အိရွှေဖြူ
ဇန်နဝါရီ ၇
ရက်ပေါင်းများစွာကြာမြင့်လာပြီဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်ရှိ သစ်သီးရောင်းဝယ်ရေးဂိတ် ပိတ်သည့်ပြဿနာကြောင့် ဒုက္ခဖြစ်နေရသည့် ဖရဲ၊သခွားမွှေးစိုက်တောင်သူများက ကျပ်သိန်း ရာချီတန်ဘိုးရှိသော ယင်းတို့၏ ဖရဲသီးများကို အများ ပြည်သူသို့အခမဲ့ပေးဝေပြီး ပြဿနာ၏ ကြီးထွားပုံကို အစိုးရသတိထားမိအောင် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရရုံးစိုက်ရာ မုံရွာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
” အသီးတွေက အခင်းထဲတင်ကိုမှည့်နေပြီ။ လွှတ်ပစ်တဲ့ အခြေအနေမရောက်ခင်၊ စားလို့ရတဲ့ အနေအထားမှာ အလကားဝေလိုက်တာဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို နိုင်ငံတော်အစိုးရသိအောင် ဆန္ဒဖော်ထုတ်တာဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်သူများထဲမှ တစ်ဦးဖြစ်သူ ဘုတလင်မြို့နယ်မှဖရဲစိုက်တောင်သူ ဦးသစ္စာက ပြောသည်။
နယ်စပ်ဂိတ်ပိတ်ခံရသည့်ပြဿနာမပြေလည်သည့်အတွက် ဖရဲ၊သခွားမွှေးစိုက် တောင်သူများအနေဖြင့် အချိန်နှင့်အမျှ ဆုံးရှုံးမှုများဖြစ်ပေါ်နေပြီး ယနေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ဖရဲသီး တန်ချိန် ၅၀ ကို ပေးဝေခဲ့ကြောင်း ဦးသစ္စာက ရှင်းပြသည်။ ယင်းသည် လက်ရှိ တရုတ်နယ်စပ် ဈေးကွက်ပေါက်ဈေးဖရဲသီးတစ်တန် ကျပ်နှစ်သိန်းခွဲကျော်ဈေးအရ ကျပ်သိန်း ၁၃၀ ကျော်နှင့် တန်ဖိုးညီမျှသည်။
ဆန္ဒပြသည့်တောင်သူများသည် လက်ရှိ ပိတ်ထားသော မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ပိတ်ထားသည့် ကျင်စန်းကျော့ သစ်သီးရောင်းဝယ်ရေးဂိတ်အား ဖွင့်လှစ်ပေးရေး၊ အဆိုပါစခန်းတွင်ပင် ဖရဲ၊သခွားမွှေးများကို ဈေးပြတ် ရောင်းချနိုင်သည့် ကုန်ရောင်းဝယ်ရေးစနစ်တစ်ခုဖော်ဆောင်ပေးရေးနှင့် တောင်သူများကြုံနေသည့် အခက်အခဲကို အစိုးရမှ ကူညီဖြေရှင်းပေး စသည့်အချက်များကို ဆန္ဒထုတ်ဖော်ပွဲတွင် တောင်းဆိုခဲ့ကြသည်။
စစ်ကိုင်းတိုင်းအတွင်း ယခုနှစ်တွင် ဖရဲနှင့်သခွားမွှေးစိုက်ဧက သုံးသောင်းကျော်ရှိပြီး နယ်စပ်ဂိတ်ပေါက် ပိတ်ခံရသည့် ပြဿနာများကြောင့် ကျပ်ငွေဘီလီယံနှင့်ချီ၍ တောင်သူများအရှုံးပေါ်မည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ဖရဲနှင့်သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌက မော်ကွန်းကို ပြောသည်။
လက်ရှိတွင် ပုံမှန်ရောင်းဝယ်နေသည့် ကျင်စန်းကျော့ဂိတ်ပိတ်ခံရသည့်အတွက် ဖရဲနှင့်သခွားမွေးကုန်တင်ကားများသည် အခြားဂိတ်ပေါက်တစ်ခုဖြစ်သည့် ပန်ဆိုင်း(ကြူကုတ်)ဂိတ်မှ တရုတ်ဘတ်သို့ ဝင်ရောက်ရောင်းချနေသော်လည်း အဆိုပါ ဂိတ်သည် တစ်ရက်လျှင် ကားစီးရေ ၂၀၀ ဝန်းကျင်သာ ဝန်ဆောင်မှုပေးနိုင်ပြီး ပြည်တွင်းမှ အထွက်နှုန်းသည် ကားစီးရေ ၄၀၀ မှ ၈၀၀ ကြား လာမည့်ဧပြီလအထိ ထွက်ရှိနေမည်ဖြစ်ကြောင်း ဖရဲနှင့်သခွားမွှေးစိုက်အသင်းအဖွဲ့များက ပြောကြား ထားသည်။
မြန်မာနိုင်ငံ၏ ဖရဲနှင့်သခွားမွှေးစိုက်တောင်သူများ၏ အဓိက ဈေးကွက်သည် တရုတ်နိုင်ငံဖြစ်ပြီး ရောင်းချရာတွင်လည်း တောင်သူများမှ အခင်းမှဈေးကွက်ရောက်သည့်အထိ ကုန်ကျစားရိတ်ကို တာဝန်ယူရသည့်စနစ်ဖြင့် ရောင်းချနေခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ နယ်စပ်ဂိတ်ပေါက် ပိတ်ဆို့ခံရခြင်းကြောင့် ခရီးလမ်းကြန့်ကြာမှုများဖြစ်ကာ အသီးများ ပုတ်၍ အမြတ်မရသည့်အပြင် ကားခပါ ရှုံးသည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။
ဒီဇင်ဘာ- ၂၆ ရက်မှ စတင် ဂိတ်ပိတ်မှုဖြစ်ပေါ်ခဲ့သည့် ကျင်စန်းကျော့သစ်သီးရောင်းဝယ်ရေးပြသနာကြောင့် ပြည်တွင်း ရှိ ဖရဲနှင့်သခွားမွှေးစိုက်တောင်သူများ၏ ဝင်ငွေ ဒေါ်လာသန်းနဲ့ချီ နစ်နာနေပြီဖြစ်ကြောင်း မူဆယ်ကုန်သည်အသိုင်းအဝိုင်း က ခန့်မှန်းထားသည်။
ဇန်နဝါရီပထမအပတ်အတွင်း မြန်မာနိုင်ငံ၊ ဖရဲနှင့်သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကလည်း ဒီနယ်စပ်ဂိတ်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စု ဝန်ကြီးနှင့် တွေ့ဆုံ တင်ပြမှုများပြုလုပ်ခဲ့သေးသည်။
#mawkun
#ei_shwe_phyu
#daily_news