ကနီ-၂၀၂၃ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ကနေ အလယ်ကျွန်းရွာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ၅၀ ဝန်းကျင်ကို ဒီနေ့မနက် ၈ နာရီဝန်းကျင်က ကနီမြို့အထွက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ကျောက်လုံးကြီး KLG PDF အဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
” ကျွန်တော်တို့ အတွင်းသတင်းရထားတာပေါ့။ ကနီမြို့ကနေ အလယ်ကျွန်းကို တပ်ချိန်းရိက္ခာပို့သွားမယ်ဆိုတာကြောင့်စောင့်နေခဲ့တာပါ။ မနက်ရှစ်နာရီလောက်က အင်အားငါးဆယ်လောက်နဲ့ လှည်းခြောက်စီး။ လှည်းတွေက ရိက္ခာပါလာတာပေါ့။ မိုင်းမိတဲ့အသံကြားတာနဲ့ ကျွန်တော်တို့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခဲ့တာပေါ့။ ကျွန်တော်တို့ တိုက်တဲ့အချိန်မှာ ကနီမြို့ပေါ်ကနေလည်း လက်နက်ကြီးနဲ့ပစ်ကူပေးတယ်ခွေးတွေဘက်က။ အလယ်ကျွန်းရွာကနေလည်းလက်နက်ကြီးပစ်ကူပေးလို့ ကျွန်တော်တို့ နောက်ဆုတ်ခဲ့ရတယ်ဗျ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရပါဘူး” လို့ KLG တပ်မဟာက တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအခြေအနေကို ပြောပါတယ်။
တိုက်ပွဲကြာချိန် တစ်နာရီအတွင်း တိုက်မိုင်းနှစ်လုံး၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီကနေ့တိုက်ပွဲနေရာဟာ ကနီမြို့အထွက်နဲ့ အလယ်ကျွန်းရွာကြားဖြစ်တာကြောင့် အန္တရာယ်များပြီး နှစ်ဖက်ညှပ်တိုက်ခိုက်ခံရနိုင်လို့ အခြားအဖွဲ့တွေမခေါ်ဘဲ KLG PDF တစ်ဖွဲ့တည်းသွားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကလည်း ကျောက်လုံးကြီး PDF အဖွဲ့အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီရဲ့ ထောက်ပို့သင်္ဘောတစ်စီးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဆန်ဆီဆားအပြင် ဒီဇယ်ဆီပေပါ သုံးထောင်ကျော်လည်း သိမ်းယူနိုင်ခဲ့ပါတယ်။
Photo-KLGတပ်မဟာ
#Dailynews

