ရန်ကုန် – ၂၀၂၀ ၊ မတ် ၁၅ (မော်ကွန်း)
COVID 19 ကူးစက်မှု မြင့်တက်နေသောနိုင်ငံများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ရောက်ရှိလာသော နိုင်ငံခြားသား အယောက် ငါးဆယ်ကျော်အား ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်ခဲ့ကြောင်း လေဆိပ်ရဲမှတ်တမ်းမှသိရှိရသည်။
Qatar Airline ဖြင့် ကာတာနိုင်ငံ၊ ဒိုဟာလေဆိပ်မှ ရန်ကုန်လေဆိပ်သို့လိုက်ပါလာသော ပြင်သစ်နိုင်ငံသား (၁၁) ဦး၊ စပိန်နိုင်ငံသား (၁၂) ဦး၊ ဂျာမနီနိုင်ငံသားနှစ်ဦး ၊ စင်ကာပူလေကြောင်းလိုင်းဖြင့်ပါရှိလာသော ဂျာမနီနိုင်ငံသား သုံးဦး၊ ဘန်ကောက်လေကြောင်းဖြင့် ဂျာမနီနိုင်ငံသားနှစ်ဦး ၊ Thai Smile လေကြောင်းလိုင်းဖြင့် ဂျာမနီနိုင်ငံသား (၁၁) ဦးနှင့် ပြင်သစ်နိုင်ငံသားခုနစ်ဦး ၊ ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ပြင်သစ်နိုင်ငံသားငါးဦးစုစုပေါင်း (၅၃) ဦးအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိသည့် နိုင်ငံများမှ လာရောက်ကြသူများဖြစ်သဖြင့် လေဆိပ်ကျန်းမာရေးဌာနခွဲမှ ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်ခဲ့သည်ဟု ယခုနောက်ဆုံးရရှိသည့် မှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါ ခရီးသည်များအား ၎င်းတို့စီးနင်းလိုက်ပါလာသည့် လေယာဉ်များဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
COVID 19 ကူးစက်မှုမြင့်မားသောနိုင်ငံများမှ ဝင်ရောက်သူများအား ယာယီကန့်သတ်ခြင်းများပြုလုပ်ရန် ယနေ့မနက် ၅:၀၀ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
Photo – supplied
#Dailynews