ရန်ကုန်- ၂၀၂၃၊ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဒုဋ္ဌဝတီမြစ်ထဲရေဆင်းကူးရင်းပျောက်ဆုံးနေတဲ့ ကိုယ်ရင်တစ်ပါးသေဆုံးလျှက်ပြန်တွေ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)ကပြောပါတယ်။
မနေ့က ညနေ ၄:၀၀ နာရီဝန်းကျင်လောက်မှာ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊ ရွှေရန်လင်းမင်းကျောင်းစာသင်တိုက်မှ ကိုရင် ငါးပါးရေဆင်းကူးရာမတော်တဆရေနစ်ခဲ့ပါတယ်။ အဲ့ထဲမှာ ကိုရင်လေးပါးကိုသာအသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး) ထံမှသိရပါတယ်။
“မနေ့ကကိုယ်ရင်တစ်ပါးပျောက်ဆုံးနေတာကို ည ၈ခွဲ ၉နာရီ ထိလောက်တော့ရှာဖွေခဲ့တယ်။ ညကလည်းမှောင်နေတာနဲ့အလင်းရောင်မရှ်ိလို့ရပ်နားခဲ့ရတယ်ပေါ့။ ဒီမနက်ကျွန်တော်တို့ထပ်ရှာဖို့မထွက်ခင် ဖြစ်စဉ်နဲ့မနီးမဝေးနေရာတစ်ခုမှာ နံနက် ၇:၃၀ နာရီလောက်က အလောင်းတွေ့တယ်ဆိုလို့ကျွန်တော်တို့မသွားဖြစ်တော့ပါဘူး။” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့ကိုရင်ဟာ အသက် ၁၃ နှစ်အရွယ်ဖြစ်ပြီးဘွဲ့အမည်ကတော့ကိုရင်ဩဒသလို့သိရပါတယ်။
ဒုဋ္ဌဝတီမြစ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၇ ရက် ကလည်း အသက်၂၁ နှစ်အရွယ်အမျိုးသားနှစ်ဦး ရေဆင်းကူးရင်းပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွါးခဲ့ဖူးပါတယ်။
Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)
#Dailynews

