၂၀၁၄၊ ဇူလိုင်-သြဂုတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။
သက်ဦးမွန်၊ဉာဏ်လင်း ရေးသည်။ ခင်မောင်မြင့် ပံ့ပိုးသည်။
နာဂစ်ဆိုင်ကလုန်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် က ရွာများအဖို့ မိုးကာလသည် ထိတ်လန့်စရာကောင်းသော ကာလတစ်ခု ဖြစ်နေဆဲပါ။ယခုလို မိုးကာလရောက်လာလျှင် မိုးလေဝသသတင်းကို အမြဲမပြတ် နားထောင်ကြရသကဲ့သို့ ကြိုတင်ပြင်ဆင်မှုများကိုလည်း ဂရုတစိုက်လုပ်ကြ ရသည်။
ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲအတွင်းရှိ ရွာပေါင်း ၁၄ ရွာ၏ အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုလျှင် ယခုရက်ပိုင်းအတွင်း အလုပ်တော်တော်များလျက်ရှိသည်။ သူအုပ်ချုပ်သည့် ကျေးရွာ များအတွက် ဦးမြင့်ကြည် လောလောဆယ် အလိုအပ်ဆုံးအရာက သူတို့ဒေသတစ်ကြောတွင် ‘ဟွန်း’ ဟု ခေါ်ဝေါ်နေကြသည့် အသံ ချဲ့စက်ပင်ဖြစ်သည်။
ဦးမြင့်ကြည် အသံချဲ့စက်လိုချင်သည်မှာ အရေးပေါ် မိုးလေ ဝသသတင်းများကို အမြန်ဆန်ဆုံး ထပ်ဆင့်ကြေညာပေးနိုင်ရန်ဖြစ်ပါသည်။ ထိုသတင်းမျိုးက ချိတ်ဆက်မှုမြန်လေ အကျိုးသက် ရောက်မူရှိလေဆိုသည်ကို ဦးမြင့်ကြည် ကောင်းကောင်းသဘော ပေါက်ထားသည်။ ဦးမြင့်ကြည်အုပ်ချုပ်ရသော ရွာများသည် တစ်ရွာနှင့်တစ်ရွာ တစ်မိုင်မရှိတရှိကွာဝေးရာ အရေးအကြောင်း ဆက်သွယ်ဖို့အတွက် အသံချဲ့စက်မှာ မရှိမဖြစ်လိုအပ်သည်ဟုဆို သည်။
ထို့အတွက် လိုအပ်သည့် အသံချဲ့စက်အရေအတွက်က တစ်ရွာတစ်လုံးကျဖြစ်သည်။ သို့သော် လက်ရှိတွင် ၁၄ ရွာလုံး အတွက် အသံချဲ့စက်နှစ်လုံးသာ ရှိနေသေးသည်ဟုဆိုသည်။”တကယ့်တကယ်ဖြစ်လာရင် မလုံလောက်ဘူး။ အသက် ဆုံးရှုံးနိုင်ခြေကတော့ အများကြီးရှိတယ်”ဟု ဦးမြင့်ကြည်က စိုးရိမ်နေသည်။
”ကိုယ့်အင်အားလေးနဲ့ပဲ ကိုယ့်ကျေးရွာက လူတွေ ဘယ် လောက်ကာကွယ်နိုင်မလဲ။ နိုင်သလောက်ပဲလုပ်ထားရတာ”
အိမ်ခြေပေါင်း ရှစ်ရာကျော်ရှိသည့် ချောင်းဝရွာနှင့် အနီး ပတ်ဝန်းကျင်ကို ဇွန်တတိယပတ်အတွင်း ကျွနု်ပ်တို့ ရောက်သွား တုန်းက မိုးတွင်းဖြစ်သည့်အားလျော်စွာ မိုးတွေအုံ့ဆိုင်းနေသည်။
ယခုလို မိုးတွေအုံ့လာပြီ၊ လေတွေထန်လာပြီဆိုလျှင် လွန်ခဲ့သော ခြောက်နှစ် (၂ဝဝ၈ ခုနှစ်၊ မေ ပထမပတ်) တုန်းက ဒေသခံများ၏ ရင်ဘတ်ထဲ နာဂစ်ဆိုင်ကလုန်း ရိုက်ထည့်ခဲ့သည့် ကြောက်ဆူး များက အလိုလိုပြန်ပေါ်လာလေ့ရှိသည်။
ထိုစဉ်တုန်းက ဒီဘက်ဒေသတွေမှာ မုန်တိုင်းတစ်ခုတည်း မဟုတ်ဘဲ မုန်တိုင်းနှင့်အတူ ပင်လယ်ကြီးပါ ကုန်းပေါ်တက်လာခဲ့ သည်။ ကုန်းပေါ်မှ ပင်လယ်ကြီးဆင်းသွားချိန်တွင်တော့ သူ့လမ်း ကြောင်းပေါ်ရှိ သက်ရှိသက်မဲ့တို့ကို ဖြိုဖဲ့၊ တိုက်စား၊ လှည်းကျင်း သွားရာ လူပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ သေဆုံးပျက်စီး သွားကြသည်။
