ဓာတ်ပုံ-မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
မင်းလွင်ရေးသည်။
(အောက်ဖော်ပြပါ သတင်းဆောင်းပါးမှာ ၂၀၁၇ ဧပြီထုတ် မော်ကွန်းမဂ္ဂဇင်း (အမှတ် ၄၅) တွင်ဖော်ပြပါရှိသည့် ဆောင်းပါးအား အကျဉ်းချုံးထားခြင်းဖြစ်သည်။)
ရန်ကုန်(ဧပြီ၊ ၂ဝ၁၇)
ကျောက်တန်းမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ အသားညိုညို၊ ပိန်ပိန်ပါးပါးနှင့် အရပ်မနိမ့်မမြင့်ရှိသော အမျိုးသမီး တစ်ယောက်က တစ်လသားအရွယ်ကလေးငယ်ကို ပွေ့ချီထားသည်။ သူနှင့်အတူ လူဆယ်ဦးခန့်လည်း ရှိနေကြသည်။
အမျိုးသမီးထံမှ ရှိုက်သံသဲ့သဲ့ထွက်ပေါ်လျှက်ရှိကာ ပါးပြင်ထက်တွင်လည်း မျက်ရည်တို့စီးကြလျှက်ရှိသည်။ ရင်ခွင်ထဲမှ ကလေးငယ်ကို ငုံကြည့်ကာ ရှိုက်၍သာငိုနေ၏။ ပြီးနောက် သူ့ရင်ခွင်ထဲမှကလေးကို အမျိုးသားတစ်ဦးထံ လက်လွှဲပေး လိုက်သည်။
ထိုအမျိုးသားက ကလေးကိုချီကာ ကားပေါ်သို့လှမ်းတက်လိုက်၏။ အမျိုးသမီးမှာ သူ့လက်ထဲကပါသွားသော ကလေး ကိုလည်းလှမ်းမကြည့်၊ စကားလည်းတစ်ခွန်းမှမဆို ၊ ခေါင်းကိုသာအောက်စိုက်ကာ တွေတွေကြီး ရပ်နေလေ၏။ ပြီးနောက် ကားမထွက်ခင် ချာကနဲလှည့်ကာ လာရာလမ်းအတိုင်း ပြန်ထွက်သွားတော့သည်။
ကလေးအား လက်လွှဲယူခဲ့သူ ကိုဖိုးဇော်က “မိခင်တစ်ယောက်ရဲ့ ရင်ကွဲပက်လက်ခံစားနေရပုံဟာ အခုထိ မျက်စိထဲက မထွက်နိုင်ဘူး” ဟု သူလှမ်းတွေ့လိုက်ရသည့် မြင်ကွင်းကိုပြောပြသည်။
ကိုဖိုးဇော်သည် စွန့်ပစ်ကလေးများအရေးကို ဆယ်စုနှစ်တစ်ခုကျော်ကြာ အကူအညီ ပေးနေသူတစ်ဦးဖြစ်ပြီး ယခု ကလေးကိုတော့ ၂ဝ၁၇ အတွင်း ငါးယောက်မြောက် လက်ခံရရှိခြင်းဖြစ်၏။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရသည့်ကလေးအရေအတွက်နှင့် ကလေးစောင့်ရှောက်သည့်ဂေဟာများ နှစ်စဉ်တိုးလာနေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနအပါအဝင် အကူအညီပေး နေသူများက ဆိုကြပါသည်။
အစိုးရအသိအမှတ်ပြုမဟုတ်သည့် စွန့်ပစ်ကလေးနှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာအရေအတွက်မှာလည်း ပြီးခဲ့သည့် ၂ဝ၁၃ တွင် ၁၁ဝ ရှိခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းတွင် ၁၈၂ ခုရှိလာသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနကဆိုသည်။
