ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုတာ

ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုတာ

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Essay ဖြစ်ပါသည်။

မြတ်စုမွန်ရေးသည်။

တစ်ရက်ခါက ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ နာရေးဖြစ်တယ်။ ရပ်ကွက်ထဲက ဆွေတစမျိုးတစ ခင်မင်ရင်းနှီးသူတချို့က ကိုယ်ဝန်ဆောင်ဆိုတာ နာရေးအိမ် မသွားကောင်းဘူးလို့ ပြောကြတယ်။ ဘာကြောင့်လဲလို့ ကျွန်မက ပြန်မေးတော့ သူတို့ မှာ ရေရာ တိကျတဲ့ အဖြေမရှိဘူး။

အိမ်နဲ့လည်း သိပ်မဝေးတာတစ်ကြောင်း၊ ငယ်စဉ်က နေ ထိုင်ခဲ့တဲ့ အိမ်ဘေးကပ်လျက်ဆိုတော့ အိမ်နီးနားချင်း ခင်မင် ရင်းစွဲရှိတဲ့ အိမ်ဖြစ်တာက တစ်ကြောင်းကြောင့် နာရေးအိမ်ကို အရောက်သွားခဲ့ပါတယ်။

ကွယ်လွန်သူအတွက် ရည်စူးပြီး ကျန်ရစ်ကြသူတို့က အလှူဒါန ပြုနိုင်ကြစေဖို့ အလှူငွေလည်း ထည့်ရင်း၊ သတင်း လည်း မေးရင်းဆိုတော့ နာရေးအိမ်မှာ အချိန်ကြာကြာနေခဲ့ပြီး အိမ်ပြန်ခဲ့တယ်။

အိမ်ပြန်ရောက်တော့ ကျွန်မရဲ့ မိခင်ကို နာရေးအိမ်သွားခဲ့ တယ်၊ အလှူငွေထည့်ခဲ့တယ် ဆိုတဲ့ အကြောင်း ပြောပြဖြစ်တယ်။ စောစောက ရပ်ကွက်ထဲက လူတွေပြောသလိုပဲ ကျွန်မ မိခင်က ပြောတယ်။ ကျွန်မ မိခင်ဟာ မျက်နှာမသာမယာနဲ့ ပြောတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆိုတာ ဘုန်းနိမ့်နေတဲ့အချိန် ဖြစ်တဲ့အတွက် နာရေးအိမ်ကို မသွားရဘူး၊ မသွားကောင်းဘူးတဲ့။

အရင်တုန်းက တစ်ခါမှမကြားဖူးတဲ့ စကားဖြစ်တာရယ်၊ ကိုယ်ဝန်ဆောင်ချိန်ဆိုတာ ဘုန်းနိမ့်ချိန်ဖြစ်တယ် ဆိုတာရယ် တွေကြောင့် ကျွန်မစိတ်ထဲ အတော်ကိုခုသွားတယ်။ စိတ်စနိုး စနောင့် ဖြစ်ရတယ်။ လူအဖြစ် စတင်မွေးဖွားခံလာရပြီး သိတတ် တဲ့ အရွယ်ကတည်းက “မိန်းကလေးဆိုတာ”နဲ့ အစပြုတဲ့ ဝါကျ တွေ၊ အဆိုအမိန့်တွေ၊ ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေ၊ ပညတ်ချက်တွေကို ကျွန်မ တော်တော်စိတ်ပျက် မုန်းတီးနေခဲ့တာ အတော်ကြာခဲ့ပြီ။

အခု ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ “ကိုယ်ဝန်ဆောင်တွေ ဆိုတာ”နဲ့ အစပြုတဲ့ အခြေအမြစ်မရှိတဲ့ ကန့်သတ်ချက်တွေ၊ ခွဲခြားနှိမ်ချမှုတွေ စတင်တွေ့ကြုံလာရပြန်ပါပြီ။

အမြစ်ကနေ မြေလှန်တူးပစ်ချင်တဲ့ အဲဒီရှေးထုံးတွေ အကြောင်းကို ကျွန်မနဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေတချို့ကို ပြောပြတော့ သူတို့မှာလည်း စိတ်ပျက်စရာ အယူအဆတွေ ကြောင့် စိတ်ထိခိုက်ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတာ ပြန် ရင်ဖွင့်ကြတယ်။