သတင်းအချက်အလက်လုံလုံလောက်လောက် မရရှိမှုနှင့် ကြိုတင်ပြင်ဆင်မှုတွေလည်း မရှိခဲ့ကြသောကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လူပေါင်း တစ်သိန်းလေးသောင်း ကျော် သေကြေပျောက်ဆုံးခဲ့ပြီး လူနှစ်သန်းကျော်ဒုက္ခရောက်ခဲ့ ရပါသည်။ သဘာဝဘေးနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံသည် နာဂစ် မုန်တိုင်းမဖြစ်ခင်အထိ အမှုမဲ့အမှတ်မဲ့နေခဲ့သော နိုင်ငံဖြစ်သည်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကြား (ပေါင်မုန့်အချပ်နှစ်ချပ်ကြား ညပ်နေသည့် အသားပြားကဲ့သို့) ကျပ်ညပ်နေသည့် နိုင်ငံဧရိယာစတုရန်းမိုင် ၂၆၁,၉၆၉ ကျယ်ဝန်းသော မြန်မာနိုင်ငံသည် ရာသီဥတုနှင့် ဆက် စပ်သော ဘေးအပါအဝင် များပြားလှသော သဘာဝဘေး အန္တရာယ်အပေါင်း၏ ထုထောင်းခြေမွခံရမည့် အခြေအနေနှင့် အချိန်ပြည့်ရင်ဆိုင်နေရပါသည်။
၂ဝ၁၄ ခုနှစ် က္ဘာ့ရာသီဥတုဘေးအန္တရာယ်အညွှန်း (Global Climate Risk Index 2014) အမည်ရှိ အစီရင်ခံစာ အဆိုအရ ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးရွားဆုံးထိခိုက် သည့်နိုင်ငံ ဆယ်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ဒုတိယနေရာ တွင် ရှိနေသည်ဟု ဆိုပါသည်။
ပထမနေရာတွင်ရှိသည့်နိုင်ငံက ဟွန်ဒူးရပ်စ်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ အောက်က တတိယနေရာတွင်လိုက်သည့် နိုင်ငံက ဟေတီနိုင်ငံဖြစ်သည်။(ယင်းအစီရင်ခံစာက ၁၉၉၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ နှစ် ၂ဝ အတွင်း ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ထည့် သွင်းတွက်ချက်ထားခြင်းဖြစ်သည်။)
နိုင်ငံ၏ နယ်နိမိတ်ဧရိယာအများစုကို တောင်ကုန်း၊ တောင်တန်းတွေက တံတိုင်းများသဖွယ် ကာရန်ထားသလောက် အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့တွင် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ရှိနေခြင်းကြောင့် ထိုဘက် အပိုင်းများတွင် ဟာလာဟင်းလင်းဖြစ်လျက်ရှိပါသည်။
သဘာဝဘေးများ
မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင် လယ်တု့ိနှင့်ထိစပ်နေသော ကီလိုမီတာ ၂,၄ဝဝ ခန့် ရှည်လျား သည့် ကမ်းရိုးတန်းရှိနေခြင်းကြောင့် ပင်လယ်ထွက် သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝသည့်နည်းတူ တစ်ဖက်တွင် မုန် တိုင်းဒဏ်နှင့် လှိုင်းဒဏ်တို့ကိုလည်း နှစ်စဉ်နီးပါးခံနေရသည်။