ကလေးစွန့်ပစ်သည့်အကြောင်းအရင်းများတွင် မိသားစုစားဝတ်နေရေးအဆင်မပြေမှု၊ သမီးရည်းစားဘ၀ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရာမှ ဖခင်အဖြစ်တာဝန် မယူလိုမှုနှင့် အခြားသောလူမှုရေးအရှုပ်အရှင်းတစ်ခုခုကြောင့် စွန့်ပစ်ခြင်းဖြစ် သည် ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးနှင့် လူငယ်စောင့်ရှောက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ဆက်ပြောသည်။
စားဝတ်နေရေး အဆင်မပြေမှု
ကိုဖိုးဇော်ထံဆက်သွယ်လာသည့် လယ်သူရင်းငှားအမျိုးသမီးဆိုလျင် ကလေးသုံးယောက်ရှိသည်။ အကြီးနှစ် ယောက်မှာ နှစ်နှစ်ခွဲနှင့် တစ်နှစ်ကျော်အရွယ်များဖြစ်ကာ အငယ်ဆုံးကလေးက တစ်လသာရှိသေးသည်။ ကလေး မွေးပြီး ရက်အနည်းငယ်အကြာတွင် ခင်ပွန်းဖြစ်သူ နေမကောင်းးဖြစ်ကာ ဆုံးပါးသွားခဲ့သည်။ ထို့ကြောင့်လည်း ကလေး သုံးဦး နှင့်မိသားစုတာဝန်ကို သူတစ်ဦးတည်းက အလုံးစုံ တာဝန်ယူရတော့သည်။
လူမမယ်ကလေးငယ်များကို အိမ်တွင်စောင့်ရှောက်မည့်သူမရှိသောကြောင့် လယ်ယာလုပ်ငန်းခွင်သို့ သွားတိုင်း ကလေးတွေကိုပါ အတူခေါ်သွားရသည်။ အလုပ်လုပ်သည့်အခါ ကလေးတွေကို ယာခင်းအစပ်ရှိ သစ်ပင်အရိပ် ၌ ထားကာ အလုပ်လုပ်ရသည်။
ကလေးငိုလျှင် လုပ်လက်စအလုပ်ကိုခေတ္တရပ်ပြီး သစ်ပင်ရိပ်သို့ပြေး၍ နို့တိုက်လိုက်၊ ကလေးအငိုတိတ်လျှင် အလုပ်ပြန်ပြေးလုပ်လိုက်နှင့်ရှိ၏။ ထို့ကြောင့်လည်း ရွာထဲမှ မိတ်ဆွေများက မနိုင်ဝန်ထမ်းရသည့် သူ့ကိုနောက်ဆက် တွဲကြုံတွေ့ရမည့် ကလေးသုံးဦး၏အနာဂတ်နှင့် သူ့ကျန်းမာရေး ထိခိုက်လာမည်ဟုဆိုကြပြီး စွန့်ပစ်ကလေးများအရေး ကူညီဆောင်ရွက်ပေးနေသူများနှင့် ဆက်သွယ်ရန် အကြံပေးကြသည်။
သူ့ရွာက facebook အသုံးပြုသူတစ်ဦးကလည်း စွန့်ပစ်ကလေးများကို အကူအညီပေးနေသည့် ကိုဖိုးဇော်ကို ဆက် သွယ်နိုင်မည့် ဖုန်းနံပါတ်ကိုပေးခဲ့သည်။ ထို့ကြောင့် ကိုဖိုးဇော်နှင့်ဆက်သွယ်ကာ အငယ်ဆုံးကလေးအား မွေးစားရန် လွှဲပြောင်းပေးခဲ့လိုက်ခြင်းဖြစ်သည်။
လူမမယ်ကလေးငယ်များအား စွန့်ပစ်ကြရာတွင် ထိုသို့မိသားစုစားဝတ်နေရေး အဆင်မပြေမှုကြောင့် စွန့်ပစ်သည်များ ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမှုရေးပြဿနာအချို့ကြောင့် စွန့်ပစ်သည်များလည်း ရှိကြသည်။
လူမှုရေးအရှုပ်အရှင်းတို့ကြောင့် ကလေးစွန့်ပစ်မှုနှင့် မိသားစုစားဝတ်နေရေးအဆင်မပြေ၍စွန့်ပစ်မှုတို့မှာ ဖြစ်စဉ်များ၏ ထက်ဝက်နီးပါး ရှိကြောင်း ကိုဖိုးဇော်နှင့် ဦးဇော်ထွန်းတို့က သူတို့၏အတွေ့အကြုံများကို အခြေခံကာ မှတ်ချက်ပေးကြ သည်။ လူမှုဝန်ထမ်းဦးစီးဌာနကလည်း ယင်းအချက်အား အတည်ပြုသည်။
မှန်ကင်းအမှတ် ၂ ပရဟိတကျောင်းမှ ကလေးများအားထားရှိသည့် ကျောင်းဆောင် ။ ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
