ဗန်းမောက် – ၂၀၂၅ စက်တင်ဘာ ၁၇ (မော်ကွန်း)
ဒီရက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမောက်မြို့နဲ့ အနီးတစ်ဝိုက်မှာ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ပြတ်တောက်နေကာ မြို့တွင်းမှာ ဒေသခံ ထောင်ချီပိတ်မိနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီအမျိုးသားများကာကွယ်ရေးတပ် (SNA) တပ်တွေ ပူးတွဲထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့နှစ်ရက်က တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်နေတာပါ။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်း တော်လှန်ရေးတပ်တွေကလည်း လမ်းတွေပိတ်ထားသလို၊ အင်တာနက်လိုင်းတွေကိုလည်း ပိတ်ပင်ထားပြီး အာဏာသိမ်းစစ်တပ်ကလည်း မြို့အဝင်အထွက်တွေကို ပိတ်ထားပါတယ်။
ဒီနေ့ထိ ဗန်းမောက်မြို့အဝင်လမ်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီတပ်တွေရဲ့ ကာကင်းစခန်းတချို့ကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။
လက်ရှိမှာ မြို့တွင်းရောက်ရှိနေတဲ့ မိသားစုဝင်တွေကို ဆက်သွယ်လို့မရဖြစ်နေပြီး မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေကိုလည်း မသိရှိရသေးတာကြောင့် ဒေသခံတချို့ဟာ ကျန်ရစ်နေတဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
“အဓိကတော့ အဲဒီမြို့ပြင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာရင် တားဆီးဖို့နဲ့ မြေပြင်တိုက်ပွဲသတင်းတွေ စိမ့်မထွက်အောင်ပေါ့။ အဓိကတော့ PDF နယ်မြေတွေအကုန်လုံး အင်တာနက်လိုင်းတွေ ပိတ်ထားတာပေါ့၊ ကြားတာတော့ ပြေးနေရတဲ့သူတွေရှိတယ်။ ပိတ်မိနေတဲ့သူတွေလည်းရှိတယ်” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံအရေအတွက် ၅,၀၀၀ ကျော်ခန့်ရှိနိုင်တယ်လို့လည်း ဒေသခံတချို့က ခန့်မှန်းထားပါတယ်။
“အဓိကတော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ရွာတွေအကုန် ပိတ်ထားတာပါ။ မြို့တွင်းမှာတော့ လူဦးရေ ငါးထောင်ကျော်လောက်ရှိမယ်ထင်တယ်” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး ဗန်းမောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဗန်းမောက်မြို့နယ်အတွင်း တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အင်တာနက်တွေကို အကန့်အသတ်မရှိ လုံခြုံရေးအရ ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်တွေ စိုးမိုးလာပြီးနောက် အာဏာသိမ်းစစ်တပ်က ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့ ဒီဒေသမှာ စီးပွားရေးအရ ဝိုင်ဖိုင်၊ အင်တာနက်ဆိုင်တွေ ဖွင့်လှစ်ထားတာတွေကို အဓိကထားပိတ်ပင်လိုက်တာပါ။
ဒါအပြင် ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့ အဓိကကားလမ်းဖြစ်တဲ့ အင်းတော်-ဗန်းမောက်ကားလမ်းအပါအဝင် တခြားလမ်းပိုင်းတွေအားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ ဝင်ပေါက်လမ်းကြောင်းတစ်ခုပေါ်မှာရှိတဲ့ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ တော်လှန်ရေးတပ်တွေက မြို့သိမ်းနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းက မံလူကျေးရွာအုပ်စုအတွင်း ကျေးရွာတချို့ မီးလောင်ပျက်စီးနေတဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
တော်လှန်ရေးတပ်တွေဟာ ဗန်းမောက်နဲ့ ဆက်သွယ်ထားတဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က အင်းတော်မြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး၊ ဖောင်းပြင်၊ ရွှေပြည်အေးမြို့တွေကိုလည်း ထိန်းချုပ်ထားပါတယ်။
ပုံစာ – ရှမ်းနီဒေသတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ- ဟုမ္မလင်း PDF