၂ဝဝဝ ပြည့်နှစ်နှောင်းပိုင်းမှစကာ မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ဘက်မှ မုန်တိုင်းတွေ နှစ်စဉ်နီးပါး ဝင်လာလျက်ရှိပါသည်။
ပြောင်းလဲဖောက်ပြန်လာသော ရာသီဥတုက ကျွနု်ပ်တို့ နိုင်ငံဆီကို မုန်တိုင်းတွေ သယ်ဆောင်လာတတ်သလို ¤င်းနှင့် အတူ မုန်တိုင်းဒီရေများကိုပါ ကုန်းပေါ်တွန်းတင်လေ့ရှိသည်။ တိုက်ခဲ့သမျှ မုန်တိုင်းများအနက်၊ တွန်းတင်ခဲ့သော မုန်တိုင်းဒီရေ များအနက် နာဂစ်မုန်တိုင်းနှင့် သူ၏ မုန်တိုင်းဒီရေတို့မှာ သမိုင်း တွင် ဖျက်ဆီးမှုအကြီးမားဆုံးဖြစ်ခဲ့ကြောင်း အာရှဒေသသဘာဝ ဘေး ကြိုတင်ပြင်ဆင်ရေးဌာန (Asia Disaster Preparedness Center – ADPC) က ၂ဝ၁ဝ ခုနှစ်က ထုတ်ဝေခဲ့သည့် ‘မြန်မာ နိုင်ငံ၏ သဘာဝဘေးများအကြောင်း’အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မေလလယ်မှ အောက်တိုဘာလလယ်အထိ ကြာမြင့်သော မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ချောင်းများနှင့် နီးသော နေရာများတွင် ရေကြီးရေလျှံမှုများ ကိုလည်း နှစ်စဉ်လိုလို ကြုံတွေ့နေရပါသည်။
တစ်ချိန်တည်းတွင် နိုင်ငံနှင့်အဝန်း အမြောက်အမြား တည်ဆောက်ထားသော ဆည်မြောင်းတာတမံများကလည်း ယင်းတို့ပတ်ချာလည်၌ နေထိုင်သူများကို ခြိမ်းခြောက်လျက် ရှိ နေပါသည်။မိုးရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့နှင့်အတူ နောက်က ကပ်ပါ လာနိုင်သည့် သဘာဝဘေးတစ်ခုက မြေပြို၊ တောင်ပြိုခြင်းပဲဖြစ် ပါသည်။
ဘူမိရုပ်သွင်အနေအထားအရ မြန်မာနိုင်ငံ၏ တောင် တန်းဒေသကြီးနှစ်ခုဖြစ်သော အနောက်ဘက်တောင်တန်းများ နှင့် အရှေ့ဘက်ကုန်းမြင့်ဒေသတို့သည် ပင်ကိုအားဖြင့် မတည် ငြိမ်သော အရပ်များဖြစ်ကြသည်။
မြင့်မတ်သော တောင်ကမ်းပါးများ၊ တည်ငြိမ်မှုနည်းသော ဘူမိဗေဒဆိုင်ရာဖွဲ့စည်းပုံနှင့် မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းမှု စသည်တို့ ပေါင်းစပ်သောအခါ ဤတောင်တန်းဒေသများသည် တောင်ကမ်းပါးပြိုကျမှု အန္တရာယ်များသော အရပ်ဒေသများ ဖြစ် လာကြသည်ဟု ADPC ၏ အစီရင်ခံစာက ဆိုပါသည်။
Photo: Zayar Hlaing ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး တွေ့မြင်ရသည့် ဟိုင်းကြီးကျွန်း
ယခုအခါ လူနေတိုးပွားခြင်းနှင့် လမ်းပန်းတိုးချဲ့တည် ဆောက်ခြင်းများကြောင့် လူတို့သည် အ္တရာယ်ကျရောက်နိုင် သောအရပ်များတွင် ပိုမိုနေထိုင်လာကြသဖြင့် အကျိုးဆက်အား ဖြင့် သဘာဝကြောင့်သာမက လူတို့၏ လုပ်ဆောင်မှုများကြောင့် လည်း အန္တရာယ်ကျရောက်စေနိုင်မှု ပိုမိုများပြားလာခဲ့သည်ဟု ADPC ၏ အစီရင်ခံစာက ဆိုထားသည်။