တစ်ယောက် ပြောပြတာဆိုရင် သူ့အတွေ့အကြုံဟာ ကျွန်မနဲ့ ဆင်တူတယ်။ လုပ်ငန်းခွင်မှာ အမေလို၊ အဒေါ်လို ခင်မင်နေသူတစ်ဦး ကွယ်လွန်သွားတဲ့အတွက် နာရေးသွားဖို့ ပြင် ဆင်နေတဲ့ သူ့ကို “ကိုယ်ဝန်ဆောင်ထားချိန်မှာ ဘုန်းနိမ့်နေလို့ အသုဘမသွားရဘူး”လို့ ဝိုင်းပြီးတားကြတယ်။

သူစိမ်းနယ်မှာ အလုပ်တာဝန်ကျစဉ် သူ့အပေါ် ကောင်းခဲ့ တဲ့ မိတ်ဆွေရင်းဖြစ်လို့ မဖြစ်မနေသွားရမယ့် အကြောင်းတုံ့ပြန် တဲ့အခါ စောစောက တားမြစ်ကြသူတွေက “ဒါဆိုရင် တွယ်ချိတ် ဆောင်သွား”လို့ ဆိုပြီး သူ့အင်္ကျီမှာ တွယ်ချိတ်တွေ ချိတ်ပေး လိုက်ကြတယ်။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိတဲ့ အယူအဆ တွေကို သူကိုယ်တိုင်က အယုံအကြည်မရှိပေမယ့် ဘေးဥပဒ် တစ်စုံတစ်ရာ မဖြစ်စေလိုတဲ့ စေတနာနဲ့ ဝိုင်းတားကြသူတွေ ချိတ် ပေးလိုက်တဲ့ တွယ်ချိတ်တွေကို မဖြုတ်တော့ဘဲ အဲဒီနာရေးကို သူအရောက်သွားခဲ့ဖူးတယ်။

ဒါ့အပြင် သူတွေ့ကြုံဖူးတဲ့နောက်ထပ်အတွေ့အကြုံတစ်ခု ကတော့ သူကိုယ်ဝန်လွယ်ထားရချိန်မှာ ခင်ပွန်းဖြစ်သူရဲ့ အချစ် ဆုံးအဘိုး ဆုံးတယ်။ နာရေးချတဲ့နေ့မှာ အခေါင်းကို ဝိုင်းထမ်းကြ တော့ သူ့ခင်ပွန်း(ကွယ်လွန်သူရဲ့မြေး)က အလောင်းထမ်းခွင့် မရ ဘူး။ ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက အလောင်းထမ်း ခွင့်မပြုကြဘူး။ ဘာကြောင့်လဲဆိုတော့ ဇနီးဖြစ်သူ ကိုယ်ဝန် ဆောင်ထားရင် ခင်ပွန်းဖြစ်သူခေါင်းမထမ်းရ ဆိုတဲ့ အယူအဆ တစ်ခုကြောင့်ပါ။ အဘိုးချစ်တဲ့ မြေးဟာ အဘိုးနာရေးမှာ အလောင်းထမ်းခွင့် မရလိုက်ဘူး။ ဘယ်သူ စတင်ဖန်တီးလိုက်တဲ့ အယူအဆမှန်း မသိသလို၊ ဘာကြောင့်ဆိုတဲ့ ဆက်စပ်မှုကိုလည်း တားမြစ်သူတွေကိုယ်တိုင် ခြေခြေမြစ်မြစ် မသိကြဘူး။

နောက်ထပ်တစ်ယောက်ကျတော့ သူ့သားလေးကိုယ်ဝန်ဆောင်ထားတုန်းအချိန်မှာ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာပွဲကို သွားတော့ “ကျက်သရေမရှိဘူး”လို့ အပြောခံခဲ့ရဖူးတဲ့အကြောင်း ရင်ဖွင့်တယ်။

