အဲဒီနယ်မြေမှာ ဖြစ်နေတာပေါ့။ ဒါကို အပြုသဘောနဲ့ မဖြစ်အောင် ဘယ်လိုဖြေရှင်းမလဲပေါ့၊ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင်ဖြေရှင်းရင်တော့ လမ်းကြောင်းရှိပါတယ်။ အရေးကြီးတာ ပြဿနာကို ဖုံးကွယ်မဲ့အစား၊ ပြဿနာကို ရှောင်နေမဲ့အစား စနစ်တကျ ရဲရဲဝင့်ဝင့် ဆွေးနွေးညှိုနိူင်းရင် ဖြေရှင်းရင် ပြေလည်နိုင်ပါတယ်။
မေး ။ ။ လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးသံချောင်းက လုပ်သားတွေကို ဖောင်ဦးစီးတွေ ရိုက်နှက်ဖို့ လုပ်ငန်းရှင်တွေက မညွှန်ကြားထားဘူးပေါ့။ ပြီးတော့ ဒီလိုပြဿနာတွေဖြစ်လို့ ဒေသတစ်ခုထဲက လုပ်သားတွေကို လူတွေအတူမထားဖို့ ညွှန်ကြားထားတယ်လို့ပြောတယ်။ ဒါကရော ရေတိုရေရှည်ပြေလည်ပါ့မလား ။
ဦးဌေး ။ ။ စနစ်ကျဖြေရှင်းဖို့တော့လိုတယ်ဗျ။ အဓိကတော့ စိတ်နေသဘောထားပေါ့။ နိုင်ငံတော်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း အဲဒီသဘောနဲ့ပြောတာပေါ့။ အခုပြဿနာက နိုင်ငံတကာအထိရောက်နေတဲ့ပြဿနာပေါ့။ သူတို့ပြောတဲ့ပုံအရဆို အောက်ခြေမှာလုပ်နေတဲ့ သဘောဖြစ်နေတယ်ပေါ့။ လုပ်ငန်းရှင်ကရော သူ့လုပ်ငန်းအလျောက် ၊ ဌာနဆိုင်ရာကရော သူ့ဌာန အလျောက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာပေါ့။ ရှိကြရမှာပေါ့။ ဖြစ်လာတဲ့အခါကျမှ သူတို့က မသိဘူး။ အဲလို ညွှန်ကြားထားတာမရှိဘူး ။ အောက်ခြေက ဝန်ထမ်းတွေက လုပ်ကြတာဆိုတာမျိုး အဲလိုလွှဲချတာက မြန်မာပြည်မှာက မိုးခါးရေသောက် ဖြစ်နေတယ်။
ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ခေတ်အလျောက် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပါဝင်ဆောင်ရွက်မယ်။ အလုပ်သမားတွေကလည်း အလုပ်သမားသမဂ္ဂတွေဖွဲ့စည်းဆောင်ရွက်ခွင့်ရှိမယ်ဆို ပိုပြီးလမ်းမှန်ပေါ်ရောက်နိုင်တာပေါ့။ အခုက အလုပ်သမားအဖွဲ့ အစည်းတွေလည်း လက်လှမ်းမမှီတဲ့နေရာ၊ ကျန်တဲ့အဖွဲ့အစည်းတွေလည်း လက်လှမ်းမမှီတဲ့နေရာရောက်နေတဲ့ နေရာဖြစ်နေတာပေါ့။ အဲဒါကိုက ထူးခြားချက်ပါ၊ အခုမှသာ ပြဿနာဖြစ်မှ တစ်ပြည်လုံးအုတ်အော်သောင်းနင်းဖြစ်သွားတာပါ။ အရင်တုန်းက အဲဒီနေရာတွေကတော့ အမေ့လျော့ခံဒေသဖြစ်သလို အဖုံးကွယ်ခံဒေသကြီးလို ဖြစ်နေတာပါ။
မေး – ရေလုပ်သားသမဂ္ဂ ထူထောင်နိုင်ရင် ပိုအဆင်ပြေနိုင်မလား ။
ဦးဌေး ။ ။ ပြေနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အလုပ်သမားအခွင့်အရေးကို တရားဝင်အဖွဲ့အစည်းရှိဖို့လိုတာ။ တစ်ဦးချင်းအနေနဲ့ ဖြေရှင်းလို့မရဘူး။ တစ်ဦးချင်းအနေနဲ့ ရပ်ကျေးသွားတိုင်လို့လည်းအဆင်မပြေဘူး။ ရဲစခန်းမှာ ရှေ့နေတစ်ယောက်သွားတိုင်လည်း အခက်အခဲဖြစ်နေတာ သာမာန်အရပ်သားတစ်ဦးဟာ အဲဒီနယ်မြေတွေမှာ တိုင်ချက်ဖွင့်ဖို့က မလွယ်ပါဘူး။ တိုင်ချက် ဖွင့်ပြီးရင်လည်း တစ်ခါ အရေးယူဖို့က မလွယ်ပါဘူး၊ တိုင်တဲ့လူရဲ့ လုံခြုံရေးအခန်းကဏ္ဍကလည်း ရှိသေးတယ်။ မြန်မာပြည်ရဲ့ အခြေအနေပေါ့၊ အဲဒါတွေက တရားဥပဒေ စိုးမိုးမှုနဲ့ အတူဖြစ်နေတာပေါ့။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ပြဿနာက ကြာလာတဲ့အခါကျတော့ နစ်နာတာကျတော့ ပြည်သူတွေဖြစ်နေတာပေါ့။
မေး ။ ။ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။
ဦးဌေး ။ ။ ပင်လယ်ပြင်မှာ ကျားဖောင်ရေလုပ်သားတွေက ရွေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့ မြန်မာပြည်မှာလိုပါတယ်။ တစ်ဖက်ကလည်း ဒီအလုပ်သမားတွေရဲ့အခွင့်အရေးတင်မကဘူး လူကုန်ကူးတဲ့ကိစ္စတွေ၊ အတင်းအဓမ္မခိုင်းစေမှုတွေအပြင် ရာဇဝတ်မှု မမြောက်တဲ့သေဆုံးမှုတွေ အလုပ်သမားဥပဒေနဲ့ပြောရင် အဲဒါတွေကို အကာအကွယ်မပေးနိုင်တဲ့အတွက် ကျနော်တို့က လူ့အခွင့်အရေးတွေပါ ဆုံးရှုံးနေတာပေါ့။ အဲလိုနေရာကို အကာအကွယ်ပေးဖို့ သက်ဆိုင်ရာက နည်းလမ်းတကျ ဆောင်ရွက်သင့်ပါတယ်။