ဇူလိုင် ၁၃ တွင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့တစ်မြို့ဖြစ် သည့် တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံမှ မြေစာများ အိမ်တစ်လုံးနှင့် သုံးခန်းတွဲတန်း လျားတစ်လုံးပေါ် ပြိုကျသွားခဲ့သဖြင့် ဆယ်နှစ်အောက်ကလေး သုံးဦး အပါအဝင် လူခုနစ်ဦးသေဆုံးသွားခဲ့သည်ဟု နေ့စဉ် သတင်းစာများက ဖော်ပြကြသည်။
အချို့ပြည်နယ်များတွင်တော့ နှစ်စဉ်လိုလို မိုးရွာသွန်းမှု ကြောင့် တောင်တွေပြိုကျကာ ကားလမ်းပိတ်မှုတွေ ဖြစ်ပေါ် လေ့ရှိပါသည်။
မြစ်ချောင်းများပြားပြီး မိုးရွာသွန်းမှုများသော ဒေသများ၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကို တွေ့နေရချိန် မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဇုန်တွင်တော့ မိုးရေလုံလောက်စွာမရရှိမှုနှင့် မိုးခေါင်မှုများကို မကြာခဏကြုံတွေ့နေရသည်။
မန္တလေးတိုင်းဒေသကြီးဧရိယာထဲမှ ၆၈ ရာခိုင်နှုန်း၊ မကွေး တိုင်းဒေသကြီးထဲမှ ၅၆ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးထဲ မှ ၂ဝ ရာခိုင်နှုန်းတို့ပါဝင်သည့် ဤအပူပိုင်းဇုန်တွင်တစ်နိုင်ငံလုံး ထွန်ယက်စိုက်ပျိုးမြေအားလုံး၏ ၃၅ ရာခိုင်နှုန်းရှိသော်လည်း မိုးရေရရှိမှုမှာ အတော်ပင်နည်းလှပါသည်။
တစ်နိုင်ငံလုံး တစ်နှစ်တာ ပျမ်းမျှမိုးရွာသွန်းမှုမှာ ၂,၃၅ဝ ဒသမ ဝ၆ မီလီမီတာရှိသော်လည်း အပူပိုင်းဇုန်တွင် ၇၅ဝ မီလီမီ တာအောက်တွင်သာရှိသည်ဟု ADPC ၏ အစီရင်ခံစာက ဖော်ပြသည်။ တစ်နည်းပြောရလျှင် အပူပိုင်းဇုန်၏ ဧရိယာသည် နိုင်ငံဧရိယာ၏ ၁ဝ ရာခိုင်နှုန်းကျော်ရှိသော်လည်း တစ်နှစ်တာ ကာလပတ်လုံးရရှိသည့် မိုးရေချိန်မှာ တစ်နိုင်ငံလုံးစုစုပေါင်းမိုးရွာ သွန်းမှု၏ ၃ ဒသမ ၂ ရာခိုင်နှုန်းသာရရှိသည်ဟုဆိုပါသည်။
တစ်နိုင်ငံလုံးရှိ လူဦးရေအားလုံးပေါင်း၏ လေးပုံတစ်ပုံ မှီတင်းနေထိုင်ရာ ဤဒေသတွင် မြေဆီလွှာပြုန်းတီးလာခြင်း၊ သဲမြေဆန်လာခြင်းနှင့် မိုးခေါင်ရေရှားလာသည့်အတွက် သီးနှံ များ စိုက်ပျိုးရာတွင် ဖြစ်ထွန်းအောင်မြင်မှု လျော့နည်းလာပြီး စားနပ်ရိက္ခာအခက်အခဲပင်ဖြစ်ကြရသည်ဟု ပညာရှင်များက သတိပေး ထောက်ပြလာကြပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme- WFP) Save the Children ၊ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်စောင်အရ အပူ ပိုင်းဇုန်ရှိ အိမ်ထောင်စုအားလုံး၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်း (အိမ် ထောင်စု ငါးစုလျှင် တစ်စုနှုန်း) သည် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်နေရသည်ဟုဆိုပါသည်။