လူတွေပြောလေ့ရှိကြတဲ့ စကားတစ်ခွန်းရှိတယ်။ နတ် ပြည်က ကျလာတဲ့အပ်တစ်စင်းနဲ့ လူ့ပြည်ကထောင်ထားတဲ့ အပ်တစ်စင်း ထိချင်ထိမယ်၊ လူဖြစ်ဖို့မလွယ်ဘူးတဲ့။ လူဆိုတာ သတ်္တဝါတွေထဲမှာ ဘုန်းကံအမြင့်ဆုံး သတ်္တဝါတဲ့။

ကိုယ်ဝန်ကြီးနဲ့ နာရေးအိမ်သွားမိလို့ မသွားသင့်ဘူး၊ ကိုယ် ဝန်ဆောင်ချိန်ဟာ ဘုန်းနိမ့်နေချိန်လို့ပြောတဲ့ ကျွန်မ မိခင်ကို ပြန်ပြောမိတယ်။ ““ကိုယ်ဝန်ဆောင်ဆိုတာ လူဖြစ်လာမယ့် သန္ဓေ သားကို ဗိုက်ထဲမှာ လွယ်ထားရတဲ့ မိန်းမတစ်ယောက်။ လူသား တစ်ယောက်ကို ဗိုက်ထဲထည့်ထားရတဲ့ မိန်းမတစ်ယောက် လောက် ဘုန်းကံမြင့်တဲ့သူ လောကကြီးမှာမရှိဘူး၊ ကိုယ်ဝန် ဆောင်ဆိုတာ ဘုန်းမနိမ့်ဘူး၊ ဘုန်းမြင့်နေတာ”” လို့။

ရလဒ်ကတော့ ““နင်တို့ကိုပြောလိုက်ရင် ဒီလိုချည်းပဲ၊ နင် တို့ခေတ်က နင်တို့အယူ၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတာရှိတယ်””ဆိုတဲ့ စကားပါပဲ။

ရှေးထုံးတွေထဲမှာ ပယ်ကိုပယ်ပစ်ရမယ့် အယူအဆတွေ၊ ဆက်စပ်မှု တစ်စုံတစ်ရာမရှိတဲ့ အစွဲတွေ ရှိနေတာကို အမျိုးသမီး တစ်ယောက်အဖြစ် မွေးဖွားလာတဲ့ ကျွန်မဟာ ကိုယ်ဝန်ဆောင်ရ ချိန်မှာ ပိုပြီးခံစားလာရတယ်။ ပိုပြီး တွေ့ကြုံလာရတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘုန်းနိမ့်နေတယ် ဆိုတဲ့ အယူအဆ ကို ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေကိုယ်တိုင် လက်ခံလိုက် နာနေတာကို တွေ့ရတော့ အံ့သြစိတ်ပျက်မိတယ်။ ကျွန်မတို့ ဘိုး ဘေးတွေဟာ ကျွန်မတို့ကို ယုတ္တိ ရှိရှိ ခွဲခြမ်းစိတ်ဖြာပြီး ဆက်စပ် တွေးခေါ်အဖြေရှာရမယ့်အစား ဒီလို အဓိပ်္ပာယ်မဲ့ အယူအဆတွေ တကယ်ပဲ ချန်ရစ်ထားခဲ့လေသလားလို့ သံသယရှိလာတယ်။

အဲဒီအယူအဆကို ကျွန်မ မိခင်ကလည်း လက်ခံတယ်၊ ကျွန်မ ပတ်ဝန်းကျင်က အခြားမိန်းမကြီးတွေကလည်း လက်ခံ တယ်။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ သူတို့ကိုယ်တိုင် မသိကြဘူး။  

ဒီတော့ ကျွန်မတွေးမိတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ သာမန်အချိန်ထက် နူးညံ့ညင်သာနေတဲ့အချိန် ဖြစ်တယ်။ လူ သားလောင်းလျာလေးတစ်ယောက်ကို သူ့ဝမ်းဗိုက်ထဲက အင် မတန် နူးညံ့ဆန်းကြယ်တဲ့ သားအိမ်လေးထဲမှာ ထည့်ထားရတဲ့ အချိန်ဖြစ်တယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာဗေဒဖြစ်စဉ်နဲ့ ဟိုမုန်းပြောင်းအလဲတွေကြောင့် အစစအရာရာ သတိပြုဆင်ခြင် နေထိုင်သွားလာစားသောက်ရမယ့် အချိန်ဖြစ်တယ်။ သာမန်လူ ထက် ရောဂါဘယ ကူးစက်ခံရလွယ်နေနိုင်တဲ့အချိန်ဖြစ်တယ်။

