ဒီးမော့ဆို – ၂၀၂၄ ဖေဖော်ဝါရီ ၅ (မော်ကွန်း)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ဒေါဆီအီရွာမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်လို့ စာသင်နေတဲ့ ကလေးငယ်တချို့ သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ ကရင်နီစစ်ရှောင်အရေး ကူညီနေသူတွေက မော်ကွန်းကိုပြောပါတယ်။
တိုက်ပွဲမရှိဘဲ စာသင်ကျောင်းဗုံးကြဲခံရတာကြောင့် အသက် ၁၁ နှစ်ကနေ ၁၃ နှစ်အရွယ်ရှိတဲ့ ကလေးငယ်(ကျား) လေးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရတဲ့အပြင် စာသင်ကျောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့ အဲဒီရွာဖြစ်စဉ်နဲ့ပက်သက်ပြီး ကူညီနေသူတစ်ဦးက အတည်ပြုပါတယ်။
“ဗုံးကြဲခံရတဲ့စာသင်ကျောင်းက ရွာခံကလေးတွေနဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် စာသင်ကြားတဲ့နေရာပေါ့နော်။ ဘာတိုက်ပွဲမှမရှိဘူး။ စာသင်နေကြတဲ့ကလေးတွေ ရှောင်ချိန်တောင်မရလိုက်ဘူးဗျာ။ သူတို့မှာ ဗုံးခိုကျင်းလေးရှိတယ်။ ဗုံးခိုဖို့ကျင်းတောင်မှ သူတို့ပြေးချိန်မရလိုက်ဘူး” လို့ သူကပြောပြပါတယ်။
ဗုံးကြဲခံရတဲ့ စာသင်ကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ်အများအပြားရှိပြီး မူကြိုအရွယ်ကနေ ခုနစ်တန်းအထိ စာသင်ကြားနေကြတာလို့ သူကပြောပါတယ်။ ကရင်နီပြည်နယ်အတွင်း စစ်ရှောင်အရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Jobs For Kayah အဖွဲ့ကလည်း “အပိုင်းပိုင်း ပြတ်နေတဲ့ ခန္ဓာအစတွေကို ဘယ်သူကလေး၊ ငါ့ကလေး မသိတော့ဘူး၊ တစ်စစီ ကောက်နေရတယ်” လို့သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလေတပ်ဟာ လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေါဆီအီရွာအပြင် အနီးက လွိုင်နန်းဖရွာကိုလည်း ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးကဆိုပါတယ်။ အဲဒီရွာဗုံးကြဲခံရတာနဲ့ပက်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ သူကဆိုပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေါဆီအီရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းလည်းမရှိသလို့ ရွာထဲမှာတပ်စုဖွဲ့ထားတာတွေလည်း မရှိဘူးလို့ သူကဆက်ပြောပါတယ်။
“စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒီလိုစစ်ရှောင်တွေ၊ ပြည်သူတွေရှိတဲ့နေရာကို စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ်မှာ နိုင်ငံတကာကကော ဒီကောင်တွေကို စစ်ကောင်စီကို အရေးယူမှုတွေမရှိဘူးလား၊ မလုပ်တော့ဘူးလား။ ဒီနေ့ဖြစ်စဉ်မျိုးက စစ်ကောင်စီကျူးလွန်တာ ဒီတစ်ကြိမ်ပဲမဟုတ်ဘူး။ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ပြည်သူတွေအပေါ် ဒီကောင်တွေ ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေရှိတယ်” လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း သူ့ရဲ့လှုမှုကွန်ရက်စာမျက်နှာမှာ ဒေါဆီအီရွာက ကလေးငယ်တွေ စာသင်ကြားနေချိန် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လေးဦးသေဆုံးတယ်လို့ ဆိုထားပါတယ်။
အရပ်ဘက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ကလည်း စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအထိ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ကိုးရာကျော်လုပ်ဆောင်ခဲ့ပြီး အရပ်သား ခုနစ်ရာနီးပါးသေဆုံးခဲ့တယ်လို့ မနှစ်က အောက်တိုဘာလတုန်းက ထုတ်ပြန်ထားပါတယ်။
ပုံစာ-ဗုံးကြဲတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ စာသင်ကျောင်းနဲ့ သေဆုံးသွားတဲ့ ကလေးငယ်များ။
ဓာတ်ပုံ-JFK & aung myo min