စိတ်ဒဏ်ရာ
သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ တွဲဖက်ပါမောက္ခနှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ဒေါက်တာဆန်းလင်းက စွန့်ပစ်ခံကြရသည့် ကလေးငယ်များတွင် စိတ်ပိုင်းဆိုင်ရာခံစားမှုများ ပိုမိုပြင်းထန်နိုင်ကာ အသက်ငယ်စဉ်ကပင် စိတ် ဒဏ်ရာများရရှိနိုင်သည်ဟု ဆိုသည်။ ထိုကလေးများမှာ ငူငူငေါင်ငေါင်ဖြင့် နေထိုင်သွားလာတတ်ခြင်း၊ တစ်ဦး တည်း သီးခြားနေလိုခြင်း စသည့်လက္ခဏာများကို အတွေ့ရများသည်ဟု သူက ဆက်ပြောသည်။
“သူတို့ကိုယ်တိုင်က မေတ္တာတရားကိုမရရှိတဲ့အခါကျတော့ လူ့ပတ်ဝန်းကျင်ကိုလည်း ချစ်ခြင်းမေတ္တာ ပေးရကောင်းမှန်း မသိတဲ့အထိ ဖြစ်တတ်ပါတယ်” ဟု ဒေါက်တာဆန်းလင်းက စိတ်ကျန်းမာရေးရှုထောင့်မှ သုံးသပ်သည်။
ယင်းအပြင် စွန့်ပစ်ခံကလေးများ၏စိတ်တွင် အမြဲလိုလို တစ်ခုခုအား စိုးရိမ်သည့်စိတ်၊ ကြောက်ရွံ့ အားငယ်သည့် စိတ်များ ကိန်းအောင်းနေတတ်သည့်အတွက် “သူတို့ဟာ လူ့အဝန်းအဝိုင်းထဲက အစိတ်အပိုင်းလေးတွေ ဖြစ်တယ်ဆို တဲ့ စိတ်ခံစား မှုမျိုးရလာအောင် ဖေးမပေးသင့်တယ်” ဟု သူက အကြံပြု၏။
အမှိုက်ပစ်သလို မပစ်ဖို့
ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် ပြီးခဲ့သည့် ၂၀၁၆ က ကလေးစွန့်ပစ်သည့်အမှု ခြောက်မှုရှိခဲ့ပြီး ယခုနှစ် ဆိုလျှင် သုံးလ မပြည့်မီအချိန်မှာပင် ငါးမှုအထိရှိနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုပါသည်။
စွန့်ပစ်ကလေးများအရေး ကူညီဆောင်ရွက်ပေးနေသူများကတော့ ယခုကဲ့သို့ လမ်းဘေးတွင်ဖြစ်သလိုစွန့်ပစ်နေမှုများ လျော့နည်းလာစေရန် မစွန့်ပစ်မီကတည်းက မွေးစားနိုင်မည့် အဖွဲ့အစည်းတစ်ခုခုနှင့် ချိတ်ဆက်ဆောင်ရွက် သင့် သည်ဟု ၎င်းတို့က ဆိုကြသည်။
အလင်းသစ်ဦးတည်ရာဂေဟာမှ ဦးဇော်ထွန်းကတော့ စွန့်ပစ်ပြီးချိန်မှ ကလေးအားသွားကောက်သည်ထက် မပစ်မီ အချိန်ကတည်းက ကာယကံရှင်များနှင့် စကားပြောဆိုညှိနှိုင်းမှု လုပ်သင့်သည်ဟု သူက အကြံပြုသည်။ သို့မှသာ ကလေး ငယ်များ အသက်အန္တရာယ် ကင်းနိုင်သည့်အပြင် သူတို့၏ အနာဂါတ်အတွက်ပါ ပိုမိုကောင်းမွန်စေမည်ဟု ဆိုသည်။
“ ခုလိုလုပ်ကြတယ်ဆိုကတည်းက အကြောင်းတစ်ခုကြောင့်ဆိုတာသေချာတယ်။ ဒါကိုကျွန်တော်တို့ ဝိုင်းဝန်း ဖြေရှင်း နိုင်မလားဆိုတာက ပြောကြည့်မှပဲ သိနိုင်မှာ” ဟု သူကဆက်ပြောသည်။