ဒီလိုအချိန်မှာ နာရေးအိမ်ကိုသွားတဲ့အခါ ကွယ်လွန်သွား သူက မကျန်းမာ နာတာရှည်ဖြစ်ပြီးကွယ်လွန်တာ၊ ကူးစက်       ရောဂါ တစ်ခုခုဖြစ်လို့ ကွယ်လွန်တာမျိုးတွေ ဖြစ်နေရင် ရောဂါပိုး တွေလေထဲမှာ ရှိနေနိုင်တယ်၊ ဘက်တီးရီးယားတွေ ပေါက်ဖွားနေ နိုင်တယ်။ အဲဒီကနေတစ်ဆင့် သန္ဓေသားလွယ်ထားတဲ့ မိခင် လောင်းဆီ ကူးစက်ကောင်း ကူးစက်နိုင်တယ်။

ဒါကြောင့် နာရေးအိမ်သွားတာဖြစ်စေ၊ ဆေးရုံ၊ ဆေးခန်း၊ လူမမာအိမ် စတဲ့နေရာတွေကို သွားတာ သတိပြု ဆင်ခြင်သင့် တယ်။ ရှေးလူကြီးတွေက ကိုယ်ဝန်ဆောင်မိခင်ကို အကာအကွယ် ပေးချင်၊ ကျန်းမာသန်စွမ်းအောင် စောင့်ရှောက်စေချင်တဲ့ အမြော်အမြင်နဲ့ သတိပေးတားမြစ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အစကတည်းက အမျိုးသမီးတွေကို နှိမ်ချခွဲခြားချင်သူတွေဟာ      “ကိုယ်ဝန်ဆောင်ဆိုတာ ဘုန်းနိမ့်တယ်” ဆိုတဲ့ ဉာဏ်ပညာမဲ့တဲ့ အယူအဆကိုဖန်တီးလိုက်တာ ဖြစ် နိုင်တယ်လို့ ကျွန်မ တွေးမိတယ်။

ဒါတင်မက “ကလေးမွေး ထားတဲ့ အိမ်၊ မီးနေသည်အိမ်ကို သွားရင်လာဘ်တိတ်တယ်”ဆိုတဲ့ အယူအဆမျိုးတွေ၊ “မီးနေသည်အိမ် သွားရင် ကင်ပွန်းသင့်တတ်တယ်၊ ကင်ပွန်းခွက်ကိုင်ရတယ်”ဆိုတာမျိုး တွေက တစ်လျှောက်လုံး နားနဲ့မဆံ့အောင် ကြားရဦးမယ်ဆိုတာ ကိုယ်ဝန်လနုနုကို ဆောင်ထားရတဲ့ ကျွန်မ ကြိုတွေးထားတယ်။ ဒါပေမဲ့ သည်းခံပြီး ငြိမ်ငြိမ်သက်သက် လက်ခံလိုက် မယ့် အမျိုးသမီးထဲမှာ ကျွန်မ မပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။

အဲဒီလို မောင်းတင်ထားတဲ့ကြားထဲကပဲ တစ်နေ့က အတွေ့အကြုံအသစ်တစ်ခု ထပ်ရပြန်တယ်။ ကျွန်မတို့နေထိုင်တဲ့ မြို့ကနေ ရှစ်မိုင်လောက်သွားရတဲ့ ရွာလေးတစ်ရွာမှာ ကထိန် အလှူတစ်ခု ပြုကြတယ်။ ကျွန်မတို့ ငယ်သူငယ်ချင်းတွေ စုပြီး လှူဒါန်းကြတဲ့ အလှူဖြစ်လို့ ကထိန်ပွဲကိုအရောက်သွားခဲ့တယ်။ ကျွန်မဘဝမှာ ပထမဆုံး ကထိန်အလှူဖြစ်တာရယ်၊ သူငယ်ချင်း တွေ၊ သူတို့မိသားစုတွေရယ်နဲ့ဆိုတော့ စိတ်ထဲပျော်နေတယ်။

