ပုလဲ-၂၀၂၄ နိုဝင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက အိုင်းမရွာကို မနေ့က ညနေပိုင်းမှာ လေယာဉ်နဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
တိုက်ပွဲမရှိပေမယ့် မနေ့တုန်းက အဲဒီရွာမှာ ကျင်းပနေတဲ့ ဘုံကထိန်အလှူပွဲတစ်ခုကို လေယာဉ်နဲ့လာပြီး ဗုံးကြဲခဲ့တာလို့ အဲဒီဒေသက ပြည်သူ့ အုပ်ချုပ်ရေး(ပအဖ)အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
” Jet Fighter နဲ့ လာပစ်တာ။ သတင်းပေးကြောင့်လို့ ယူဆရတယ် ။ ကံကောင်းတာက ဘုန်းကြီးကျောင်းထဲ မကျပဲ ဘေးက အိမ်ပေါ်ကျလို့ ။ မဟုတ်ရင် အများကြီးသေမှာ။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ အလှူကို လာပစ်တာ။ အမျိုးသားတစ်ဦး ၊ အမျိုးသမီးသုံးဦး သေသွားတယ်။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး ဒဏ်ရာပြင်းထန်တဲ့ အခြေအနေရှိတယ်။ ဘုန်းကြီး ကျောင်းဘေးက နေအိမ်ထဲ နှစ်လုံးကျကွဲသွားတယ်။ တစ်လုံးမကွဲဘဲ ကျန်ခဲ့ပြီး နေအိမ်ပျက်စီးမှုလည်း ရှိတယ်။ နွားတစ်ကောင်လည်းထိတယ်” လို့ အဲဒီဒေသက ပအဖ အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
အဲဒီလိုဖြစ်ခဲ့ပြီးနောက် ဒေသခံတွေဟာ ထိတ်လန့်စိုးရိမ်ကာ တခြားရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးအဖွဲ့တွေထံ မြို့ရွာအများအပြား၊ စစ်စခန်းအများအပြားဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းနေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ နေ့စဉ်တိုးနေတယ်လို့ ပဋိပက္ခ လေ့လာစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
ပုံစာ- အိုင်းမရွာက ဗုံးကြဲခံခဲ့ရတဲ့ နေအိမ်။
ဓါတ်ပုံ- ပအဖအဖွဲ့ဝင်တစ်ဦး။

