မိုးကုတ်-၂၀၂၅ ဩဂုတ် ၂၆ (မော်ကွန်း)
မနေ့ကညသန်းခေါင်အချိန်မှာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်လေတပ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပေမယ့် တစ်လုံးသာပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
မပေါက်ကွဲဘဲ ကျန်နေတဲ့ဗုံးကို မြို့ကိုထိန်းချုပ်ထားတဲ့ တအာန်းတပ်(TNLA) က ဒီနေ့ လာရောက်ရှင်းလင်းသွားပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
‘ စည်ပင်သာယာမှာကျတဲ့တစ်လုံးက မြေကမမာဘူး၊ ရွှံ့မှာကျလို့ အဲ့ဒီနားက အိမ်တွေသက်သာသွားတာ။ အဲ့ဒီနားက သုံးထပ်တိုက်ကလည်း လူမနေဘူး။ တခြားအိမ်တွေမှာလည်း သိပ်မထိလိုက်လို့။ မဟုတ်ရင် မနေ့ညကလည်း အများကြီးထိကြမှာ “လို့ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ စည်ပင်သာယာရပ်ကွက်မှာ နေထိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စစ်ကော်မရှင်ကြဲတဲ့ ဗုံးတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စည်ပင်သာယာရပ်ကွက်နဲ့ မင်းတံတားရပ်ကွက်ကြားကို ကျခဲ့တာလို့ သူကပြောပါတယ်။
TNLA ကတော့ မိုးကုတ်မြို့ကို စစ်ကော်မရှင်က ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလအတွင်း စစ်ကော်မရှင်လေတပ်က မိုးကုတ်မြို့ ပေါ် လူနေရပ်ကွက်တွေကို ဗုံးငါးကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ဒါအပြင် မနေ့ကညသန်းခေါင်အချိန်ဝန်းကျင်မှာပဲ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို စစ်ကော်မရှင်လေတပ်က ဗုံးနှစ်လုံးကြဲချတာကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပုံစာ- စစ်ကော်မရှင်လေတပ်ကြဲတဲ့ဗုံးကြောင့် ပျက်စီးသွားတဲ့ မိုးကုတ်မြို့က အိမ်တစ်ချို့
ဓါတ်ပုံ- TNLA