အလှူတရားနာတော့ အလှူရှင်တွေ ရေစက်ချဖို့ တရား နာပရိသတ်ရဲ့ ရှေ့ဆုံးမှာထိုင်ကြတယ်။ ကျွန်မကတော့ ကိုယ် လေးလက်ဝန်နဲ့ဆိုတော့ ကြာကြာမထိုင်နိုင်တဲ့အတွက် နောက် ဆုံးမှာ ထိုင်တယ်။ ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးစံအတိုင်း ဘုန်း တော်ကြီးဆီကနေ ငါးပါးသီလခံယူကြတယ်။ ပြဿနာက ငါးပါးသီလယူအပြီးမှာ စတာ။

ငါပါးသီလယူပြီးတော့ ကျောင်းထိုင်သံဃာနဲ့ ပင့်သံဃာ တော်တွေက ပရိတ်တရားရွတ်ဖတ်ကြတယ်။ ငယ်စဉ်ကတည်း က နားရည်ဝနေတဲ့ ပရိတ်တရားတွေဖြစ်တော့ စိတ်ထဲက လိုက် ဆိုပြီး စိတ်ကြည်ကြည်လင်လင်လေး ခံစားနေရတုန်းမှာပဲ ရှေ့ဆုံး မှာထိုင်နေတဲ့ ကျွန်မရဲ့ ငယ်သူငယ်ချင်းတစ်ယောက်က နောက်ဘက်ကို လှည့်ကြည့်ပြီး  လက်ဟန်ခြေဟန်နဲ့ တခုခုလှမ်း ပြောတယ်။ ကျွန်မက မြင်နေပေမယ့် ကိုယ့်ကိုပြောတယ် မထင်ဘူး။

သူ ပြောနေတာကို ဘာမှ မတုံ့ပြန်တဲ့အဆုံးမှာ အဲဒီသူငယ် ချင်းက ထိုင်ရာကထလာပြီး ကျွန်မကို လက်မောင်းကိုင်ပြီး          ““ကိုယ်ဝန်ဆောင်ဆိုတာ ပရိတ်မနာရဘူး၊ ဆင်း၊ ဆင်း””ဆိုပြီး ကျောင်းအောက်ကို ဆင်းခိုင်းပါတယ်။ ကျွန်မက ငြင်းပါတယ်။ ဘာမှမဆိုင်ဘူး၊ ပရိတ်နာလို့ရတယ်လို့ ပြန်ပြောပြီး ဘေးကို ကြည့်လိုက်တော့ ကျွန်မဘေးက အမျိုးသမီးတွေကလည်း ဝိုင်း ကြည့်နေကြတယ်။ အဲဒီထဲက တစ်ယောက်က ““ဟုတ်တယ်၊ ဟုတ်တယ်။ ကိုယ်ဝန်ဆောင်ဆိုတာ ပရိတ်မနာရဘူး။ဆင်းလိုက် ပါ အစ်မ””ဆိုပြီး ကျွန်မကို ပြောပါတယ်။

ကျွန်မပတ်ဝန်းကျင်က အမျိုးသမီး အများစုဟာ ကိုယ်ဝန် လနုချိန်မှာ ပရိတ်တရားနာရင် တရားရဲ့တန်ခိုးကို မခံနိုင်တဲ့ အတွက် ဗိုက်ထဲက ကလေးပျက်ကျတတ်တယ်ဆိုတဲ့ အယူအဆ တွေ အခုထိရှိနေတုန်းဆိုတာ ကျွန်မသိလိုက်ရတယ်။