အလင်းသစ်ဦးတည်ရာ မိဘမဲ့ကလေးကူညီထောက်ပံ့ရေးဖောင်းဒေးရှင်းမှ စောင့်ရှောက်ထားသည့် ကလေးငယ်အချို့။ ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
ပြင်ဆင်ရမည့် ဥပဒေ
ကလေးသူငယ်များ၏ အခွင့်အရေးများအား လျစ်လျူရှုကာ စွန့်ပစ်နေမှုများကို ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်ရန် လက်ရှိကလေးသူငယ်ဥပဒေကို ပြင်ဆင်ရန်လိုအပ်မည်ဟု လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများက ထောက်ပြကြသည်။
၎င်းဥပဒေသည် ကလေးသူငယ်များကို မွေးစားပြီးနောက်ပိုင်းဖြစ်စဉ်များနှင့် ပိုမိုသက်ဆိုင်သည်ကိုတွေ့ရပြီး ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၁၇ အရ အသက် ၁၂ နှစ်အောက်ကလေးကို မိဘနှစ်ပါး သို့မဟုတ် ထိန်းသိမ်းသူ တစ်ဦးဦးက စွန့်ပစ်ခဲ့လျှင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ထို့ကြောင့် ပြစ်မှုပြစ်ဒဏ်များအား ခေတ်ကာလနှင့် လျော်ညီအောင် တိုးမြင့်ပြင်ဆင်မှသာ ကလေး၏ အသက် ရှင်သန်ခွင့်ကို ချိုးဖောက်ကာ စွန့်ပစ်သည့်မိဘများအား ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင်မည်ဟု လူမှု ဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူး ဦးမျိုးဆက်အောင်က ပြောသည်။
“ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်တယ်ဆိုတာကလည်း လူတွေရဲ့ကျူးလွန်လိုတဲ့စိတ်ကို တစ်စုံတစ်ရာဟန့်တားရာ ရောက်တဲ့အတွက် အထောက်အကူဖြစ်နိုင်မယ်လို့ ယူဆပါတယ်” ဟု သူက သုံးသပ်သည်။
လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းအား ရေးဆွဲလျှက်ရှိသည်ဟု ဦးမျိုးဆက်အောင်က ဆက်ပြောသည်။
မှန်ကင်းအမှတ် ၂ ပရဟိတကျောင်းမှ ကလေးများအား စောင့်ရှောက်ထားရှိသည့် ကျောင်းဆောင်အချို့ ။ ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
မဖြေရှင်းပေးသ၍
လက်ရှိတွင် မှန်ကင်းပရဟိတကျောင်းနှင့်ချိတ်ဆက်ကာ စွန့်ပစ်ကလေးများအား စောင့်ရှောက်ပေးနေသည့် ကိုဖိုးဇော် ကတော့ ကလေးများ၏ဝေယျာဝစ္စအလုပ်များနှင့်သာ သူ၏အချိန်အများစုကို ကုန်ဆုံးစေသည်။ ကလေးများအတွက် နို့မှုန့်အပါအဝင် လိုအပ်သည့်အာဟာရ၊ အဝတ်အစားနှင့်အသုံးအဆောင်အပြင် နေစရာဂေဟာငယ်လေးများ ရရှိနိုင် စေရန် နေ့ မအားညမနား လုပ်ကိုင်ရသည်ဟု သူကရှင်းပြ၏။
ကလေးများနှင့်အတူရှိချိန်ဆိုလျှင်လည်း ‘ကလေးကငို သေးကစို’ ဆိုသကဲ့သို့ တစ်ဦးအားနို့ဗူးတိုက်ချိန် ကျန်ကလေး တစ်ဦးက ဂျီကျကာအော်ချင်ထအော်တတ်ပြန်သည်။ အော်သည့်ကလေးအားချော့မြူနေစဉ် နောက်တစ်ဦးက ပုံစံတစ်မျိုးမျိုးဖြင့် အော်လိုက်ဟစ်လိုက် လုပ်ပြန်သည့်အတွက် လက်ထဲကကလေးကိုချ၍ နောက်တစ်ယောက်ကိစ္စ ရှင်းရပြန်နှင့် လက်မလည်အောင် ရှိတော့၏။
