ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၁၈ (မော်ကွန်း)
မိုခါမုန်တိုင်းအပြီး နှစ်လကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်ကဒေသခံတွေ အကူအညီလိုအပ်ချက်တွေ မြင့်မားနေဆဲဖြစ်တယ်လို့ ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။
“ ဒေသခံအချို့ဟာ အခုချိန်ထိ ယာယီအမိုးအကာတွေအောက်မှာပဲရှိသေးတယ်။ မိုခါမုန်တိုင်းဖြစ်သွားတယ်ဆို အခြေခံအားဖြင့် အရေးပေါ်စားနပ်ရိက္ခာသုံးလစာထောက်ပံ့ရမှာ။ အခုချိန်ထိဘယ်မြို့နယ်၊ ဘယ်ရွာကမှမရသေးဘူး။ အရေးပေါ်အကူအညီပေးရေးတောင်မလုပ်နိုင်ခဲ့တာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆိုတာ ဘာမှမတွေ့ရသေးဘူး ”လို့သူကပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ ရခိုင်ပြည်နယ်မြို့နယ်အများအပြားက စစ်ရှောင်စခန်းတွေရဲ့ ယာယီတဲ ၁,၇၀၀ နီးပါး ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သလို အရေးပေါ်အမိုးအကာနဲ့တာပေါ်လင်စတွေ မုန်တိုင်းတိုက်ပြီးနှစ်လအကြာတဲ့ထိ လိုအပ်နေတယ်လို့ ဇူလိုင် ၁၅ ရက်ကထုတ်ပြန်ပါတယ်။
“အကူအညီတွေကတော့ မုန်တိုင်းတိုက်ပြီးကတည်းကအတိုင်းပဲ ဘာမှမရောက်သေးဘူး။ ဖြစ်သလိုစား ဖြစ်သလိုနေနေကြတာ။ ဘုန်းဘုန်းတို့ကျောင်းဆိုလည်း မိုးတွေရွာ အမိုးတွေလန်ကုန်လို့ အခုစစ်တွေမှာလာနေနေရတယ်၊ ပြန်ပြင်ဖို့လည်းမတတ်နိုင်သေးဘူး”လို့ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာက ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။
ဇူလိုင် ၁၄ ရက်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းအထက်ဟာ အမိုးအကာအောက်ရောက်ရှိနေပြီး မရရှိသေးတဲ့ဒေသခံတွေကိုလည်း အမိုးအကာတွေပေးဖို့ အမြန်ဆုံးဆောင်ရွက်နေတယ်လို့ဖော်ပြပါတယ်။
စစ်ကောင်စီကတော့ မိုခါမုန်တိုင်းအပြီး နှစ်လအကြာမှာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၀ ခု ရဲ့ မြို့ပေါ်ရပ်ကွက်တွေ နဲ့ ကျေးရွာတစ်ချို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီလို့ ဇူလိုင် ၁၃ ရက်မှာထုတ်ပြန်ပါတယ်။
UNOCHA Myanmar ရဲ့စာရင်းတွေအရ မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေက သောက်သုံးရေကန် ၂၄၆ ခု နဲ့ ရေတွင်း ၇၀ ကျော်ပျက်စီးသွားခဲ့တယ် လို့ ဖော်ပြပါတယ်။
လက်ရှိမှာ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦးနဲ့ ပေါက်တောမြို့နယ်တွေကို သောက်ရေလီတာငါးသိန်းခွဲကျော်ကို ကုန်းလမ်းနဲ့ရေလမ်းကတစ်ဆင့် ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကစလို့ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားပြီး မုန်တိုင်းမဖြစ်ခင်ကကူညီထောက်ပံ့တဲ့အစီအစဉ်တွေကလွဲလို့ မုန်တိုင်းဖြစ်ပြီး နှစ်လကျော်ကြာ လာတဲ့အထိ အရေးပေါ် အကူအညီပေးရေးတွေကို မလုပ်ဆောင်နိုင်သေးဘူးလို့ UNOCHA Myanmar ကဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP Myanmar)လို့အဖွဲ့အစည်းတွေ ရဲ့ ကူညီပေးရေးအစီအစဉ်တွေဟာလည်း ကြန့်ကြာသွားခဲ့တယ်လို့ ဦးခိုင်ကောင်းစံကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဝင်ရောက်ခဲ့တာ နှစ်လကျော်လာပြီဖြစ်သလို စစ်ကောင်စီအနေနဲ့လည်း နိုင်ငံတကာအကူအညီတွေကို လွတ်လပ်စွာသွားလာခွင့်ပေးသင့်တယ်လို့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
ပုံစာ- မိုခါမုန်တိုင်းအပြီး ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာအပျက်အစီးမြင်ကွင်း
Photo : ဦးကောင်း
#Dailynews