မငြင်းသာတော့တဲ့အဆုံးမှာ တစ်ခါမှမကြားဖူးတဲ့ အယူ အဆတစ်ခုနဲ့ ကျွန်မကို ဘုန်းကြီးကျောင်းပေါ်ကနေ ဆွဲချခေါ် သွားခံလိုက်ရပါတယ်။ ကျွန်မဟာ ဘုန်းကြီးကျောင်းရဲ့ နောက်ဘက်လှေကားထစ်မှာ အချိန်အတော်ကြာ ထိုင်နေခဲ့ရတယ်။ ကျောင်းပေါ်က သံဃာတွေ ရွတ် ဖတ်နေတဲ့ ပရိတ်တရားသံတွေကိုလည်း ကျွန်မ အတိုင်းသား ကြားနေခဲ့ရတယ်။

မနက်ကတည်းက ကြည်လင်ရွှင်ပျ နေတဲ့ ကျွန်မရဲ့ စိတ်နှလုံးဟာ အဲဒီခဏ အတွင်းမှာပဲ အဆိုးဆုံး နောက် ကျိသွားခဲ့ရတယ်။ ကိုယ် ဝန်ဆောင်ထားရတဲ့ ကျွန်မဟာ မကောင်းဆိုးဝါး တစ်ကောင်လို ဘုန်းကြီးကျောင်းပေါ်က ဆွဲချခံခဲ့ရတာကို တွေး မိတိုင်း တနုံ့နုံ့နဲ့ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတွေကို တစ်လှည့် စီ ခံစားနေရတယ်။

သံဃာတော်တွေ ပရိတ်တရား ရွတ်ဖတ်ပြီးတဲ့နောက်မှာ အလှူရှင်တွေက ကထိန်သင်္ကန်းကပ်လှူရမယ့် အစီ အစဉ်ရောက်လာတော့ ကျွန်မနာမည်ကို ခေါ်ပေမယ့် ဘုန်းကြီးကျောင်းပေါ်ကို ပြန်မတက်ချင်တော့ဘူး။ ကျွန်မကိုယ်စား လှူချင်တဲ့သူတွေသာ လှူလိုက် ကြပါစေဆိုပြီး လှေကားခြေရင်းမှာပဲ ထိုင်နေ လိုက်တော့တယ်။ အဲဒီအချိန်တစ်လျှောက်မှာ မျက်ရည်ကျချင်နေတယ်။ ခံစားချက်တစ်ခုခု ကို အမည်ဖော်လို့မရပေမယ့် ဒေါသစိတ် ဖြစ်နေတာကတော့ သေချာ နေခဲ့တယ်။

အဲဒီကထိန်ပွဲပြီးလို့ လူတွေအားလုံး ကျောင်းအောက်ကို ဆင်းလာတော့ တရားနာနေတုန်း ကျွန်မဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးက သူမှားသွားတဲ့အကြောင်း၊ ကိုယ်ဝန်ဆောင်သည် ပရိတ်နာလို့ရတဲ့အကြောင်း၊ ကမ္မဝါဖတ်ချိန်မှသာ နား မထောင်သင့်တဲ့အကြောင်းပြောပြီး တောင်းပန်ပါတယ်။

ကမ်္မဝါဖတ်တယ်ဆိုတာ ဗုဒ်္ဓဘာသာတွေရဲ့ အယူ အရ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တဲ့အချိန်မှာ ပြု လုပ်လေ့ရှိတယ်ဆိုတာ သိထားတော့ ကျွန်မ ပြန် ပြော မိတယ်။ ““ကမ်္မဝါဖတ်ချိန်မှာ နားမထောင်ကောင်း ဘူးပြောရအောင် ကျွန်မနဲ့ ဗိုက်ထဲကကလေးက မကောင်းဆိုးဝါးတွေမှ မဟုတ်တာ””လို့။

တစ်ဆက်တည်းပဲ ကျွန်မကို ကျောင်း ပေါ်ကဆင်းခိုင်းတဲ့ သူငယ်ချင်းကို ဘာကြောင့် အဲဒီလိုလုပ်တဲ့အကြောင်း မေးခွန်းထုတ် တော့ သူ့နံဘေးမှာထိုင်နေတဲ့ ကျွန်မမိခင် က ခိုင်းလို့ လုပ်ရတဲ့အကြောင်း သူက ပြန် ဖြေတယ်။ ကျွန်မရင်ထဲမှာ ဒေါသနဲ့ မခံချင် စိတ်တွေ၊ အယူအဆဆိုးတွေကို အမြစ် ဖြုတ်ချင်တဲ့စိတ်တွေ ထုထည်အစိုင်အခဲ ဖြစ်နေပြီ။