သို့သော် အပြစ်ကင်းသည့်ကလေးငယ်များကို သူကချစ်သည်။ သူတို့လေးတွေ၏ဘဝကို စာနာသည်။ သနားကျင်နာ ဂရုနာသက်မှုလည်း ဖြစ်ရသည်ဟု သူကဆိုသည်။ ထို့ကြောင့်လည်း သူက သည်ကလေးများ၏အရေးကို တွေးဆ ကာ ယခုလို ပြောဆိုလိုက်ပါသည်။
“စွန့်ပစ်ရတဲ့အကြောင်းအရင်းကို မဖြေရှင်းနိုင်သ၍တော့ ကလေးတွေလမ်းပေါ်ရောက်(စွန့်ပစ်ခံနေရ)နေဦးမှာပဲ” ။ ။
အဆိုပါဆောင်းပါ အပြည့်အစုံကို ၂၀၁၇ ဧပြီထုတ် မော်ကွန်းမဂ္ဂဇင်း (အမှတ် ၄၅) တွင် ဖတ်ရှုနိုင်ပါသည်။ မော်ကွန်းမဂ္ဂဇင်းကို အောက်ပါ စာအုပ်ဆိုင်များတွင် ရရှိနိုင်ပါသည်။
- အင်းဝစာပေ – အမှတ် ၂၄၆ ၊ အခန်း(၂၀၁၊ ၃၀၁) ပန်းဆိုးတန်းလမ်း နှင့် အမှတ်(၁၈) ၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း
- ရာပြည့်စာပေ- အမှတ် ၂၆၂၊ ခ ၊ ပန်းဆိုးတန်းလမ်း၊
- TAB Book Centre ၊ တော်ဝင်စင်တာ ၊ ၆ လွှာ ၊ ပဲခူးကလပ်၊
- Today စာပေ ၊ အမှတ်(၅၁၄ ၊၅၁၆ ) ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ကျောက်တံတားမြို့နယ်။
- စာပေလောက ၊ အမှတ်(၃၂) ၊ ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း။
- စာပေလောက (၂) ၊ အမှတ်(၂၆၂ ၊ စီ) ၊ အထက်ပန်းဆိုးတန်းလမ်း။
- စာပေလောက(၅) ၊ အမှတ်(၁၃၈၊ ၁၄၀) ပ- ထပ် ၊ ပန်းဆိုးတန်းလမ်းအလယ် ၊ (အနော်ရထာ -ဗန္ဓုလ)
- စာပေလောက(၈)၊ အမှတ်( ၂၂) ကျားကွက်သစ်လမ်း၊ ဓမ္မဝိဟာလမ်းထိပ်၊ ကျောက်မြောင်း။
- စာပေလောက(တောင်ဥက္ကလာပ)၊ အမှတ် ၃၆ အေ ၊ သုမင်္ဂလာလမ်း၊ ပဒေသာမှတ်တိုင်။
- စာပေလောက(မြောက်ဥက္ကလာပ)၊ အမှတ် ၈ ဒီ၊ ခေမာသီလမ်း၊ ဈ ဈေးမှတ်တိုင်။
- စာပေလောက (ရန်ကင်း) ၊ အမှတ်( ၁၀၁) ၊ အ.ထ.က(၁) ကျောင်းရှေ့၊ ၁၂ လုံးတန်းမှတ်တိုင်၊ ရန်ကင်းလမ်း။
- ရန်အောင်စာပေ၊ ၁၂ လုံးတန်းမှတ်တိုင်၊ ရန်ကင်း။
- ပါရမီ စာပေ၊ အမှတ်(၂၃၀) ၂၉ လမ်း အထက်။
- ကိုလတ်စာပေ၊ အမှတ်(၂၀၀) ၊ ၃၁ လမ်း အထက်။
- စောဦးစာပေ၊ အမှတ်(၁၆၉)၊ ၃၁ လမ်း အထက်။
- ပန်းရွက်ဝေစာပေ၊ အမှတ်(၂၀၃)၊ ၃၂ လမ်းအထက်။
- ကျော်သိန်းစာပေ၊ အမှတ်(၂၁၄-၂၁၈ ) ၊ ၃၂ လမ်း အထက်။
- နေစေးစာပေ၊ အမှတ်(၁၉၅)၊ ၃၂လမ်း အထက်။
- ခေတ်သစ် ၊ အမှတ်(၄၇၀)၊ မဟာဗန္ဓုလလမ်း၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား။
- ပန်းဆက်လမ်း ၊ အမှတ်(၀၀၃) ၊ ဇင်္ဂမလမ်း၊ ဇင်္ဂမအိမ်ရာ၊ သာကေတမြို့နယ်။