ရန်ကုန်- ၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း)
မြေပြိုကျသွားခဲ့တဲ့ ကော့ကရိတ် – မြဝတီ အာရှလမ်း ပြင်ဆင်နေဆဲဖြစ်ပြီး ကုန်တင်ယာဉ်တွေ ဖြတ်သန်းခွင့်မပြုသေးဘူးလို့ ဒေသခံတွေနဲ့ လမ်းအသုံးပြုသူတွေဆီက သိရပါတယ်။
ယခုလ ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် ၁၄၉ နဲ့ ၁၅၀ ကြားမှာ ကားလမ်းရဲ့ အောက်ခံမြေသား ပေ ၁၀၀ ကျော်ခန့်ဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျသွားခဲ့တာပါ။
အဆိုပါလမ်းပိုင်းဟာ ထိုင်းနိုင်ငံနဲ့ အဓိကကုန်သွယ်နေတဲ့ လမ်းတစ်ခုဖြစ်တာကြောင့် ကုန်သွယ်ရေးပြတ်တောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ လမ်းပြင်နေတဲ့ စီမံကိန်းကာလအတွင်း နေ့လယ် ၁၂ နာရီတစ်ကြိမ်နဲ့ ညနေ ၅ နာရီမှာ တစ်
ကြိမ် ကားလေးတွေကိုပဲ ဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့ သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုကတော့ လုပ်ငန်းလုပ်နေတဲ့အတွက် ၁၂ နာရီ ထမင်းစားချိန်နားရင် ကားလေးတွေ ပေးသွားတယ်၊ ညနေ ၅ နာရီနားရင် ပေးသွားတယ်၊ ကားကြီးတွေတော့ ဖြတ်လို့မရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် လမ်းပြုပြင်နေတဲ့ စီမံကိန်းကလည်း မိုးတွင်းကာလဖြစ်တာကြောင့် မြေသားပျော့နေတဲ့အတွက် အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။
“သူတို့က ၄၅ ရက်အတွင်းပြီးမယ်လို့ ခန့်မှန်းထားတယ်ပေါ့၊ ဒါပေမယ့် စီမံကိန်းဘယ်တော့ ပြီးမလဲဆိုတော့ ခန့်မှန်းမရပါဘူး။ ရာသီဥတုအပေါ် မူတည်တာပဲ၊ မိုးအပေါ်မူတည်တာပေါ့။ မိုးတအားရွာရင်တော့ ဘာမှလုပ်မရဘူးပေါ့၊ ကားတွေ နစ်နေတာပဲပေါ့ သွားလို့ ဘယ်လိုမှ မရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ လမ်းပြိုကျမှုကြောင့် ကုန်စည်တင်ပို့သူတွေ၊ ခရီးသွားတွေဟာ လမ်းဟောင်းတွေဖြစ်တဲ့ ထို့ကော်ကိုး-နဘူး လမ်းပိုင်း၊ ဒေါနတောင်လမ်းပိုင်းတို့ကနေ ပတ်သွားနေရပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း မြင့်တက်နေတယ်လို့ ထိုင်းကုန်စည်တွေ တင်သွင်းရောင်းချသူတွေဆီက သိရပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ လမ်းဟောင်းကို အသုံးပြုရတဲ့အတွက် ကုန်ကျစရိတ်က သုံးဆခန့် မြင့်တက်သွားတယ်လို့ ထိုင်းကုန်စည်တွေ တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
“ပုံမှန် အာရှလမ်းကနေဆို ပစ္စည်းဟိုဘက်က ပို့လိုက်ပြီဆို တစ်ရက်တည်းနဲ့ ရန်ကုန်ရောက်တယ်လေ၊ အခုကတော့ လမ်းဟောင်းကနေ ပတ်သွားရင် သုံးရက်လောက်ကြာတယ်၊ အဲ့ဒါကလည်း သိပ်မသေချာဘူး၊ လုံခြုံစိတ်ချရမှု မရှိဘူးပေါ့၊ မိုးတွင်းဆို အဲ့ဒီလမ်းတွေကလည်းကားတွေ ပိတ်ဆို့တာတွေနဲ့ မြေပြိုတာတွေက ဆက်တိုက်ဖြစ်နေတယ်၊ ကုန်ကားကြီးတွေကတော့ အခုထိ သွားမရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပျက်စီးသွားတဲ့ လမ်းပိုင်းကို ယခုလ ၁၀ ရက်ကစတင်ပြီး မော်တော်ယာဉ်တွေ ယာယီသွားလာနိုင်ဖို့ ဘေလီတံတားထိုးနေပြီး လမ်းပြတ်ကျတဲ့နေရာ တစ်ဖက်တစ်ချက်စီကို ပေ ၃၀၀ ချဉ်းကပ်လမ်းသစ်ဖောက်လုပ်မှုတွေကို လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပျက်ကျနေတဲ့ အာရှလမ်းကို ဩဂုတ်လ ၂၂ ရက်က တွေ့မြင်ရစဉ်
ဓာတ်ပုံ – သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့
#Dailynews