တစ်ချိန်တည်းတွင် မည်သည့်အချိန်ဖြစ်လာမည်ကို မည် သူမျှ အတိအကျဟောကိန်းထုတ်ရန် မတတ်နိုင်သည့် နောက် ထပ်ဘေးအန္တရာယ်တစ်ခုကလည်း မြန်မာနိုင်ငံတွင် ရှိနေပါ သည်။ ယင်းမှာ မြန်မာနိုင်ငံ၏အောက်တွင် အလျားလိုက်ခံနေ သော ငလျင်ကြောများပင်ဖြစ်သည်။
က္ဘာပေါ်တွင် လှုပ်ခဲ့သမျှ ငလျင်အားလုံး၏ ၉ဝ ရာခိုင်နှုန်း ဖြစ်ပွားရာ၊ လှုပ်ခဲ့သမျှ အင်အားပြင်းငလျင်အားလုံး၏ ၈ဝ ရာ ခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာပတ်ပတ်လည်နိုင်ငံတွေထဲက တစ်နိုင်ငံအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ကမ္ဘာ့ငလျင် ကြောကြီးနှစ်ခုရှိသည့်အနက် အယ်လ်ပိုက်ငလျင်ကြောပေါ်တွင် အလျားလိုက် ကျရောက်နေသော နိုင်ငံဖြစ်ပါသည်။
ထိုငလျင်ကြောသည် မြေထဲပင်လယ်မြောက်ပိုင်းမှစပြီး တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဟိမဝန္တာ၊ ထိုမှ မြန်မာနိုင်ငံကို မြောက်ဘက်ပိုင်းမှ တောင်ဘက်ပိုင်းသို့ အလျားလိုက်ဖြတ်ဆင်း ကာ အင်ဒိုနီးရှားနိုင်ငံ ဆူမတြား၊ ဂျာဗားအထိ ရှည်လျားသည့် ငလျင်ကြောကြီးဖြစ်ပါသည်။
”တစ်နိုင်ငံလုံးမှာ ဘယ်နေရာပဲဖြစ်ဖြစ် ငလျင်ဒဏ်ခံရနိုင် တဲ့ နေရာတွေချည်းပဲ။ လွတ်တဲ့နေရာ မရှိသလောက်ပဲ”ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်း က စိုးရိမ်မကင်း ပြောပြပါသည်။
မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းတို့အပြင် အခြားသဘာဝဘေးတစ်ခုလည်းရှိနေပါသည်။ ထိုသဘာဝဘေး ကို ကျွနု်ပ်တို့ နှစ်စဉ်နှစ်တိုင်း အကြိမ်အရေအများအပြားကြုံနေရပါသည်။ ယင်းမှာ မီးဘေးပင်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရင်ဆိုင်ကြုံတွေ့နေရသော ဘေး အန္တရာယ်များအနက် မီးဘေးသည် အဖြစ်အများဆုံးဖြစ်ပြီး သဘာဝဘေးဖြစ်စဉ်အားလုံး၏ ၇၁ ရာခိုင်နှုန်းရှိသည်ဟု ADPC ၏ အစီရင်ခံစာက ဖော်ပြသည်။
မုန်တိုင်းနှင့် ရေဘေးတို့မှာ ၁၁ ရာခိုင်နှုန်းနှင့် ၁ဝ ရာခိုင် နှုန်းအသီးသီးရှိပြီး ငလျင်လှုပ်မှုနှင့် မြေပြိုမှုတို့ကတော့ ၈ ရာခိုင် နှုန်းရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုပါသည်။ သဘာဝဘေးမျိုးစုံအနက် မုန်တိုင်းနှင့် ရေဘေးက ၁ဝ ရာ ခိုင်နှုန်းဝန်းကျင်သာရှိသော်လည်း ယင်းတို့ကြောင့် ထိခိုက်သေ ကြေရသည့်နှုန်းမှာ အများဆုံးဖြစ်သည်ဟု အစီရင်ခံစာအချို့က ဆိုပါသည်။
သဘာဝဘေးလျှော့ချရေး သတင်းအချက်အလက်များ ပံ့ပိုးပေးသော ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Prevention Web က မြန်မာနိုင်ငံအတွင်း ၁၉၈ဝ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ နှစ် ပေါင်း ၃ဝ အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအမျိုးမျိုးနှင့် ထိခိုက်သေဆုံးမှုများကို မှတ်တမ်းပြုစုထားချက်အရ ၎င်းနှစ်များ အတွင်း သေဆုံးသူအားလုံး၏ ၉၉ ဒသမ ၆ ရာခိုင်နှုန်းမှာ မုန် တိုင်းကြောင့် သေဆုံးကြသူများဖြစ်သည်ဟုဆိုပါသည်။