သူတို့ငယ်စဉ်ကတည်းက ကြားခဲ့ သိခဲ့တဲ့အရာတွေနဲ့ ကျွန်မကို စိတ်ဒဏ်ရာ ပေးတဲ့အတွေးအခေါ် တွေကို ကျွန်မ မုန်းတီးမိတယ်။ ကျွန်မ စိတ်ဆိုးနေမှန်းသိတဲ့အခါ ကျွန်မအမေ စိတ်မကောင်းဖြစ်သွားတာ တွေ့ရတယ်။ သူ ကြီးပြင်းလာရတဲ့ ယုံကြည်ချက်တွေအတိုင်း ကျွန်မကိုပုံစံခွက်ထဲ ဆွဲထည့်လိုက် တယ်ဆိုတာ ကျွန်မကောင်းကောင်းသဘောပေါက်လိုက်တယ်။

အဲဒီနေ့က ဘာမှပြောမနေတော့ဘဲ ကျွန်မ တိတ်တိတ် ဆိတ်ဆိတ် နေလိုက်တယ်။ ဒါပေမဲ့ နောက်မွေးလာမယ့် မျိုးဆက် ကို ဒီလိုအတွေးအမြင်တွေ၊ အဓိပ်္ပာယ်မဲ့ ယုံကြည်ချက်တွေနဲ့ မခြောက်လှန့်ဖို့၊ ခေါင်းထဲကို ရိုက်မသွင်းဖို့ ဆုံးဖြတ်ချက်ချမိတယ်။

ကျွန်မ ကလေးမီးဖွားတဲ့အခါ အိမ်ပေါက်ဝမှာ တရော် ကင်ပွန်း၊ စားဆီနဲ့ နနွင်းမှုန့်တွေ ရောထည့်ထားတဲ့ ကင်ပွန်းခွက် ကို ချမထားဘူး။ ဘုန်းနိမ့်တယ်လို့ ယူဆလို့ အိမ်ကို မလာကြရင် လည်း နေကြပါစေလို့တွေးထားတယ်။

မိန်းမတစ်ယောက်အဖြစ် မွေးဖွားလာကတည်းက “မိန်း ကလေးဆိုတာ”နဲ့ အစပြုတဲ့ အဓိပ်္ပာယ်မဲ့ ကန့်သတ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတွေကို မုန်းတီးငြီးငွေ့နေတဲ့ ခံစားချက်တူ မိန်းမသားမိတ်ဆွေတွေ ကျွန်မမှာ ရှိကြပါတယ်။ တချို့က ကိုယ် ဝန်ဆောင်ဖူးကြတယ်၊ တချို့က ကိုယ်ဝန်မဆောင်ဖူးကြသေးဘူး။ “ကိုယ်ဝန်ဆောင်ဆိုတာ”နဲ့ အစပြုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ တန်ခိုးရှင်က ဖန်တီးထားသလိုလို အဆိုအမိန့်တွေ၊ ခွဲခြားနှိမ်ချ ခြင်းတွေကို ကျွန်မတို့ မျိုးဆက်မှာ အတူတကွ တိုက် ထုတ်ပစ်ရမယ်။

ဒီလို ရှေးရိုးစွဲ အယူအဆတွေနဲ့ ခွဲခြား နှိမ်ချ ဆက်ဆံခံရတာ ကြုံတိုင်း ငြိမ်ခံမနေဘဲ ရဲရဲရင့်ရင့် ပြန် မေးခွန်းထုတ်ကြပါ၊ ပြန်တိုက် ပွဲဝင်ကြပါ၊ အယူအဆဆိုး တွေကို နောင်မျိုးဆက်အထိ သယ်မသွားကြပါနဲ့၊ ယုတ္တိမရှိ၊ စိတ်ဒဏ်ရာတွေ ပေးနိုင်တဲ့ ရှေး ထုံးတွေကို သတ္တိရှိရှိ ပယ်ကြပါစို့လို့ ဒီစာစု နဲ့အတူ အားပေးလိုက်ပါရစေ။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."