ကန့်ဘလူ – ၂၀၂၂ ဇန်နဝါရီ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးအရှေ့ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးနေလို့ ရွာသူရွာသားတွေထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မနက် ၆း၃၀ ဝန်းကျင်က ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာမှာတပ်စွဲထားတဲ့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ အရပ်ဝတ်တွေနဲ့ ကံကြီးအရှေ့ရွာကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာခဲ့ကြောင်း၊ ဝင်လာပြီးမကြာခင် မိုင်းခွဲခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံကပြောပါတယ်။
အိမ်တင်မီးရှို့တာမဟုတ်ဘဲ အိမ်ဝိုင်းထဲရှိ ဈေးဆိုင်၊မီးဖို၊အိမ်မွေးဝက်ကိုပါ ပစ်သတ်ပြီး မီးရှို့ထားခဲ့ကြောင်း၊ တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ကံကြီးအနောက်ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။
ဖမ်းဆီးရိုက်နှက်ခံရသူများလည်းရှိနိုင်ပြီး လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ ကားသုံးစီးကိုလည်း ချက်သင်းဘက်ကို အဓမ္မစေခိုင်း အချောဆွဲသွားကြောင်း ဒေသခံကပြောပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ကားလေးစီး(အောင်ရတနာ မှန်လုံယာဉ်၊4 Wheel ကား နှစ်စီး၊တုန်ဖုံးကားတစ်စီး)ကို KBU-တောညီနောင်+KBU-တိုက်ဂါး+Kyunhla UG မဟာမိတ်ညီနောင်သုံးဖွဲ့ ပူးပေါင်းကာ ကျွန်းလှနဲ့ပင့်သာရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိခိုက်အကျဆုံးရှိကြောင်း တော်လှန်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ကံကြီးအရှေ့ရွာ မီးရှို့ဖျက်ဆီးခံနေရစဥ်
ဓါတ်ပုံ-နယ်ခံ
#Dailynews