သဘာဝဘေးကြောင့် ထိခိုက်သူအရေအတွက်ကိုကြည့် မည်ဆိုလျှင်လည်း ထိုဆယ်စုနှစ်သုံးခုအတွင်း ထိခိုက်သူအားလုံး ၏ ၇၃ ဒသမ ၆ ရာခိုင်နှုန်းမှာ မုန်တိုင်းကြောင့်ဖြစ်ပြီး ၂ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ ရေကြီးမှုကြောင့်ဖြစ်သည်ဟုဆိုပါသည်။
သဘောကတော့ သဘာဝဘေးဖြစ်စဉ်အားလုံး၏ ၁ဝ ရာ ခိုင်နှုန်းဝန်းကျင်မျှသာရှိသော မုန်တိုင်းနှင့်ရေဘေးကြောင့် သေ ဆုံးရသူနှင့် ထိခိုက်ရသူအရေအတွက်သည် ကျန်ဘေးအန္တရာယ် များကြောင့် သေဆုံး၊ ထိခိုက်ရသူများထက် အရေအတွက် ပိုမိုများပြားသည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
အမျိုးမျိုးသော သဘာဝဘေးတို့၏ ခြိမ်းခြောက်မှုအောက် တွင် ဝပ်စင်းနေရသော မြန်မာပြည်သူလူထုကို ကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် အစောတလျင် လုပ်ဆောင်သင့်သည်ဟု ပညာရှင်များက သုံး သပ်ကြသည်။
”နေ့ညမဆိုင်းဘဲ အမြန်ဆုံးဆောင်ရွက်ရမယ့် အလုပ်လို့ တို့ကသတ်မှတ်တာပေါ့”ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (မိုးဇလ)၊ အငြိမ်းစားညွှန်ကြားရေးမှူးဒေါက်တာထွန်းလွင်က ဆိုသည်။
”ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဘာမှ ထဲထဲဝင်ဝင် လုပ်တာကိုမမြင်ရဘူး”ဟု သူက ဝေဖန်သည်။
ယခင်နှင့် ယခု
မိုးလေဝသခန့်မှန်းမှုအပိုင်းကိုကြည့်မည်ဆိုလျှင် လွန်ခဲ့ သော ခြောက်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက လက်ရှိအချိန်တွင် တိုး တက်မှုများကို တွေ့လာရသည်ဆိုနိုင်သည့်တိုင်အောင် အလွန် အားနည်းနေသေးသည်ဟု ဒေါက်တာထွန်းလွင်က ထောက်ပြပါသည်။
သူတာဝန်ယူစဉ်တုန်းကနှင့်စာလျှင်တော့ များစွာတိုးတက် လာသည်ဟု သူက ဆိုသည်။ မိုးဇလတွင် သူတာဝန်ထမ်းဆောင် စဉ်က အလွန်တရာ အခြေအနေဆိုးရွားသည်ဟု ဦးထွန်းလွင်က ပြောပြပါသည်။ နာဂစ်တုန်းက အခြေအနေကိုလည်း သူက ယနေ့အထိ မေ့မရနိုင်သည့် အဖြစ်အပျက်တစ်ခုဟုဆိုသည်။
”နာဂစ်ဖြစ်တုန်းက မြန်မာနိုင်ငံမှာ မုန်တိုင်းပြရေဒါ တစ် လုံးမှမရှိဘူး။ ဘယ်လောက်ခက်ခဲလဲ၊ တွေးကြည့်နိုင်ပါတယ်။ ဆရာတို့အနေနဲ့ ကြည့်တော့ကြည့်တာပေါ့။ မျက်စိမရှိတော့ မမြင်ရဘူးပေါ့။ ဆိုလိုတာကတော့ တစ်ဆင့်ခံပေါ့။ တစ်ဆင့်ခံနဲ့ပဲ အလုပ်လုပ်ခဲ့တာ”ဟု ပြောပါသည်။
