ရန်ကုန်၊၂၀၂၃မတ်၁၅(မော်ကွန်း)
ကယားပြည်နယ်မှာစစ်ကောင်စီရဲ့ထိုးစစ်ကြောင့် စစ်ရှောင်စခန်းတွေကနေအရေးပေါ်နေရာထပ်ပြောင်းရတဲ့ စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာအခက်ခဲကြုံတွေနေရတယ်လို့ စစ်ရှောင်ပြည်သူတွေကို အကူညီပေးနေတဲ့ဒေသခံလူမှုကူညီရေးအဖွဲ့စည်းတွေကပြောပါတယ်။
လက်ရှိမှာ ဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းဖို့သာအာရုံစိုက်နေရတာကြောင့် ရိက္ခာပစ္စည်းတွေကို နိုင်သလောက်သာသယ်ယူပြီးရွှေ့ပြောင်းနေကြရတာပါ။
လတ်တလောအခြေနေအရ ဒေသတွင်းအရေးပေါ်အခြေ အနေမှာသုံးဖို့သိုလှောင်ထားတဲ့စားနပ်ရိက္ခာနဲ့စက်သုံးဆီတွေကိုထုတ်သုံးနေရပြီး လာမယ့်ရက်သတ္တပတ်အတွင်း ရိက္ခာပြတ်လပ်မှုကြုံလာနိုင်တယ်လို့ဆိုပါတယ်။
“စစ်ရှောင်တွေကနေရာသုံးလေးနေရာပြောင်းနေရတော့ တစ်ပူပေါ်နှစ်ပူဆင့်သလိုဖြစ်နေတာ၊ ဘာမှလည်းမသယ်နိုင်ဘူး။ အရေးပေါ်ဆိုတော့ရှိတဲ့ဆန်ပဲထမ်းပြေးရတာ။ အခုကအရေးပေါ်အခြေအနေမှာသုံးဖို့ သိုလှောင်ထားတာတွေထုတ်သုံးနေရတယ်။ လာမယ့်တစ်ပတ်၊နှစ်ပတ်လောက်ဆိုရိက္ခာအခက်ခဲကြုံလာ တော့မှာအခုတောင်တစ်ချို့စခန်းတွေမှာနေရာမလောက်လို့ဖြစ်သလိုအိပ်ရ၊စားရတာတွေဖြစ်နေတယ်”လို့ စစ်ရှောင်တွေကိုအကူညီပေးနေတဲ့နွေဦးဂုရုလေးများအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
စစ်ရှောင်ပြည်သူတွေထဲမှာသက်ကြီးရွယ်အိုနဲ့ကလေးတွေလည်းအများအပြားပါ၀င်နေတာကြောင့် အရေးပေါ် လိုအပ်နေတဲ့စားနပ်ရိက္ခာ၊စက်သုံးဆီနဲ့အမိုးအကာတွေကို တတ်နိုင်သလောက်ပါ၀င်ကူညီဖို့ပေးဖို့ ၎င်းကထည့်သွင်းပြောဆိုပါတယ်။
စစ်ကောင်စီထိုးစစ်ကြောင့် ဒီမော့ဆိုအရှေ့ဘက်ခြမ်းကစစ်ရှောင်တွေခိုလှုံနေတဲ့ရွာကြီးလေးရွာထဲက ကျေးရွာတွေနဲ့စစ်ရှောင်စခန်းတွေအပါအ၀င် နေရာကိုးခုကဒေသခံတွေဟာ အခုတစ်ပတ်ကစတင်ပြီး အရေးပေါ်ရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။
လက်ရှိမှာအရေးပေါရွှေ့ပြောင်းရတဲ့စစ်ရှောင်ဦးရေ တစ်သောင်းဝန်းကျင်ထိရှိလာပြီး ဆက်လက်ရွှေ့ပြောင်းပေးနေရဆဲဖြစ်ပါတယ်။
#Dailynews

