ရန်ကုန်-၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာရှိတဲ့ ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်က ငွေကျပ်တစ်ဘီလီယံနီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဗဟိုဘဏ်က လက်ခံသိမ်းဆည်းထားတယ်လို့ NUG က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
NUG ကြားကာလ ဗဟိုဘဏ်အနေနဲ့ ကောလင်း စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂.၃၄၃ အား လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်းမှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှုမရှိဖို့ စနစ်တကျစီမံခန့်ခွဲလျက်ရှိတယ်လို့ ဆိုပါတယ်။
ကြားကာလဗဟိုဘဏ်အနေနဲ့ သိမ်းပိုက်ရရှိတဲ့ နယ်မြေအတွင်းက နိုင်ငံပိုင်ဘဏ်တွေရဲ့ ပရိဝုဏ်၊ အဆောက်အဦ၊ ဘဏ်ဝန်ထမ်း၊ ဘဏ်အတွင်းကငွေသား၊ ဘဏ်ငွေတိုက်ကငွေသား၊ ဗဟိုဘဏ်အတွင်းကငွေသား၊ စာရင်းမှတ်တမ်းတွေ စာချုပ်စာတမ်းတွေ၊ ပေါင်နှံစာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အသေးစိတ်ကို သတ်မှတ်ထားသလို ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လိုက်နာအကောင်အထည်ဖော်ဆောင်မှုကို ကြပ်မတ်စီမံလျက်ရှိတယ်လို့ ဒီနေ့ထုတ်ပြန်ထားပါတယ်။
ကောလင်းမြို့ကို အခုလ ၆ ရက်က NUG ရဲ့ အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲမှုအစီစဉ်နဲ့ KIA ၊ PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီကတော့ ကောလင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ မြေပြင်ကော၊ ဝေဟင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကာကွယ်ရေးအဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး အခုလ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ဦးထပ်မံကျဆုံးခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ က မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တို့ကိုလည်း သိမ်းပိုက်ရရှိတာ အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ပုံစာ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်မြင်ကွင်း။
ဓာတ်ပုံ-ကြားကာလဗဟိုဘဏ်