နာဂစ်တုန်းက ငါးရက်ကြိုပြောနိုင်ခဲ့ခြင်းမှာ သူဦးစီးတည် ထောင်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် Regional Integrated Multi-hazard Early Warning System (RIMES) အဖွဲ့ ကြောင့်ဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။ထိုအချိန်၌ မိုးလေဝသဌာနတွင် သာမိုမီတာလေးပျက်တာ တောင် အစားမထိုးနိုင်သည့် အခြေအနေဟု သူက ဆိုပါသည်။
ထိုအချိန်တုန်းကဆိုလျှင် နိုင်ငံရေး အကျပ်အတည်းကြုံ နေရချိန်ဖြစ်ပြီး အစိုးရဆီမှ တောင်းခံ၍မရသကဲ့သို့ နိုင်ငံတကာ အကူအညီများလည်း မရရှိသဖြင့် မိုးလေဝသဌာနမှာ ဒုက္ခအခံ စားရဆုံးဟု ဦးထွန်းလွင်က ပြန်ပြောင်းပြောပြ ပါသည်။
”ကိရိယာတွေကလည်း အရမ်းချို့တဲ့တယ်။ အားလုံးက လည်းပျက်စီးနေပြီ။ မိုးလေဝသဌာနမှာ တပ်ထားတဲ့ကိရိယာ တွေက အနည်းဆုံး အနှစ်လေးဆယ် ကျော်နေပြီ။ အဲဒါတွေက လဲဖို့လိုနေပြီ။ အဲဒါတွေကို အစားထိုးဖို့အတွက် ဆရာတို့ပစ္စည်း အသစ်တွေတောင်း ရပါတယ်။ တောင်းတဲ့အခါမှာ ဘယ်တော့မှ အစိုးရဆီက တောင်းလို့မရပါဘူး”
ယခုကာလတွင် မိုးဇလ၌ တိုးတက်မှုများရှိလာသည်ကို တွေ့နေရသည်ဟု ဦးထွန်းလွင်က ပြောပြပါသည်။
ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့တို့တွင် မိုးလေဝသ သတင်းများကို ခန့်မှန်းနိုင်မည့် ရေဒါသုံးလုံးတပ်ရန်နှင့် အလို အလျောက် တိုင်းတာရေးကိရိယာ အခု ၃ဝ တပ်ဆင်ရန် ဂျပန် အစိုးရက ယခုနှစ်အစောပိုင်းတွင် အမေရိကန် ဒေါ်လာသန်း ၄ဝ လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြပါသည်။
သို့သော်လည်း ယခုမှ ဆောက်လုပ်ဆဲဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဝန်းကျင်ကျမှ ပြီးစီးကာ လည်ပတ်နိုင်လိမ့်မည်ဟု မိုးဇလ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက မော်ကွန်းကို ပြောပါသည်။
လောလောဆယ်တွင် မိုးလေဝသသတင်းများကို ခန့်မှန်း သည့်နေရာတွင် အခြားနိုင်ငံများကို မယှဉ်နိုင်သေးကြောင်းလည်း ဦးကျော်မိုးက ဆိုပါသည်။
အခြားနိုင်ငံများတွင် ငါးမိနစ်တစ်ခါ၊ ဆယ်မိနစ်တစ်ခါ မိုးလေဝသကို အလိုလျောက်တိုင်းတာနိုင်သည့် ကိရိယာများ ရှိသော်လည်း မြန်မာနိုင်ငံတွင်တော့ သုံးနာရီတစ်ကြိမ်တိုင်းသည့် စနစ်သာရှိသေးသည်ဟု ၎င်းက ဆိုသည်။
”ရာသီဥတု အခြေအနေဆိုးလာရင်တော့ နာရီဝက်တစ် ကြိမ်တိုင်းတယ်”ဟု မိုးဇလဒုညွှန်ကြားရေးမှူးချုပ်က ဆိုပါသည်။
”နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ မြန်မာနိုင်ငံရဲ့ မိုးလေဝသ စနစ်တွေ၊ ကိရိယာတွေက အလွန်ကိုခေတ်နောက်ကျကျန်နေ ပါပြီ။ ကျွမ်းကျင်တဲ့ မိုးလေဝသပညာရှင်တွေလည်း ရှားပါး တယ်”ဟု ဦးကျော်မိုးက ဝန်ခံပြောဆိုသည်။ အပိုင်း(၂)သို့

