ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂ (မော်ကွန်း)
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဟာ လက်ရှိမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။
ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီတစ်ရပ်ကို စစ်ကောင်စီက မနေ့ကဖွဲ့စည်းလိုက်ပြီး အဲ့ဒီကော်မတီဟာ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်စည်စီးဆင်းမှုတွေနဲ့ ပတ်သက်လို့ အဓိက ဦးစားပေးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ့ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီး ဦးအောင်နိုင်ဦးက တာဝန်ယူသွားမှာဖြစ်ပြီး အခြားဝန်ကြီးဌာနရှစ်ခုက ဒုဝန်ကြီးတွေ၊ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) တို့က တာဝန်ရှိသူတွေကို ကော်မတီထဲမှာ ထည့်သွင်းထားပါတယ်။
လက်ရှိမှာ ပြည်တွင်းဈေးကွက်အတွင်း အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီအပါအဝင် မီးဖိုချောင်သုံး ကုန်စည်တွေရဲ့ ဈေးနှုန်းတွေဟာ အာဏာမသိမ်းမီကထက် နှစ်ဆနီးပါး မြင့်တက်နေပြီး စစ်ကောင်စီအနေနဲ့ ကော်မတီဖွဲ့စည်းရုံနဲ့ အဆင်ပြေလာမှာမဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်ထက် ရိုက်နှိပ်ထုတ်ဝေလာတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ကုန်ဈေးနှုန်းဟာ ရေရှည်မှာပိုမိုမြင့်တက်လာနိုင်တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးတင့်လွင်က သုံးသပ်ပါတယ်။
“စီးပွားရေး တည်ငြိမ်မှုမရှိ၊ လောင်စာနဲ့ လျှပ်စစ်စွမ်းအင်ရရှိမှု သေချာမှုမရှိတဲ့နိုင်ငံမှာ အခြေခံလုပ်ခလစာသတ်မှတ်ချက်က အလုပ်ရှင်တွေအတွက်ကျ နည်းလှတာမဟုတ်ပေမယ့် အလုပ်သမားများအတွက်ကျ လက်ရှိအခြေခံစားသောက်ကုန်ဈေးနဲ့ဆို အတော်လေးအဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ တက်လာတဲ့ကုန်ဈေးနှုန်းအရပြောရရင်တော့ လက်ရှိနောက်ဆုံးငွေစက္ကူဂယက်မဖြစ်ခင်ကတည်းက ကုန်ဈေးနှုန်းက တက်နေတာ၊ အခုဂယက်မှာ ဈေးဘယ်လောက်အထိတက်မယ်ဆိုတာ မပြောနိုင်လို့ ဈေးကွက်တွေလည်းပျက်နေတာပေါ့၊ ရေရှည်မှာတော့ ပိုဆိုးတဲ့ ဈေးနှုန်းတွေ ဖြစ်လာနိုင်ပါတယ်” လို့ ဦးတင့်လွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလကလည်း အခုလိုကုန်ဈေးနှုန်းတည်ငြိမ်ရေး အထောက်အကူပြုကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပေမယ့် ကုန်ဈေးနှုန်းအပေါ် ထူးထူးခြားခြား ထိန်းချုပ်ခဲ့နိုင်တာမျိုးမရှိခဲ့ဘူးလို့ UMFCCI နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အရင်ကတော့ Lockdown ကာလဆိုတော့ ကုန်တင်ယာဉ်တွေ ပိတ်ဆို့တာ၊ ကုန်စည်စီးဆင်းမှု အခက်အခဲတွေရှိတာ အဲ့ဒါတွေကြောင့် ကုန်ဈေးနှုန်းမတည်ငြိမ်ဖြစ်တာတွေရှိလို့ ဝင်ရောက် ထိန်းညှိပေးတာမျိုးရှိတယ်။ အဲ့ဒီတုန်းကတော့ တိုင်းအစိုးရက ဦးဆောင်တာ။ အခုဟာ ကုန်ဈေးနှုန်းတက်နေတာက ကုန်စည်စီးဆင်းမှုကြောင့်ဆိုတာထက် မြင့်တက်နေတဲ့ဒေါ်လာဈေး၊ စက်သုံးဆီဈေး၊ ပြီးတော့ လျှပ်စစ်မီးပုံမှန်မရတာ အဲဒီ့အခြေအနေတွေကြောင့် ပိုအဓိကကျနေတာပါ” လို့ အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောပါတယ်။
ယခုလ ၁ ရက်နေ့မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူကိုလည်း ရိုက်နှိပ်ထုတ်ဝေခဲ့တာကြောင့် ငွေလဲလှယ်နှုန်းတွေ မြင့်တက်ခဲ့ပြီး၊ ရွှေဈေးကွက်၊ အိမ်ခြံမြေ၊ ကား ဈေးကွက်တွေနဲ့ ကုန်ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်ခဲ့တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ထောက်ပြထားပါတယ်။
ကုန်ဈေးနှုန်းကျဆင်းဖို့နဲ့ ငွေလဲလှယ်နှုန်းတွေ ပြန်လည်ကျဆင်းရေးအတွက် နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေ တည်ငြိမ်ဖို့လိုအပ်တယ်လို့ ဈေးကွက်စီးပွားရေး လေ့လာသူတစ်ဦးကလည်း သုံးသပ်ပါတယ်။
“အချို့နေရာတွေမှာ လုံခြုံရေး အခြေအနေကြောင့်မို့လို့ ကုန်စည်စီးဆင်းမှုတွေ နှေးကွေးနေတာရှိတယ်၊ ဒါကလည်း နိုင်ငံရေးတည်ငြိမ်မှ ဖြစ်မှလေ၊ အဓိကတော့ နိုင်ငံရေး တည်ငြိမ်ဖို့လိုတယ်၊ နိုင်ငံရေး တည်ငြိမ်မှ စီးပွားရေးဟာလည်း တည်ငြိမ်မယ်၊ စီးပွားရေး တည်ငြိမ်နေမှ ကုန်ဈေးနှုန်းမတက်လာအောင် ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် ထိန်းထားနိုင်မှာပေါ့” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဟာ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီရဲ့ ပြည်တွင်းစားသုံးဖို့လိုအပ်ချက်နဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏကို ချိန်ဆပြီး ညီညွတ်မျှတစေရေး၊ ဒေသများအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့ လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို အဖွဲ့အစည်းများဖွဲ့စည်းတာဝန်ပေးရေး စတဲ့အချက်တွေကိုလည်း လုပ်ဆောင်သွားမယ်လို့ ကော်မတီရဲ့ လုပ်ငန်းတာဝန်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းထွက်ရှိရာ ဒေသတွေကနေ စားသုံးတဲ့ဒေသတွေကို သယ်ဆောင်ရာမှာ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ လမ်းခရီးမှာ မလိုအပ်ဘဲထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေး ညှိနှိုင်းဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနဲ့ လုံလောက်စွာဝင်ရောက်ရေး၊ အခြေခံ စားကုန်ပစ္စည်းတွေကို ကုန်ဈေးနှုန်းတည်ငြိမ်ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်ရေး စတာတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပုံစာ – ရန်ကုန်မြို့က ပျံကျဈေးတစ်ခု
ဓာတ်ပုံ – မော်ကွန်း
#Dailynews

