ကနီ – ၂၀၂၂ မတ် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ည ၁၀ : ၀၀ နာရီခန့်က ကနီမြို့နယ် ချောင်းမအရှေ့ရွာနဲ့ အနောက်ရွာကို အင်အား ၇ဝ ကျော်နဲ့ ဝင်ရောက်ပြီးမီးရှို့ဖျက်ဆီးခဲ့တာပါ။
အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ချောင်းမအရှေ့ရွာက လူနေအိမ် လေးလုံး ၊ နွားတဲကြီး သုံးတဲ ၊ ချောင်းမ အနောက်ရွာက လူနေအိမ် ၁၃ လုံး ၊ နွားတဲကြီး ခြောက်တဲ ၊ မီးဖိုချောင် ကိုးလုံး ၊ထွန်စက်သုံးစီး ၊ ဆီစက် သုံးလုံး ၊ခိုင်းနွား နှစ်ကောင်နဲ့ အိမ်တွေက အသုံးအဆောင်ပစ္စည်း အများအပြားပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။
ရာသီပေါ်သီးနှံတွေဖြစ်တဲ့ ဇီးသီး ၊ မြေပဲ ၊ နှမ်း ၊ပြောင်း ၊ ပဲတွေနဲ့ သိုလှောင်ထားတဲ့ နွားစာတွေလည်း မီးလောင်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ချောင်းမအနောက်ရွာမှာရှိတဲ့ ချောင်းမရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
ဒေသခံပြည်သူ ၈၀ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကာ ကျပ်သိန်းပေါင်း ထောင်ချီ နစ်နာ ဆုံးရှုံးခဲ့ရပြီး အကူအညီများ များစွာ လိုအပ်နေကြောင်း ဒေသခံများက ပြောပါတယ်။
ဒီနေ့နံနက် ၈း၃၀ မှာတော့ အာဏာသိမ်းစစ်တပ်ဟာ ကနီမြို့နယ် လယ်ရှည်ရွာ ၊ ချင်းတောင်ရွာတို့ကို ဖြတ်ကာ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ အနီးကို ရွေ့လျားသွားကြောင်း သိရပါတယ်။
ပုံစာ – မီးလောင်ပျက်စီးသွားသော ချောင်းမအရှေ့ရွာနဲ့အနောက်ရွာမြင်ကွင်းများ
ဓာတ်ပုံ-ဒေသခံ
#Dailynews

