ဗညားကျော်
ရန်ကုန်၊ဖေဖော်ဝါရီ-၁၁၊ ၂၀၂၀
လေကြောင်းလမ်းထက် နယ်စပ်ဝင်ပေါက်တွေကနေ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရသူတွေ ဝင်ရောက်လာမှာကို ပိုမိုစိုးရိမ် ပူပန်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါ တယ်။
ဒလမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက မေးတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ပြန့် ပွားမှုမရှိစေဖို့နဲ့ ဖြစ်လာရင်လည်း အထိအခိုက်အသေအပျောက်နည်းပါးစေဖို့ အစိုးရက ဆောင်ရွက်နေတဲ့ အခြေအနေတွေ ကို သိလိုကြောင်း မေးမြန်းချက်ကို ပြန်ဖြေရာမှာ သူက ထည့်ပြောတာပါ။
“ ဒါကို ကျွန်တော်တို့က ထိန်းချုပ်ရပါမယ်။ ထိန်းချုပ်တယ်ဆိုတာ နယ်စပ်မှာ ကျန်းမာရေးဝန်းကြီး ဌာနလုပ်လို့ မရပါဘူး။ နယ်စပ်မှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေက ပေါင်းစပ်လုပ်ရမယ်။ ဒါကို ကျွန်တော်တို့ မလျော့ပါဘူး၊ နယ်စပ်ကို အားဖြည့်နေပါတယ်” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေမှာ ပြည်ပဝင်ခွင့်ကန့်သတ်ထားတာကြောင့် ခရီးသည် ရာဂဏန်းသာ အဝင်ရှိနေပေမဲ့ နယ်စပ်ဝင်ပေါက်ဟာ ၂၇ လမ်းရှိပြီး လူသောင်းနဲ့ချီ ဝင်ထွက်နေတာကြောင့် ထိန်းချုပ်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီရောဂါစမ်းသပ်ရှာဖွေတဲ့ ပစ္စည်းကိရိယာတွေကို နယ်စပ်ကို ပို့ကာ ကာကွယ်ထိန်းချုပ် ရေး အတွက် ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ကိုရိုနာဗိုင်းရပ်သံသယရှိသူ ဝူဟန်မြို့သား ငါးဦး နယ်စပ်ပေါက်ကတဆင့် မြန်မာနိုင်ငံ မူဆယ် မြို့ဘက်ကို ရောက်နေတဲ့အတွက် ကူညီရှာဖွေပေးဖို့ တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံကို သတိပေးခဲ့သေးတယ်။ ဒီထဲက လူတစ်ချို့ကို ပြန်လည်ရှာဖွေစစ်ဆေးနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်းဒေသ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့ပွားမှုကြောင့် နိုင်ငံ ၂၅ နိုင်ငံမှာ ရောဂါ ကူးစက်ခံနေရသူ ၄၀,၅၅၄ ဦးအထိ ရှိနေပြီ ဒီအထဲက လူ သုံးထောင်ကျော်ဟာ အသစ်ကူးစက်ခံရသူတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မနေ့တုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ကိုနိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံထဲမှာတင် လူလေးသောင်းကျော် ကူးစက်ခံထားရပြီး လူကိုးရာကျော်သေခဲ့ပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံပြင်ပ အခြားနိုင်ငံပေါင်း ၂၀ ကျော်မှာတော့ ကူးစက်ခံရသူ သုံးရာကျော်ရှိပြီး ဖိလစ်ပိုင်နိုင်ငံမှာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြတယ်။ WHO ရဲ့ ရောဂါကူးစက်ခံနေရတဲ့ နိုင်ငံတွေစာရင်းမှာ အခြားအာဆီယံဒေသတွင်း နိုင်ငံတွေ ပါဝင်ပေမယ့် မြန်မာနိုင်ငံတော့ မပါဝင်ပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် သံသယလူနာနှစ်ဦးနဲ့ စောင့်ကြည့်လူနာ ၂၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
#Dailynews